(က)-နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် လူမျိုးအမည်ရေးသွင်းမှုနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၂၃-၉-၂၀၁၁)

ယခုအခါမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနကနေဆောင်ရွက်ပေးနေတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဖြေ‌လျော့ဆောင်ရွက်ပေးမှုကြောင့် ပြည်သူများ ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြပါတယ်။ အခုလို ဆောင်ရွက်ပေးလျက်ရှိရာမှာ တိုင်းရင်းသားလူမျိုးအမည်စာရင်းရေးသွင်းတဲ့နေရာမှာ မျိုးနွယ်စုတစ်မျိုးချင်းရဲ့ နေထိုင်ရာနယ်မြေ ဒေသစကားပြောသံ၊ လေယူလေသိမ်းနဲ့ ရိုးရာဓလေ့ခံယူကျင့်သုံးမှုများ အနည်းငယ်ကွဲပြားမှုစသည် တို့ကြောင့် တိုင်းရင်းသားမျိုးနွယ်စုတစ်စုတည်းပင်ဖြစ်သော်လည်း ကွဲပြားသောလူမျိုးနာမည်များ ရေးသွင်းနေတာကိုတွေ့ကြရပါတယ်။ သာဓကအနေနဲ့တင်ပြရမယ်ဆိုရင် ရှမ်းလူမျိုးကို ရှမ်းလို့ တစ်လုံးတည်းဖော်ပြရင်ရနိုင်ပေမယ့် ရှမ်းကြီး၊ မောရှမ်း၊ ရှမ်းတရုတ်၊ လိုက်လျှန်(ခ)ရှမ်းနီ၊ ရှမ်းဗမာ၊ ကုန်ရှမ်း၊ လုရှမ်း၊ ခန္တီး စသည်ဖြင့်လည်းကောင်း၊ ကချင်လူမျိုးဆိုရင်လည်း ဂျိန်းဖော၊ မရူ၊ မစီး၊ လဝမ်၊ လချိတ်၊ လ‌ဝေါ်စသည်ဖြင့်လည်းကောင်း၊ ကရင်လူမျိုးဆိုရင်လည်း စကောကရင်၊ ပိုးကရင်စသည်ဖြင့် ချင်းလူမျိုးဆိုရင်လည်း ဟူမီးချင်း၊ ဇိုမီးချင်းစသည်ဖြင့် ရေးသွင်းမှုများရှိနေတာကို မြင်တွေ့ကြားသိ       နေရပါတယ်။ ကတ်ပြားလုပ်ပေးတဲ့သူဝန်ထမ်းတွေရဲ့ အမှတ်မထင်ရေးဖြည့်မှု၊ တိကျတဲ့ညွှန်ကြားချက် မရှိမှုတို့ကြောင့် တချို့လူမျိုးနာမည်တွေဟာ နားလည်မှုလွဲမှားစရာ ဖြစ်လာပါတယ်။ ဥပမာအနေနဲ့ ပြရမယ်ဆိုရင် ၁၉၈၉ ခုနှစ်တုန်းက နိုင်ငံသားစိစစ်ရေးကတ်ပြား စတင်လဲလှယ်လုပ်ပေးစဉ်အခါမှာ လုပ်အားပေးသူက ရှမ်း-တရုတ်လူမျိုးလို့ လူမျိုးနာမည်ရေးသွင်းခံရတဲ့ပုဂ္ဂိုလ်ဟာ ရှမ်းလူမျိုးတွေ အခေါ်အရ အထက်ပိုင်းမှာနေတဲ့ ရှမ်းဖြစ်တဲ့ တိုင်းတွေအခေါ် မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ရဲ့ ဌာနေနိုင်ငံသားစစ်စစ်ဖြစ်ပါရဲ့နဲ့ နိုင်ငံခြားသားကတ်ပြားဖြင့် သားစဉ်မြေးဆက် ယုံမှား သံသယဖြစ်ခြင်းခံရတာကို တွေ့မြင်ရပါတယ်။ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းနှစ်ခုကို သက်ဆိုင်ရာမှ ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ ကျွန်တော်မေးလိုတဲ့ မေးခွန်းနှစ်ခုကတော့ (၁) နိုင်ငံသား စိစစ်ရေးကတ်ပြားများရဲ့ လူမျိုးအမည်ရေးသွင်းရာမှာ တိုင်းရင်းသားလူမျိုးအမည်ရေးသွင်းရန်အတွက် တိကျမှန်ကန်သော