(ဌ)-ဝမ်ပုံတံတားဖြတ်သန်းခနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၂) ရက်မြောက်နေ့ (၅-၁၀-၂၀၁၁)

တာချီလိတ်မြို့မှာ တာချီလိတ် မြို့ကနေ မိုင်းဘုန်းခကျေးရွာအုပ်စုထိ  ၂၂ မိုင်ရှိတဲ့လမ်းပေါ်မှာ ဝမ်ပုံလမ်းတံတား ဖြတ်သန်းခ ဆိုပြီးတော့ ဝါးတားဂိတ်တစ်ခုရှိပါတယ်။ ၎င်းဂိတ်ဖြတ်သန်းခအခွန်ငွေ ပေးဆောင်ရခြင်းမှာ ဆိုင်ကယ် တစ်စီးလျှင် အသွားအပြန်ထိုင်းဘတ်ငွေ ၄၀ ဘတ်၊ မြန်မာငွေအားဖြင့် ကျပ် ၁၂၀၀၊ ကားသေး တစ်စီးလျှင် အသွားအပြန်ထိုင်းဘတ်ငွေ ၁၀၀၊ မြန်မာငွေအားဖြင့် ကျပ် ၃၀၀၀ ကျသင့်တာကို တွေ့ရှိရပါတယ်။ ဒီလိုကောက်ခံခြင်းဟာ ပြည်သူများက ဒီ ၂၂ မိုင်ရှည်လျားတဲ့လမ်းပေါ်မှာ ၂ မိုင် ကျော်ကျော်လေးပဲ ခင်းထားပြီးတော့ အခွန်များကိုအဆမတန်ကောက်ခံတာ ၁၀ နှစ်ကျော်ပြီဖြစ်တဲ့ အတွက် ပြည်သူများအတွက် နစ်နာမှုရှိတာကို တွေ့ရှိရပါတယ်။ ၂၇-၉-၂၀၁၁ ခုနှစ် အစည်းအဝေး ၂၆ ရက်မြောက်နေ့မှာ နောင်ချိုမဲဆန္ဒနယ်ကိုယ်စားလှယ်တော်ကြီး ဦးကျော်မြင့်ရဲ့မေးခွန်းကို ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးရဲ့ဖြေကြားချက်ထဲမှာ လမ်းဖောက်လုပ်ခြင်းက BOT နည်းအရ မိုင် ၄၀ ခန့်မှ အခွန် ကောက်ခံခြင်းကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုက ခွင့်ပြုမှာဖြစ်တယ်လို့ ဖြေကြားထားတာ လည်း‌တွေ့ရှိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ၁၀-၈-၂၀၁၁ ခုနှစ် ကျွန်တော်သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးဌာနထံ တင်ပြခဲ့သော်လည်း သက်ဆိုင်ရာက ဒီဂိတ်ဟာစာရင်းထဲမှာ မပါရှိဘူးလို့ ပြန်လည် ပြောကြားခဲ့ ပါတယ်။ ဒီလိုစာရင်းထဲမှာမပါရှိဘူးဆိုတာက နိုင်ငံတော်ဘဏ္ဍာငွေအတွက်    ၁၀ နှစ်ကျော်တိုင်တိုင် နစ်နာဆုံးရှုံးခဲ့ရတယ်လို့ပဲ ကျွန်တော်ယူဆပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်းက ဒေသခံပြည်သူများက မိမိတို့ရဲ့အထွေထွေအလုပ်ကိစ္စနဲ့ ပတ်သက် ပြီးတော့ ၎င်းဂိတ်ကို နေ့စဉ်ဖြတ်သန်းသွားလာနေရပြီး ပေးဆောင်ရသော ဂိတ်ဖြတ်သန်းခသည် မတန်တဆများပြားနေသဖြင့် ဒေသခံပြည်သူများအတွက် နစ်နာမှုများရှိနေသည်ကို တွေ့ရှိရပါ သည်။ သို့ဖြစ်ပါ၍ ဤကိစ္စနဲ့ပတ်သက်၍ မည်သို့သောအစီအစဉ်များဖြင့် ပြုလုပ်ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး
အဖြေ

လမ်းရဲ့ရာဇဝင်ကိုပြန်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင်တော့ သူကခုနက လေယာဉ်ကွင်းကနေပြီးတော့ ဒီဘက်ဝမ်ပုံရွာဘက်ကိုဆက်သွယ်တဲ့ Link လမ်းသဘောမျိုးဖြစ်နေပါတယ်။ အဲတော့ ဟောင်လိတ် ကျေးရွာနဲ့ ဝေလေလံကျေးရွာကြားမှာရှိတဲ့ ဒီတံတားအပါအဝင် အရှည်မိုင် ၂ မိုင် ၅ ဖာလုံ ရှိတဲ့ ကတ္တရာလမ်းနဲ့ဆက်ထားတဲ့ လမ်းပဲဖြစ်ပါတယ်။ အဲဒီတော့ ဒီလမ်းရဲ့ရာဇဝင်ကို ပြန်ကြည့်လိုက်တဲ့ အခါမှာတော့ ၁၉၉၈ ခုနှစ်လောက်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီကနေ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဓနလင်းကုမ္ပဏီနဲ့ B.O.T စနစ်နဲ့နှစ် ၂၀ လုပ်ငန်း လုပ်ကိုင်ခွင့်ကို စာချုပ်ချုပ်ပြီးဆောင်ရွက်ခဲ့တဲ့လမ်းဖြစ်ပါတယ်။ သူကတော့ ဒီပင်မလမ်းနဲ့ဆက်စပ် တာမဟုတ်ဘဲနဲ့ စက်မှုဇုန်နဲ့ ဝမ်ပုံရွာကို သီးခြားဆက်တဲ့ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး အထူးလမ်း ဖြစ်တယ်ဆိုတာတွေ့ရှိရတာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ ၁၉၉၉ ခုနှစ်ကနေပြီးတော့            ၁-၃-၂၀၁၉ ခုနှစ်အထိ ဘယ်လိုနှုန်းထားတွေနဲ့ကောက်မယ်ဆိုတဲ့ဟာကို ဒီခရီးသွားပြည်သူတွေနဲ့ နှစ်ဦးနှစ်ဖက်လက်ခံနိုင်တဲ့ နှုန်းထားတွေနဲ့ညှိနှိုင်းပြီးတော့ ကောက်ခံထားရှိဖို့ဆိုပြီးတော့ ဖော်ပြထား တာတွေ့ရှိရပါတယ်။ အဲဒီနှုန်းထားများအရတော့ ဆိုင်ကယ်ဆိုလို့ရှိရင် ထိုင်းဘတ်ငွေ ၂၀၊ မြန်မာငွေ ၂၀၀ကျပ်၊ ကားဆိုလို့ရှိရင် ထိုင်းဘတ်ငွေ ၅၀၊ မြန်မာငွေ ၅၀၀ကျပ်၊ ထော်လာဂျီကုန်မပါရင် ထိုင်းဘတ်ငွေ ၃၀၊ မြန်မာငွေ ၃၀၀ကျပ်၊ နောက် ထော်လာဂျီမှာကုန်ပါရင်ထိုင်းဘတ်ငွေ ၅၀၊ မြန်မာငွေ ၅၀၀ကျပ်၊ ကုန်တင်ကား ကုန်မပါရင် ထိုင်းဘတ်ငွေ ၅၀၊ မြန်မာငွေ ၅၀၀ကျပ်၊ နောက် ကုန်တင်ကား ကုန်ပါရင် ထိုင်းဘတ်ငွေ ၁၀၀၊ မြန်မာငွေဆိုရင် ၁၀၀၀ ကျပ် ဆိုပြီးတော့ သတ်မှတ်ထားတာ ဖြစ်ပါ တယ်။ ဒီလို ကောက်ခံတဲ့အခါမှာလည်း နှစ်ဦးနှစ်ဖက်လက်ခံနိုင်တဲ့ နှုန်းထား ဖြစ်၊ မဖြစ်ဆိုပြီးတော့ စမ်းသပ်ကာလ ၃ လလောက်ကောက်ခံပြီးတဲ့ အခါကျမှ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းမရှိတဲ့ အတွက် ဒီဈေးနှုန်းတွေကို လက်ခံဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျွန်တော်တို့ စုံစမ်းတွေ့ရှိရပါတယ်။ သို့သော် နောက်ပိုင်းမှာ ဒီထိုင်းဘတ်ငွေရဲ့ တန်ဖိုးတွေ ပြောင်းလဲလာမှုကြောင့် ဒီလမ်းသုံးဖြတ်ခ ကျသင့်ငွေကိုလည်း မူလနှုန်းထားထက်ကျော် လွန်ပြီးတော့ ကောက်ခံနေတယ်ဆိုတာလည်း ကျွန်တော်တို့ တွေ့ရှိရတာဖြစ်ပါတယ်။ အဲဒီတော့ အခုပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တင်ပြတဲ့ ဒီလမ်းဟာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ လုပ်ပိုင်ခွင့် အာဏာအတွင်း သက်ရောက်တဲ့လမ်း ဖြစ်ပါတယ်။ မူလသဘောတူညီချက်မှာ ပါဝင်တဲ့နှုန်းထားတွေအတိုင်း ကောက်ခံခြင်းမပြုတော့ဘဲနဲ့ ပြင်ဆင် ကောက်ခံထားတယ် ဆိုတာလည်း တွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့တော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ဒီလုပ်ငန်းရှင်များအကြား ခရီးသွားလုပ်သားပြည်သူတွေကြားမှာ နှစ်ဦး နှစ်ဖက် လက်ခံနိုင်တဲ့ နှုန်းထားဖြင့် သတ်မှတ်နိုင်ရေးအတွက် ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ဖြေကြားပါသည်။