၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(မန္တလေး)သို့ တက်ရောက်ရန်အတွက် မချမ်းဘောမြို့နယ်မှ တိုင်းရင်းသားလူငယ် ငါးဦးစေလွှတ်ရန် ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးမှ ညွှန်ကြားလာသဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် လူငယ်ငါးဦးကို ရွေးချယ်စေလွှတ်ခဲ့ပါတယ်။ အဆိုပါ ကျောင်းသားလူငယ်များအနက် နှစ်ဦးသည် ပြည်နယ်အဆင့်၌ အပယ်ခံရပြီး ကျန်သုံးဦးသည် မန္တလေးဒီဂရီကောလိပ်သို့ရောက်ရှိပြီးမှကျောင်းတက်ခွင့်မရဘဲပြန်လာခဲ့ရပါတယ်။ ယင်းကျောင်းသား များသည် သတ်မှတ်ထားသောအရည်အချင်းပြည့်မီသူများဖြစ်ပြီး စိစစ်ရေးအဖွဲ့နဲ့ ကိုယ်တွေ့စစ်ဆေးခံ ရာ၌အရွေးမခံရကြောင်း စုံစမ်းသိရှိရပါတယ်။ ထို့ကြောင့် မေးခွန်း(၁) ဝေးလံခက်ခဲသော နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်သို့ တက်ရောက်သင်ကြားခွင့်မရသည်မှာအဘယ်ကြောင့်နည်း။ မေးခွန်းနံပါတ်(၂) မြန်မာ နိုင်ငံ၏မြောက်ဘက် နယ်စွန်နယ်ဖျားဒေသဖြစ်သော မချမ်းဘောမြို့နယ်၊ နောင်မွန်းမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်များမှ လူငယ်များ အဆိုပါ ဒီဂရီကောလိပ်များသို့ တစ်ဦးတစ်ယောက်မျှ တက်ရောက် နိုင်ခြင်းမရှိသေးတဲ့အတွက် နောင်နှစ်များတွင်လည်း နယ်စပ်တိုင်းရင်းသားလူငယ်များ တက်ရောက်ပညာသင်ကြားနိုင်ရန် အခွင့်အလမ်းများရှိနိုင်ပါမည်လား သိလိုပါကြောင်း မေးမြန်း ပါသည်။
နယ်စပ်ဒေသနဲ့ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်တဲ့နေရာမှာ မိမိဒေသရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက်နဲ့ စွမ်းစွမ်းတမံရေရှည်ဆောင်ရွက်သွားနိုင်မယ့် စွမ်းရည်ပြည့်ဝတဲ့ တိုင်းရင်းသား အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ ပြုစုပျိုးထောင်ပေးဖို့ရည်ရွယ်ချက်နဲ့ နယ်စပ်ရေးရာဝန်ကြီး ဌာနအောက်မှာ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်နှစ်ခုကို ကျွန်တော်တို့ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါတယ်။ ကျောင်းသားရွေးချယ်မှု အစီအမံများကိုတော့ ကျွန်တော် ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန်အစည်းဝေး တတိယနေ့မှာ အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်တဲ့ အတွက်ကြောင့် အချိန်ကိုငဲ့ကွက်သောအားဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခြင်း မပြုလိုပါကြောင်း တင်ပြအပ်ပါတယ်။ ဒီ၂၀၁၁-၂၀၁၂ ခုနှစ် ပညာသင်နှစ်မှာ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ကို တက်ရောက်လိုကြတဲ့ ဒီနယ်စပ်ဒေသအသီးသီးက ကျောင်းသား လူငယ်များကို ဖိတ်ခေါ်တဲ့နေရာမှာ စုစုပေါင်းကျောင်းသား ၈၀၂ ဦး လျှောက်ထားလာခဲ့ပါတယ်။ ဒီလိုလျှောက်ထားလာခဲ့ခြင်းနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးတွေမှာ ပထမအဆင့်အနေနဲ့ တာဝန်ရှိသူတွေက လျှောက်ထားလာသူတွေကို တွေ့ဆုံပြီးတော့ဒီ ဒီဂရီကောလိပ် မှာ ကျောင်းသားများအနေနဲ့ တက်ရောက်ရမယ်ဆိုရင် လိုက်နာရမယ့် ကျောင်းကနေချမှတ်ခဲ့တဲ့ စည်းကမ်းချက်တွေ ရှင်းလင်းပြသပြီးတော့၊ ဆက်လက်လျှောက်ထားလိုခြင်း ရှိ/မရှိ သဘောထား ဆန္ဒတောင်းဆိုခဲ့တဲ့ နေရာမှာတော့ ဒီရှေ့ကနှစ်ဦးအနက်က ၂၀၁ ဦး ကတော့သူ့တို့ရဲ့ လျှောက်လွှာ တွေကို ပြန်လည်ရုပ်သိမ်းသွားပြီးတော့ အားလုံး ၆၀၁ ဦးသာ အဆိုပြုချက် လက်ခံရရှိခဲ့တာဖြစ်ပါ တယ်။ နောက်ဒုတိယအဆင့်အနေနဲ့ ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ ဝင်ခွင့်စိစစ်ရွေးချယ်ရေး အဖွဲ့နဲ့ ကျန်တဲ့ကျောင်းသား ၆၀၁ ဦးကို ဆက်လက်စစ်ဆေးခဲ့ရာမှာ အရည်အချင်းကိုက်ညီသူ စုစုပေါင်း ၅၁၃ ဦးသာကျွန်တော်တို့ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ၅၁၃ ဦးကိုလည်း ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အမှတ်အနည်းအများအလိုက် ရွေးချယ်ခဲ့ရာမှာတော့ စုစုပေါင်းအားလုံး ၃၈၆ ဦးသာ ရွေးချယ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီ ၃၈၆ ဦးမှာ ခုနကအမှတ်အနည်းအများလိုက်ရွေးချယ်ခြင်းဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ အနေနဲ့မည်သည့် ပြည်နယ်မည်သည့်ဒေသကိုတော့ ဦးစားပေးခြင်း ဆိုပြီးတော့မရှိဘဲနဲ့ ကျောသားရင်သားမခွဲခြားဘဲ ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တင်ပြခဲ့တဲ့ ကျောင်းသားငါးဦးအနက် နှစ်ဦးကတော့ ဒီတိုင်းဒေသကြီး/ ပြည်နယ် အဆင့်မှာပင်လျှင် မိမိသဘော ဆန္ဒအလျှောက် ဝင်ရောက်ရွေးချယ်ခံခြင်းမပြုလိုကြောင်း နုတ်ထွက် သွားခြင်းဖြစ်ပါတယ်။ ကျန်တဲ့ သုံးဦးကတော့ အရန်အဆင့်ထိရွေးချယ်တဲ့နေရာမှာ ပါဝင်လာခဲ့ပေမယ့် အမှတ်အနည်းအများအလိုက် ရွေးချယ်ရာမှာ ဆန်ကာတင် ၃၈၆ ဦးထဲမှ အမှတ်နည်းတဲ့အတွက် ပါဝင်ခြင်းမရှိကြောင်း တင်ပြလိုပါတယ်။ ဒါကြောင့် လာမယ့်နှစ်မှာတော့ သူကအရန်ရွေးချယ်ထားပြီး ဖြစ်တဲ့အတွက်ကြောင့် အသက်ကန့်သတ်ချက်နဲ့ အရည်အချင်းကန့်သတ်ချက်များပျက်ယွင်းမှုမရှိပါက လာမယ့် နှစ်မှာ ဦးစားပေးရွေးချယ်သွားမှာဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။
နောင်နှစ်များမှာလည်း ဒီအဆိုပါ ဒီဂရီကောလိပ်ကို နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ တက်ရောက်သင်ကြားနိုင်ဖို့ အခွင့်အလမ်း ရှိပါသလားဆိုတဲ့မေးခွန်းနဲ့ ပတ်သက်လို့ အထက်မှာရှင်းလင်းဖြေကြားချက်များဟာ ထင်သာမြင်သာရှိပြီးဖြစ်တဲ့အတွက်ကြောင့် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့ ညီညွတ်မှုရှိပါက မည်သည့်ဒေသကမဆို ကျောသား ရင်သားခွဲခြားခြင်းမရှိဘဲ တက်ရောက်နိုင်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။ နောက်ဆုံး အနေနဲ့ အခု ၂၀၁၁-၂၀၁၂ ခုဘဏ္ဍာရေးနှစ်မှာ တိုင်းရင်းသားလူငယ်များဒီဂရီကောလိပ် (ရန်ကုန်နဲ့ မန္တလေး)မှာ ကချင်ပြည်နယ်က တိုင်းရင်းသား ၁၁၉ ဦး တက်ရောက်နေတာဖြစ်ပါတယ်။ ကယား ပြည်နယ်က ၈၉ ဦး တက်ရောက်နေတာဖြစ်ပါတယ်။ ကရင်ပြည်နယ်က ၈၆ ဦး တက်ရောက် နေပါ တယ်။ချင်းပြည်နယ်က ၁၅၀ တက်ရောက်နေပါတယ်။ မွန်ပြည်နယ်က ၈၇ ဦး တက်ရောက်နေပါတယ်။ ရခိုင်ပြည်နယ်က ၁၅၁ ဦး တက်ရောက်နေပါတယ်။ ရှမ်းပြည်နယ်က ၄၃၉ ဦး တက်ရောက်နေပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက ၁၅၀ တက်ရောက်နေပါတယ်။ တနင်္သာရီတိုင်းဒေသအတွင်းက ၁၈ ဦးတက်ရောက်နေတဲ့အတွက်ကြောင့် ပြည်နယ်နဲ့တိုင်း အားလုံးက မျှမျှတတ တက်ရောက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
