မော်လမြိုင်-ရေး ကားလမ်းမကြီးသည် ပြည်ထောင်စု လမ်းမကြီးဖြစ်ပါတယ်ရှင်။ ဒီလမ်းမကြီးသည် မွန်ပြည်နယ်ကနေ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အထိဆက်သွယ်ထားသော လမ်းမကြီးဖြစ်ပါတယ်ရှင်။ ယင်းလမ်းမကြီးသည် မော်လမြိုင်မြို့ကနေ သံဖြူဇရပ်မြို့အထိ အဆင်ပြေချောမွေ့စွာသွားလာနိုင်သော်လည်း သံဖြူဇရပ်မြို့ မှစ၍ ရေးမြို့နယ်အထိကို ကောင်းမွန်စွာမသွားလာနိုင်တော့ပါ။ ယင်းလမ်းမကြီးသည် လုံးဝပြုပြင်မှု မရှိဘဲ အစဉ်အဆက်မပြတ်အသုံးပြုနေသဖြင့် ချိုင့်ခွက်အဖြစ်ကနေချောက်အဖြစ်သို့ ရောက်ရှိသွားခဲ့ ပါတယ်ရှင်။ ဒီလမ်းမကြီးသည် ရဟန်းရှင်လူများ၊ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ တောင်သူလယ်သမားများ၊ တောင်ယာစိုက်ပျိုးသူများ၊ အလုပ်သမားများ၊ ကုန်သည်များစသဖြင့် ပြည်သူတစ်ရပ်လုံးအသုံးပြုနေရသော လမ်းမကြီးတစ်စင်းဖြစ်ပါတယ်ရှင်။ ဥက္ကဋ္ဌကြီးရှင်။ ဒီလမ်းကလွဲရင်လည်း တခြားကားလမ်းအနေဖြင့် အသုံးပြုဖို့လမ်းမရှိတော့ပါဘူး။ ဒီပျက်စီးယိုယွင်းနေသောလမ်းကိုပဲ အန္တရာယ်ပေါင်းမြောက်မြားစွာကြားမှာ ဆက်လက်အသုံးပြုနေရ ပါတယ်ရှင်။ ဥပမာတစ်ခုပြရရင် ကျွန်မတို့မြို့နယ်အတွင်းမှာနေထိုင်သော ပြည်သူတစ်ဦးဦးအရေး ပေါ်လူနာအဖြစ် မော်လမြိုင်ဆေးရုံကြီးသို့ ချက်ချင်းတင်ပို့ရန်လိုအပ်လာရင်လည်း ဒီလမ်းမကြီးကိုပဲ အားကိုးနေရပါတယ်ရှင်။ ယင်းလမ်းမကြီးသည် ကျဉ်းမြောင်း၍ ကားနှစ်စီးရှောင်ရှားရင်း မကြာခဏ တိမ်းမှောက်မှုများ ဖြစ်ပွားလျက်ရှိတာကိုတွေ့ရှိရပါတယ်ရှင်။
ဥက္ကဋ္ဌကြီးရှင်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ကုန်ပစ္စည်းတွေလည်း အဆ မတန်ဈေးတက်၍ ကုန်ဈေးနှုန်းလည်းကြီးမြင့်လာခဲ့ရပါတယ်ရှင်။ အထူးသဖြင့် မှန်လုံကားနဲ့ ကုန်တင် ကားကြီးများ မကြာခဏတိမ်းမှောက်မှုများဖြစ်ပွားလျက်ရှိနေပါတယ်။ ယင်းကားလမ်းသည် ပြုပြင်မှု မရှိသော်လည်း ဂိတ်ကြေးများကိုတော့ တစ်ရက်မှရပ်နားခြင်းမရှိဘဲ ပုံမှန်ကောက်ခံလျက်ရှိသည်ကို လည်း လေ့လာသိရှိရပါတယ်ရှင်။ ကျွန်မတို့လမိုင်းမြို့နယ်ခွဲမှရေးမြို့နယ်အထိ မိုင် ၂၀ ကျော် အတွင်း မှာ ငါးဂိတ်ခန့် ကောက်ခံလျက်ရှိတာကိုတွေ့ရှိရပါတယ်။ ရေးမြို့အဝင် ဂိတ်ကြေးကောက်ခံရာတွင် ဆိုင်းဘုတ်ထောင်၍ သတ်မှတ်ထားသောဂိတ်ကြေးထက် နှစ်ဆခန့်တိုးမြှင့်ကောက်ခံလျက်ရှိနေသည် ကိုလည်းလေ့လာတွေ့မြင်နေရပါတယ်ရှင်။ ဒါကြောင့် ပြည်သူများရဲ့နေ့စဉ်ခံစားနေရသော ဒုက္ခ အပေါင်းကို နိုင်ငံတော်အနေနဲ့ မေတ္တာစေတနာထားပြီး ပြုပြင်ပြင်ဆင်ဖို့ အစီအစဉ်များရှိပါသလား ဆိုတာကို မေးခွန်းများမေးချင်ပါတယ်ရှင်။ ဒီမေးခွန်းများကိုလည်း ပြည်သူတွေရဲ့ကိုယ်စား ကျွန်မက မေးခွန်းတင်ပြတာဖြစ်ပါတယ်ရှင်။ နံပါတ် (၁) မေးခွန်းက သံဖြူဇရပ်မြို့မှ ရေးမြို့အထိ အသုံးပြု နေရသော မော်တော်ကားလမ်းမကြီးသည် ချိုင့်မဟုတ်တော့ဘဲ ချောက်အဖြစ်သို့ရောက်ရှိနေသည်ကို သိရှိပါသလား။ နံပါတ် (၂) ယင်းကားလမ်းကို ပြုပြင်ဖို့အစီအစဉ်ရှိပါသလား။ နံပါတ် (၃) မေးခွန်းက ယင်း မြို့နယ်အတွင်းမှာပင် ဂိတ်ကြေးငါးဂိတ်ခန့် အစဉ်အဆက်မပြတ်ကောက်ခံလျက်ရှိနေသည်ကို သိရှိပါသလား။ နံပါတ် (၄) ၎င်းကောက်ခံရရှိသော ဂိတ်ကြေးများကို လမ်းပြုပြင်ခြင်းမရှိဘဲ မည့်သည့် နေရာတွင်အသုံးပြုနေသည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
