(ဈ)-ဘဏ်အတိုးနှုန်းများ ပြင်ဆင်ပြောင်းလဲသတ်မှတ်ပေးနိုင်မည့်အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဌမနေ့ (၂၉-၈-၂၀၁၁)

လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့ဘဏ်အားလုံးရဲ့ ဘဏ်တိုးအပ်ငွေအပေါ် အတိုးနှုန်းကတော့ ၁၂ ရာခိုင်နှုန်းဖြစ်ပြီးတော့ ဘဏ်ကနေပြီးတော့ ပြန်ချေးတဲ့ချေးငွေအပေါ် အတိုးနှုန်းကတော့ ၁၇ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒီအတိုးနှုန်းဟာ အာဆီယံနိုင်ငံများနဲ့ အာရှနိုင်ငံအချို့ရဲ့ ဘဏ်အတိုးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင်တော့ ဘဏ်အတိုးနှုန်း မြင့်မားနေတာကို တွေ့ရှိရပါတယ်။ ဤကဲ့သို့ ဘဏ်အတိုးနှုန်းမြင်‌့မားနေတာကြောင့် ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိနိုင်ငံများ၊ ဒေသတွင်းမှာရှိတဲ့ နိုင်ငံများရဲ့ဘဏ်အတိုးနှုန်း အခုလို မြင့်မားနေတာကြောင့် အချက်နှစ်ချက်ကိုသွားပြီးတော့ တွေ့ရ ပါတယ်။ အဲဒါကတော့ ပထမတစ်ချက်ကတော့ ပြည်တွင်းမှာ ရှိတဲ့လုပ်ငန်းရှင်များအနေနဲ့ ပြည်တွင်း စီးပွားရေးလုပ်ကိုင်ဖို့လိုအပ်တဲ့ငွေကို ဘဏ်ကချေးယူပြီးတော့ ပြန်ဆပ်တဲ့နေရာမှာ မြင့်မားနေတဲ့ အတိုးနှုန်းကြောင့်လည်းကောင်း၊ လက်ရှိဒေါ်လာငွေ ကျဆင်းပြီးတော့ ကျပ်ငွေတန်ဖိုး မြင်‌့မားလျက် ရှိပြီးတော့ ပို့ကုန်လုပ်ငန်းပမာဏကျဆင်းပြီး အကျိုးအမြတ်ရရှိမှု နည်းပါးနေခြင်းကြောင့် လည်းကောင်း လက်ရှိလုပ်ငန်းရှင်အများစုဟာ အခက်ကြုံလျက် ရှိပါတယ်။

နောက်အချက်တစ်ချက်အနေနဲ့ကတော့ အချို့အိမ်နီးချင်းနိုင်ငံများကနေပြီးတော့ မြန်မာနိုင်ငံ အတွင်းကို နည်းအမျိုးမျိုးနဲ့ ငွေကြေးများစီးဝင်လာတယ်ဆိုကြောင်းကိုလည်းပဲ ပြောဆိုလျက်ရှိပြီးတော့ ပြည်တွင်းမှာရှိတဲ့ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဆိုင်ရာ ကိစ္စရပ်များအပေါ်မှာ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုများရှိလာတာကိုလည်းပဲ သုံးသပ်ပြောဆိုလျက်ရှိတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ဘဏ်အတိုးနှုန်းများ ပြင်ဆင်သင့်ကြောင်းကိုလည်းပဲ အောက်ပါအတိုင်းတင်ပြလိုပါ တယ် -

