ဒေသတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ လမ်းပန်းဆက်သွယ်ရေးအပေါ်မှာ များစွာ တည်မီလျက်ရှိပါတယ်။ မိုင်းရှူးမြို့မှ မိုင်းနောင်မြို့သို့ အဓိကဆက်သွယ်ထားသောလမ်းနဲ့ တံတားများမကောင်းမွန်ခြင်းကြောင့်၊ဆိုးကျိုးများကြောင့် ဒေသခံလုပ်သားပြည်သူများမှာ ယနေ့ထိတိုင် ခံစားနေကြရပါတယ်။ ယနေ့ထိ ဒေသလမ်းများမှာ ကျောက်ကြမ်းလမ်းအဆင့်လောက်သာရှိပြီး မိုင်းရှူးမြို့ အထွက် ၄ မိုင်အကွာရှိ နန့်ပန်ချောင်းဘေလီတံတားအမျိုးအစား၊ နမ့်ကတ်တံတားသည်လည်း ကုန်တင်ကားများဖြတ်သန်းသွားလာနိုင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် သွင်းကုန်နဲ့ပို့ကုန်များကိုကားငယ်များ၊ ထော်လာဂျီများဖြင့် အဆင့်ဆင့်ကဲ့ယူသယ်ယူပို့ဆောင်နေရပါသဖြင့် မလိုလားအပ်သောဝန်ဆောင်ခ များကြောင့် ပြည်သူလူထုများမှ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေကြရပါတယ်။ သို့ဖြစ်ပါသဖြင့် မိုင်းရှူးမှ မိုင်းနောင်သို့ဆက်သွယ်ထားသော အရှည်၃၇ မိုင်ရှိကားလမ်းမကြီးအား အဆင့်မြှင့် ပြုပြင်ရန်နှင့် ကုန်တင်ကားများဖြတ်သန်းသွားလာနိုင်သော နမ့်ကတ်တံတားကို အသစ်ပြန်လည် တည်ဆောက်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းပါသည်။
မိုင်းရှူး-မိုင်းနောင်လမ်းဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချား-မိုင်းနောင်- မိုင်းရှူး-မိုင်းကောင်လမ်းပေါ်မှာရှိတဲ့ မိုင်းနောင်မြို့နယ်ခွဲ ၄၅ မိုင် ၄ ဖာလုံကနေပြီး မိုင်းရှူးမြို့နယ် မိုင်အမှတ် ၈၃ အထိ ဆက်သွယ်ထားသော ၃၇ မိုင် ၄ ဖာလုံရှည်လျားတဲ့ လမ်းပိုင်း ဖြစ်ပါတယ်။ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်ခွဲအင်ဂျင်နီယာ အဖွဲ့ကနေပြီးတော့ မိုင်တိုင် ၄၅ မိုင် ၄ ဖာလုံ၊ မိုင်းနောင်မြို့မှ ၆၆ မိုင်အထိ ၂၀မိုင် ၄ ဖာလုံကို ဆောင်ရွက်လျက် ရှိပါတယ်။ မိုင်းရှူးမြို့နယ်အင်ဂျင်နီယာအဖွဲ့ကတော့ ၆၆ မိုင်မှနေပြီး ၈၃ မိုင် မိုင်းရှူးမြို့အထိ ၁၇ မိုင်ကို တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ ၃၁-၅-၂၀၁၁ နေ့အထိ လမ်းအခြေအနေတင်ပြရရင် မိုင်းနောင်မြို့နယ်ခွဲအပိုင်းမှာ ကတ္တရာလမ်းက ၃ မိုင်နဲ့ ၂ ဖာလုံ၊ ကျောက်လမ်းက ၁၆ မိုင်နဲ့ ၄ ဖာလုံ၊ အမာခံလမ်း ၆ ဖာလုံ၊ စုစုပေါင်း ၂၀ မိုင်နဲ့ ၄ ဖာလုံရှိပါတယ်။ မိုင်းရှူးမြို့နယ်အပိုင်းမှာ ကတ္တရာလမ်းက ၃ မိုင် ၂ ဖာလုံ၊ အမာခံလမ်း ၁၃ မိုင်နဲ့ ၆ ဖာလုံ၊ စုစုပေါင်း ၁၇ မိုင်ရှိပါတယ်။ ဒါကြောင့်မို့လို့၎င်း ၃၇ မိုင် ၄ ဖာလုံအပိုင်းကိုကြည့်ရင် ကတ္တရာလမ်းဟာ ၆ မိုင် ၄ ဖာလုံနဲ့ ကျောက်လမ်းက ၁၆ မိုင်နဲ့ ၄ ဖာလုံ အမာခံလမ်းက ၁၄ မိုင်နဲ့ ၄ ဖာလုံရှိတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ခွဲဝေရရှိတဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေနဲ့ အောက်ပါလုပ်ငန်းတွေကို ဆောင်ရွက်လျက် ရှိပါတယ်။ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းက ၃၇ မိုင်နဲ့ ၄ ဖာလုံ၊ ပျက်စီးနေသောလမ်းအပိုင်းများအား ကျောက်ဖြုန်းများဖြင့်ဖာထေးခြင်းက ၁၇ မိုင်နဲ့ ၆ ဖာလုံ၊ ကတ္တရာလမ်းမျက်နှာပြင် အနိမ့်အမြင့်ညှိခြင်းနဲ့ ရေပိတ်လွှာလောင်းခြင်းက ၁ မိုင်၊ ကတ္တရာလမ်း ပေါက်များဖာထေးခြင်းနဲ့ ရေပိတ်လွှာလောင်းခြင်းက ၃ မိုင်နဲ့ ၂ ဖာလုံ၊ သစ်သားတံတားများ၏ ယက်မများ၊ ကြမ်းခင်းများ၊ ဘီးလမ်းများ၊ ဘီးလမ်းလက်ရမ်းများအသစ်လဲခြင်းတို့က ၁၂ စင်း တို့လုပ် လျက်ရှိပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း မိုင်းနောင်-မိုင်းရှူးကားလမ်း မိုင်တိုင် ၇၈မိုင် ၆ ဖာလုံမှာရှိတဲ့ တံတားအမှတ် ၂/၇၉ နမ့်ပန်ချောင်းရှိ နမ့်ကတ် တံတားဘေလီတံတားဟာ ၂၅၀ ပေအရှည်ရှိပါတယ်။ ခန်းဖွင့်အကျယ်ကတော့ အရှည်ပေ ၅၀ ပေ ရှိပြီး နှစ်လွှာတစ်ထပ်ဘေလီဖြစ်ပြီးတော့ အရှည် ၁၆၀ ပေရှိပါတယ်။ နောက်နှစ်လွှာ နှစ်ထပ်ဘေလီ အရှည်ဟာ ၄၀ ပေနဲ့ ကျွန်တော်တို့ ဘေလီတင်ထားတာ ဖြစ်ပါတယ်။ ရေလယ်တိုင်ကတော့ အုတ်ရိုး စီတိုင်များဖြင့်တည်ဆောက်ထားတာဖြစ်ပါတယ်။ နမ့်ပန်ချောင်း နမ့်ကတ်တံတားဟာ နှစ်ကာလ ကြာမြင့်သောလမ်းဖြစ်ပါတယ်။ ဘေလီသံပေါင်များဟာ ကြံ့ခိုင်မှုအားနည်းလာပြီဖြစ်တဲ့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနကနေပြီးတော့တံတားအသစ်အဆင့်မြှင့်တင်ဆောက်လုပ်ရန် ၂၄-၁-၂၀၁၁ ရက်နေ့မှာကျင်းပပြုလုပ်တဲ့အစိုးရအဖွဲ့ ၂/၂၀၁၁ အစည်းအဝေးကိုတင်ပြတဲ့အခါမှာခွင့်ပြုမိန့်ရရှိခဲ့ပြီး ဖြစ်ပါတယ်။ အဲဒါကြောင့် နမ့်ပန်ချောင်းနမ့်ကတ် ဘေလီတံတားအား တံတားအသစ်အဆင့်မြှင့် တည်ဆောက်ရန်အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးရန်ပုံငွေမှာ တင်ပြဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မိုင်းရှူး-မိုင်းနောင်ကားလမ်းပေါ်ရှိလမ်းများ၊ တံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ရရှိလာမယ့် ငွေလုံး ငွေရင်းနဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေတို့အပေါ်မူတည်ပြီးတော့ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