ညွှန်ကြားချက်များကို ဝန်ကြီးဌာနကထုတ်ပြန်ပေးထားခြင်း ရှိ၊ မရှိ။ မရှိသေးပါက ထုတ်ပြန်ပေးနိုင်ခြင်းရှိ၊မရှိနှင့် (၂) မျိုးနွယ်စုတူညီသော တိုင်းရင်းသားများအား မျိုးနွယ်စုငယ်နာမည်များ ခွဲခြားရေးသားထည့်သွင်းခြင်းအစား မျိုးနွယ်စုရင်းနာမည်ကိုသာ ရေးသွင်းစေနိုင်ရန် သတ်မှတ်ညွှန်ကြား ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ
အဖြေ

မေးခွန်းရှင်ရဲ့မေးမြန်းချက်မှာ အချက် နှစ်ချက်ပါရှိပါတယ်။ ပထမမေးမြန်းချက်မှာ ဝန်ထမ်းများရဲ့ အမှတ်မထင်ရေးသွင်းမှုကြောင့် အချို့သော လူမျိုးအမည်နားလည်မှုလွဲမှားစရာ ဖြစ်လာပါကြောင်း၊ ဒါ့ကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရဲ့ တိုင်းရင်းသားလူမျိုးအမည်များ ရေးသွင်းရာမှာ တိကျမှန်ကန်တဲ့ညွှန်ကြားချက်တွေ ထုတ်ပြန်ထားရှိခြင်းရှိ၊မရှိဆိုတဲ့ မေးမြန်းချက်နှင့် ပတ်သက်ပြီး လိုရင်းကိုဖြေကြားရရင် ဝန်ကြီးဌာနမှာ လူမျိုးအမည်ရေးသွင်းခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများနဲ့ ညွှန်ကြားချက်များ စနစ်တကျထုတ်ပြန်ထားရှိပါကြောင်းနဲ့ အဲဒါတွေနဲ့အညီ လိုက်နာ ဆောင်ရွက်လျက်ရှိနေပါကြောင်း ဖြေကြားလိုပါတယ်။

          လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ မေးမြန်းချက်ထဲမှာ ဥပမာပေးဖော်ပြထားတဲ့ ဖြစ်စဉ်အကြောင်းအရာများကို ရှင်းမပြမီ လူမျိုးအမည်ရေးသွင်းရမယ့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနဲ့ပတ်သက်လို့ ကနဦး အနည်းငယ်ရှင်းပြလိုပါတယ်။ နိုင်ငံသား စိစစ်ရေးကတ်ပြားဆိုတာဟာ ကိုင်ဆောင်ထားခွင့်ရသူအတွက် နိုင်ငံသားအရည်အချင်း ပြည့်မီသူ ဒါမှမဟုတ် နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းကိုအသိအမှတ်ပြုထားတဲ့ အထောက်အထားတစ်ခုဖြစ်နေ တာကြောင့် ကာယကံရှင်အတွက်အလွန်အရေးကြီးသလို သက်ဆိုင်ရာကာယကံရှင်ရဲ့ ဘဝတစ်လျှောက် လုံးမှာ အထောက်အထားတစ်ခုအဖြစ် မှတ်တမ်းတင်သိမ်းဆည်းထားရတာဖြစ်လို့ ကျွန်တော်တို့ဌာန အတွက်ကလည်း အလွန်အရေးကြီးပါတယ်။ ဒါ့ကြောင့် ရေးသွင်းရတဲ့အချက်အလက်များဟာ မှန်ကန် တိကျဖို့၊ အငြင်းပွားဖွယ်ရာမဖြစ်ဖို့ လိုအပ်ကြောင်းကို ပြောကြားလိုပါတယ်။ ဒါ့ကြောင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေါ်မှာ ရေးသွင်းပေးရတဲ့အချက်အလက်များဟာ ကာယကံရှင်အတွက် ခိုင်မာတဲ့ အထောက်အထားဖြစ်အောင် ရေးသွင်းခံရသူ ကာယကံရှင်ရဲ့ တရားဝင်ပြောဆိုချက်ကိုသာ အခြေခံပြီး ရေးသွင်းရခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ပြောဆိုချက်အတိုင်း