ပထမတစ်ချက်ကတော့ အခုလက်ရှိသတ်မှတ်ထားတဲ့အပ်ငွေအပေါ် ၁၂ ရာခိုင်နှုန်းနဲ့ချေးငွေ အပေါ် ၁၇ ရာခိုင်နှုန်းသည် ဒီဘဏ်အတိုးနှုန်းဟာ ၂၀၀၆ ခုနှစ်ကစတင်သတ်မှတ်ခဲ့ပြီးတော့ ယနေ့ထိ နှစ်ပေါင်း ငါးနှစ်ကျော်ကြာ ပြုပြင်‌ြပောင်းလဲမှုမရှိသေးတာကို တစ်ချက်တွေ့ရပါတယ်။ နောက်တစ်ချက်က‌တော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ စားသုံးကုန်ဈေးဆနှုန်းကိန်း Consumer Price Index (CPI) အပေါ်တွက်ပြီးတော့ရတဲ့ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၁၁ ခုနှစ်၊ မတ်လမှာ ၈.၂ ရာခိုင်နှုန်း၊ ဧပြီလမှာ ၈.၃ ရာခိုင်နှုန်း၊ မေလမှာ ၈.၂ ရာခိုင်နှုန်း၊ ဇွန်လမှာ ၇.၈ ရာခိုင်နှုန်းနဲ့ အခု ၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှာ ၇.၅ ရာခိုင်နှုန်းရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒီမှာလည်းပဲ ဘဏ်များရဲ့စုဆောင်းငွေ ပေါ်အတိုးနှုန်းဟာ ငွေကြေးဖောင်းပွမှုနှုန်းထက်မြင်‌့နေမှသာ ဘဏ်များအပိုင်းက လုပ်ကိုင်လည်ပတ်နိုင်မှာဖြစ်ပြီးတော့ ပြည်သူများကလည်းပဲ ဘဏ်ကိုငွေ အပ်နှံကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဘဏ်အတိုးနှုန်း ပြုပြင်‌ြပောင်းလဲရေးအတွက်ကိုလည်းပဲ သုံးသပ်စဉ်းစားရန် လိုအပ်တဲ့အခြေအနေ ရှိကြောင်းကို တွေ့ရှိရပါတယ်။

ကျွန်တော့်ရဲ့ ‌မေးခွန်းနဲ့ပတ်သက်ပြီးတော့လည်းပဲ နိဂုံးချုပ် အောက်ပါအတိုင်း အကြံပြုတင်ပြ လိုပါတယ်။ ပထမတစ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်များရဲ့ဘဏ်အတိုးနှုန်း သတ်မှတ်ချက် ဟာ ဒီသတ်မှတ်ချက်ကို အခြားငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနဲ့အတူ စဉ်းစားသုံးသပ် ဆောင်ရွက်သင့်ကြောင်း တင်ပြအပ်ပါတယ်။ ဒုတိယတစ်ချက်အနေနဲ့ ဘဏ်များကနေ လုပ်ငန်းရှင်ကို ငွေထုတ်ချေးရာမှာ သတ်မှတ်ထားတဲ့အတိုးနှုန်းကို နှစ်ဦးနှစ်ဖက်အတွက် သင့်လျော်တဲ့အတိုးနှုန်း ဖြစ်သင့်ကြောင်းကိုလည်း တင်ပြအပ်ပါတယ်။ တတိယအချက်အနေနဲ့ကတော့ ဒီဘဏ်အတိုးနှုန်းတွေ ပြုပြင်ပြောင်းလဲမယ် ဆိုလို့ရှိရင်လည်းပဲ Step By Step တစ်ဆင်‌့ပြီးတစ်ဆင့် ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ ဒီမြန်မာငွေတန်ဖိုးမြင့်မားပြီးတော့ အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းပြီးတော့ ယနေ့ကာလ မြန်မာ့စီးပွားရေးလုပ်ငန်းရဲ့ ပို့ကုန်လုပ်ငန်းများ အခက်အခဲ ကြုံတွေ့နေရတဲ့အချိန်မှာ လုပ်ငန်းများပြန်လည်လုပ်ကိုင်နိုင်တဲ့အခြေအနေမျိုး Recovery ရအောင် အခုလို မြင့်မားနေတယ်လို့ သုံးသပ်ရတဲ့ဘဏ်အတိုးနှုန်းပြင်ဆင်ရေးကို အခြားငွေကြေးဆိုင်ရာ ‌ြပောင်းလဲမှုများနဲ့အတူ သုံးသပ်ဆောင်ရွက်သင့်ပါကြောင်း ဖြေကြားပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း
