ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးဟာ ယခင်က ကတ္တရာလမ်းမကြီးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်းပဲ မန္တလေးမြို့နှင့် မြစ်ကြီးနားမြို့များအထိ ဘတ်(စ်)ကားများပင်ပြေးဆွဲနိုင်ခဲ့ပါတယ်။ ယနေ့အခါမှာတော့ လမ်းပိုင်းအချို့နေရာများမှာ အမာခံ ကျောက်သားအဆင့်သို့ လျှော့ကျလျက်ရှိနေပါတယ်။ သို့သော်လည်းပဲ ကူးသန်းသွားလာမှုကတော့ဖြင့် များပြားသထက် များပြားလာနေဆဲပဲ ဖြစ်ပါတယ်။ ဒီလမ်းမကြီးပေါ်မှာ တံတားမတည်ဆောက်ရသေး တဲ့ချောင်းတွေရှိနေပါသေးတယ်။ ကျွန်တော်တို့ အင်းတော်မြို့နယ် တစ်မြို့နယ်တည်းမှာပင်လျှင် ဆော်မှော်ချောင်း၊ နားရခေါင်ချောင်း၊ နမ့်မွမ်းချောင်း၊ ခွန်နန်းချောင်း၊ နမ့်တဲချောင်း အစရှိတဲ့ချောင်း တွေကို မော်တော်ကားများဟာ ချောင်းထဲကိုဆင်းပြီး ဖြတ်သန်းမောင်းနှင်ကြပါတယ်။ ဒါကြောင့် ပွင့်လင်းရာသီမှာပင်လျှင် အခက်အခဲများတွေ့ကြရပြီး အချို့အခါများမှာ မော်တော်ကားများ ချောင်း အတွင်း သဲကျွံ၊ သဲနစ်ခြင်းတွေဖြစ်ကြရပါတယ်။ ယခုကဲ့သို့ မိုးရာသီကာလများမှာတော့ နေ့စဉ်နီးပါး ချောင်းတွေမှာ ရေတွေပြည့်လျှံနေတဲ့အတွက် ချောင်းရေကျအောင် အချိန်သုံးနာရီ၊ လေးနာရီခန့် ပေးပြီးတော့ စောင့်ဆိုင်းကြရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ဒီချောင်းတွေမှာ တံတား တည်ဆောက်ဖို့ရာ အခက်အခဲများရှိကောင်းရှိနိုင်ပါတယ်။ သို့ပါသော်လည်းပဲ ဒီပြည်ထောင်စု လမ်းမကြီးဟာ မြန်မာပြည်မြောက်ဖျားဒေသနဲ့ဆက်သွယ်တဲ့ အဓိကလမ်းမကြီးတစ်ခုဖြစ်တဲ့အတွက် အဆင့်မြှင့်တင်တံတားများ တည်ဆောက်လိုက်မယ်ဆိုရင်တော့ဖြင့် ကူးလူးဆက်ဆံမှုများကောင်းမွန်၊ ပြည်ထောင်စုဖွားအချင်းချင်းပိုမိုထိတွေ့၊ အပြန်အလှန်နားလည်မှုများ တိုးတက်ချစ်ကြည်ရင်းနှီး သထက်ရင်းနှီးလာကြမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလမ်းမကြီးအဆင့်မြင့်ဖို့ကိစ္စဟာ အထူးဦးစားပေး စဉ်းစား ဆောင်ရွက်သင့်တဲ့အတွက် ကျွန်တော့်အနေနဲ့ ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိတဲ့ တံတားမတည်ဆောက်ရသေးသော ချောင်းများပေါ်တွင် တံတားများတည်ဆောက်ရန် အစီအစဉ် ရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းပါသည်။
ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘိုမြို့မှ ကချင်ပြည်နယ်၊ နယ်စပ်နမ့်စီအောင်အထိ ၁၆၈ မိုင် ရှိပါတယ်။ အဆိုပါ လမ်းမိုင် ၁၆၈ မိုင်အတွင်းမှာ ရေပြွန်နဲ့တံတား စုစုပေါင်းဟာ ၈၅၁ စင်းရှိပါတယ်။ တံတားအရေအတွက် များပြားခြင်းကြောင့် သံကူကွန်ကရစ်တံတားများ၊ ဘေလီတံတားများ၊ သစ်သား တံတားများ၊ ရေပြွန်တံတားများဆိုပြီး ခွဲခြားပြီး ဆောက်လုပ်ပေးလျက်ရှိပါတယ်။ အချို့သော ချောင်းများကိုလည်း ရေကျော်များအဖြစ် ဆောက်လုပ်ပေးခဲ့ပါတယ်။ ရွှေဘို-မြစ်ကြီးနားလမ်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ တံတားမဆောက်ရသေးသောချောင်း ရှစ်ချောင်းကျန်ပါတယ်။ ၎င်းချောင်းများအနက် သုံးချောင်းကိုတော့ တံတားတည်ဆောက်ရန်ဖြစ်ပြီး ကျန်ငါးချောင်းကိုတော့ ရေကျော်များ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ တံတားဆောက်လုပ်ရမည့် ချောင်းတွေကတော့ အရှည်ပေ ၁၂၀ ရှိတဲ့ လွှဲဆိပ်ချောင်း၊ အရှည်ပေ ၂၀၀ ရှိတဲ့ ခွန်တန်းချောင်း၊ အရှည်ပေ ၅၀၀ ရှိတဲ့ နတ်မဟုတ် ကြီးချောင်းတို့ ဖြစ်ပါတယ်။ ယခင်ဆောက်လုပ်ပြီးသော တံတားနဲ့ရေပြွန်စုစုပေါင်း ၈၅၁ စင်း အနက် ဘေလီနဲ့သစ်သားတံတားများလည်း တည်ဆောက်တာ ၁၅ နှစ်ကျော်ကြာပြီ ဖြစ်ပါတယ်။ ဒီ ၁၅ နှစ် ကျော်ကြာတဲ့ အတွက်ပျက်စီးမှုများတဲ့အတွက် ပြင်ဆင်ရန်အတွက် တံတား ၆၅ စင်းကို အဆင်မြှင့်တင် ရန်၊ ဆောက်လုပ်ရန်ရှိပါတယ်။ ၎င်းအပြင်တံတား ၁၂ စင်းကိုလည်း အဆင့်မြှင့်တင်ပေးဖို့ရှိပါသေး တယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရွှေဘို-မြစ်ကြီးနားလမ်း စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်းတံတားမဆောက်ရသေးသော ချောင်းမကြီးရှစ်ချောင်းအနက်မှ အရှည်ပေ ၂၀၀ ရှိတဲ့ ခွန်တန်းချောင်း၊ အရှည်ပေ ၅၀၀ ရှိတဲ့ နတ်မဟုတ်ကြီးချောင်းတို့ဖြစ်ပါတယ်။ အရှည်ပေ ၁၂၀ ရှိတဲ့ လွှဲဆိပ်ချောင်းတို့ကို တံတားအဖြစ်တည်ဆောက်ပြီးတော့ကျန်ငါးချောင်းဖြစ်တဲ့ အရှည်ပေ ၁၅၀ ရှိတဲ့ အိုက်မချောင်း၊ အရှည်ပေ ၃၀၀ ရှိတဲ့ ကွင်းချောင်း၊ အရှည်ပေ ၂၀၀ ရှိတဲ့ နမ့်သဲချောင်း၊ အရှည်ပေ ၃၅၀ ရှိတဲ့နားရခေါင်ချောင်းနှင့်အရှည်ပေ ၃၀၀ ရှိတဲ့စော်မော်ချောင်းတို့အား ရေကျော်အဖြစ် ဆောက်လုပ်ပေးရန် ရန်ပုံငွေရရှိမှုအပါ်မူတည်ပြီးတော့ ဦးစားပေးအစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