အဖြေ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာနအနေနဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အတိုးနှုန်းများကို လိုအပ်သလိုသတ်မှတ်ပြီး ဘဏ်များ၏အပ်ငွေအပေါ် အတိုးနှုန်းများ၊ ချေးငွေအပေါ် အတိုးနှုန်းများကို ထိန်းကျောင်းပေးလျက် ရှိပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့လည်း ဗဟိုဘဏ်ဥပဒေ၊ နည်းဥပဒေများအရ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်မှုတို့ အတွက် လက်ရှိစီးပွားရေးနှင့် ငွေရေးကြေးရေးအခြေအနေပေါ်ကို လေ့လာပြီး ငွေကြေးမူဝါဒ နည်းလမ်းများကို အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ငွေကြေးမူဝါဒနည်းလမ်းတစ်ခု ဖြစ်တဲ့ အတိုးနှုန်း‌ြပောင်းလဲခြင်းကို ကျင့်သုံးရာမှာ ဗဟိုဘဏ်များအနေနဲ့ တိုင်းပြည်ရဲ့စီးပွားရေး ကျဆင်းနေတဲ့၊ ရပ်တန့်နေတဲ့အခြေအနေမှာ ရင်းနှီးမြှပ်နှံမှုကို အားပေးရန်နှင့် စီးပွားရေး အရှိန်မြှင့်တင်ဖို့အတွက် ငွေကြေးပမာဏကို ပိုမိုဖြည့်ဆည်းပေးရန် လိုအပ်တဲ့အတွက်ကြောင့် အတိုးနှုန်းကို လျှော့ချလေ့ရှိပါတယ်။ စီပွားရေးအရှိန်အဟုန်မြင့်လွန်းတဲ့ အခြေအနေနှင့် ငွေကြေး ဖောင်းပွမှုတွေမြင့်မားနေမယ်၊ ဒီအခြေအနေမှာဆိုရင် ငွေကြေးပမာဏကို လျော့ချထိန်းချုပ်ဖို့အတွက် လိုအပ်တဲ့အတွက်ကြောင့် အတိုးနှုန်းကို မြှင့်တင်ပေးလေ့ရှိပါတယ်။ ဘဏ်အတိုးနှုန်းကို သတ်မှတ်တဲ့နေရာမှာ နိုင်ငံတော်၏ စီးပွားရေးရည်မှန်းချက်များနဲ့ လက်ရှိအခြေအနေ၊ ငွေကြေး ပမာဏ၊ ပြည်တွင်းကုန်ဈေးနှုန်း၊ ပြည်ပကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုစတဲ့ ဘက်ပေါင်းစုံကနေပြီးတော့မှ စဉ်းစားဆောင်ရွက်ရမယ့်ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ နိုင်ငံတော်၏ စီးပွားရေးအခြေအနေတွေကို အထောက်အပံ့ဖြစ်စေဖို့အတွက် ဘဏ်အတိုးနှုန်းတွေကို ပြန်လည် လေ့လာခဲ့တဲ့အခါမှာ ၁၉၉၀ ပြည့်နှစ်ကနေ ၁၉၉၄ ခုနှစ်အတွင်း ၁၁ ရာခိုင်နှုန်း၊ ၁၉၉၅ ခုနှစ်မှာ ၁၂.၅ ရာခိုင်နှုန်း၊ ၁၉၉၆ ခုနှစ် ကနေပြီးတော့ ၁၉၉၈ ခုနှစ်အတွင်း  ၁၅ ရာခိုင်နှုန်း၊ ၁၉၉၉ ခုနှစ်မှာ ၁၂ ရာခိုင်နှုန်း ၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၅ ခုနှစ်အတွင်းမှာ ၁၀ ရာခိုင်နှုန်း အသီးသီး‌ြပောင်းလဲပေးခဲ့ပါတယ်။ ၎င်းနဲ့ဆက်စပ်ပြီး ချေးငွေ အပေါ်ပေးရတဲ့ အတိုးနှုန်းကိုလည်း ၁၉၉၀ ခုနှစ်မှ ၁၉၉၄ ခုနှစ်အတွင်း ၁၅ ရာခိုင်နှုန်း၊ ၁၉၉၅ ခုနှစ်မှ  ၁၉၉၈ ခုနှစ်အတွင်း ၁၆.၅ ရာခိုင်နှုန်း၊ ၁၉၉၉ ခုနှစ်မှ ၂၀၀၅ အထိ ၁၅ ရာခိုင်နှုန်း အသီးသီး‌သတ်မှတ်ပေးခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ မြန်မာနိုင်ငံတော်ရဲ့ ဗဟိုဘဏ်အတိုးနှုန်းကို ၁၀ ရာခိုင်နှုန်းမှာ ၁၂ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ပြီး ဘဏ်များရဲ့ အပ်ငွေပေါ်မှာပေးရမည့် အမြင့်ဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်း ၁၂ ရာခိုင်နှုန်းထက် မများစေရန်နှင့် ချေးငွေအပေါ်မှာ တောင်းခံသည့် အမြင့်ဆုံးအတိုးနှုန်းဟာ ဗဟိုဘဏ်အတိုးနှုန်း၏ ငါး ရာခိုင်နှုန်း ဖြစ်သည့် ၁၇ ရာခိုင်နှုန်းထက် မကျော်လွန်စေရန် သတ်မှတ်ပေးခဲ့ပါတယ်။ ၎င်းကို ဒါ့အပြင်  စက်မှုဇုန် ဝင်ချေးငွေနှင့် စီမံကိန်းဝင်စိုက်ပျိုးရေး ချေးငွေများအတွက်ကိုတော့ ၁-၄-၂၀၀၆ ရက်နေ့ကစပြီးတော့ တစ်နှစ်ကို ၁၅ရာခိုင်နှုန်းထက် မပိုသောအတိုးနှုန်းဖြင့် ထုတ်ချေးရန် ညွှန်ကြားသတ်မှတ်ခဲ့ပါတယ်။ ဒီလိုသတ်မှတ် ခဲ့ခြင်းမှာ စက်မှုလုပ်ငန်းများအတွက် ဘဏ်ချေးငွေအတိုးနှုန်း လျော့ပေါ့သတ်မှတ်ခြင်းအားဖြင့် စက်မှုဖွံ့ဖြိုးတိုးတက်အောင် အားပေးကူညီဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် ဘဏ်များရဲ့အပ်ငွေ၊ ချေးငွေများဟာလည်းပဲ နှစ်စဉ်အတိုးတက်လျက်ရှိပါတယ်။ စက်မှုလုပ်ငန်းချေးငွေအတွက် အတိုးနှုန်း အပါအဝင် ဘဏ်အတိုးနှုန်းများနဲ့ ဆက်စပ်လျက်ရှိတဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေကိုလည်း အမြဲမပြတ် စောင့်ကြပ်ကြည့်ရူလျက် ရှိပါတယ်။ ဘဏ်မှာစုဆောင်းသူများအနေနဲ့ စီပွားရေးလုပ်ငန်း ဆောင်ရွက်လို၍ ဘဏ်ကငွေချေးလိုသူ နှစ်ဦးနှစ်ဘက် သင့်တင့်မျှတပြီး နိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုနိုင်မယ့် အတိုးနှုန်း‌ြပောင်းလဲရေးကိုလည်း အမြဲတမ်းလေ့လာနေတာ ဖြစ်တဲ့အတွက်ကြောင့် ဗဟိုဘဏ်အနေနဲ့ သင့်တော်သောအချိန်ကာလမှာ ဘဏ်အတိုးနှုန်း ပြောင်းလဲ ရေးကို စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။