ရေးသားရတယ်ဆိုသော်လည်းပဲ ပြောဆို ချက်များဟာ အထောက်အထားများအရ လွဲမှားပြောဆိုနေတယ်ဆိုရင်တော့ အမှန်ကိုစိစစ်ထောက်ပြပြီး ကာယကံရှင်ရဲ့အမှန်ပြောကြားချက်ကိုသာ မိမိတို့က ရေးသွင်းနည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင်‌့ အညီ ရေးသွင်းပေးရခြင်းသာဖြစ်ပါတယ်။ ဒါကို ဥပမာအနေနဲ့ နည်းနည်းရှင်းပြရရင် မျိုးရိုးစဉ်ဆက် ဇယားမှာ အဘိုး၊ အဘွား၊ အဖေ၊ အမေ စသည်တို့ဟာ ရှမ်းလူမျိုးဖြစ်ကြောင်းရေးသွင်းထားပြီးမှ ကာယကံရှင်က သူ့ကိုသူ ရှမ်း-တရုတ်လူမျိုးလို့ပြောနေမယ်ဆိုရင် ဒီပြောဆိုချက်က မှန်ကန်မှုမရှိနိုင်လို့ ပြန်လည်စိစစ်စေပြီးမှ ကာယကံရှင်ကိုယ်တိုင်က ရှမ်းလူမျိုးဖြစ်ပါတယ်လို့ အမှန်ပြင်ဆင်ပြောကြားခြင်း ကိုသာ တရားဝင်ရေးသားဖော်ပြရတာမျိုးဖြစ်ပါတယ်။

          လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ အခုဆက်ပြီး ရှင်းပြလိုတဲ့အချက်က နိုင်ငံသားစိစစ်ရေးကတ်ပြားပေါ်မှာ အချက်အလက်များရေးသွင်းခြင်းနဲ့ ထုတ်ပေး ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ကျွန်တော်အကြမ်းဖျင်းတင်ပြလိုပါတယ်။ ကနဦးအဆင့် နိုင်ငံသား စိစစ်ရေးကတ်ပြားဖြစ်လာအောင် ကာယကံရှင်ရဲ့ ကိုယ်ရေးမှတ်တမ်းပုံစံနိုင်(၂)၊ အများအခေါ်ကတော့ မျိုးရိုးစဉ်ဆက်ဇယားဆိုတာကို စပြီးဖြည့်ရပါတယ်။ အဲ့ဒီမှာ စောစောကပြောခဲ့တဲ့အတိုင်း ကာယကံရှင်ရဲ့ ပြောကြားချက်ကိုအ‌ြခေခံပြီး စိစစ်ချက်အရမှန်ကန်ရင်  စတင်ရေးသွင်းရပါတယ်။ အဲ့ဒါကို ကာယကံရှင် ကမှန်ကန်ကြောင်း လက်မှတ်ထိုးရပါတယ်။ လက်ဗွေနှိပ်ရပါတယ်။ အဲ့ဒါက ပထမအဆင့်ပါ။ အဲဒီနောက် ဇယားပါ ဖြည့်စွက်ထားချက်များအတိုင်းကိုပဲ နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ ထပ်မံကူးယူရေးသွင်း ရပါတယ်။ အဲ့ဒါက ဒုတိယအဆင့်ဖြစ်ပါတယ်။ အဲ့ဒီနောက် ကာယကံရှင်က သူ့ရဲ့ပြောဆိုချက်အတိုင်း ရေးသွင်းထားခြင်းများ မှန်ကန်ကြောင်းအတည်ပြုပြီးမှသာ ကာယကံရှင်ကိုယ်တိုင် အဲဒီနိုင်ငံသား စိစစ်ရေးကတ်ပြားပေါ်မှာ လက်မှတ်ထိုး၊ လက်ဗွေနှိပ်ပြီး ကတ်ပြားကိုထုတ်ပေးရတာဖြစ်ပါတယ်။ အဲ့ဒါက တတိယအဆင့်ပါ။ အဲဒီနောက် တစ်ဦးချင်းစီက ကိုယ်တိုင်ကြိုတင်ရေးသွင်းထားတဲ့ မူလသက်သေခံ ဖြစ်သော နိုင် (၂) လို့ခေါ်တဲ့ ကိုယ်ရေးနောက်ကြောင်းပုံစံတွေကို ကျွန်တော်တို့ရဲ့ပုံစံမှတ်တမ်းခန်းမှာ ထာဝစဉ်မပျောက်ပျက်ရအောင် ထိန်းသိမ်းထားရပြီး ကာယကံရှင်တွေအတွက် လိုသမျှကို ရာသက်ပန် အထောက်အထားအနေနဲ့ အသုံးပြုရတာဖြစ်ပါတယ်။ အဲ့ဒါက  စတုတ္ထအဆင့်ဖြစ်ပါတယ်။

          လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ နိုင်ငံတော်မှာ မြန်မာ နိုင်ငံသားဥပဒေကို ၁၉၈၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ နိုင်ငံသားဆိုင်ရာလုပ်ထုံးလုပ်နည်းတွေကို ၁၉၈၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပါ တယ်။ နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအရ သတ်မှတ်ပေးထားတဲ့ နိုင်ငံသားရဲ့ကိုယ်ရေး  မှတ်တမ်း နိုင် (၂) ပုံစံမှာရေးသွင်းရမယ့်အကြောင်းအရာများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ ဖြည့်သွင်းရမယ့် အကြောင်းအရာရေးသားနည်း၊ ဘယ်နည်းဘယ်ပုံ ပြုစုရေးသားရမယ်စတဲ့စနစ်     တွေကို ၁၉၈၅ ခုနှစ်ကတည်းက စနစ်တကျပြုစုညွှန်ကြားထားပြီးဖြစ်သလို ကျွန်တော်တို့လက်ရှိ      လည်း လိုက်နာဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ဒီဝန်ကြီးဌာနက လူမျိုးအမည်ရေးသွင်းမယ်ဆိုရင် ရေးသွင်းနည်းဆိုင်ရာ ညွှန်ကြားချက်တွေအရ လုပ်ရတဲ့စနစ်တွေအနေနဲ့ နံပါတ်(၁)က မှတ်ပုံတင်သူရဲ့ လူမျိုးကို အတိအကျရေးသားဖော်ပြရပါတယ်။ နံပါတ်(၂)က ကပြားဖြစ်နေမယ်ဆိုရင် ဖခင်လူမျိုးကို ရှေ့ကထားပြီး မိခင်လူမျိုးအမည်ကို နောက်ကထားပြီး ယှဉ်တွဲဖော်ပြရပါတယ်။ နံပါတ်(၃)က မိခင်နဲ့ ဖခင်နှစ်ဦးလုံး ကပြားဖြစ်နေမယ်ဆိုရင်လည်း အထက်က ကျွန်တော်ပြောခဲ့တဲ့နည်းအတိုင်းပဲ ရေးသား ရပါတယ်။ နံပါတ်(၄)အနေနဲ့ တိတိကျကျကွဲပြားစွာဖော်ပြလို့ ခက်ခဲနေတဲ့ လူတွေရဲ့လူမျိုးအမည် ရေးသွင်းရာမှာ ဖခင်ရဲ့လူမျိုးအမည်ကိုသာရေးသွင်းရပါတယ်။ နံပါတ်(၅)အနေနဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ယူရန် လျှောက်ထားသူလျှောက်လွှာရှင်များရဲ့ တရားဝင်ပြောဆိုချက်ကိုသာ မှန်၊ မမှန် စိစစ်ပြီး မှတ်တမ်းတင်ရေးသွင်းရပါတယ်လို့ အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ရေးသွင်းနည်း ဥပမာအနေနဲ့တင်ပြရရင် ဖခင်ကရှမ်းလူမျိုး၊ မိခင်ကတရုတ်လူမျိုးဖြစ်မယ်ဆိုရင် သားသမီးဖြစ်သူ ကလည်း သူ့ရဲ့လူမျိုးကို ရှမ်း-တရုတ်လို့ ကိုယ်တိုင်လည်းပြောမယ်ဆိုရင် စိစစ်ချက်အရ မှန်နေတာဖြစ်လို့ ပြောဆိုချက်အတိုင်းရေးသားရပါတယ်။ ပြင်ဆင်ရေးသားလို့မရပါ။ တစ်ခါ အချို့မှာ လူမျိုးအမည်ကို ကာယကံရှင်ကိုယ်တိုင်က လချိတ်လို့ ပြောဆိုနေတာကို မေးခွန်းရှင်တင်ပြသလို မျိုးနွယ်စုရင်းအမည်ကို သတ်မှတ်ထားတဲ့ ကချင်လူမျိုးလို့ ရေးသားသုံးနှုန်းဖို့ ကာယကံရှင်က ညှိနှိုင်းလို့မရ၊ ခွင့်မပြုဘူးဆိုရင် ပြောင်းလဲရေးသားလို့မရနိုင်ပါဘူး။ တစ်ခါ ကရင်လူမျိုးပြောသူကို ချင်းလူမျိုးဟု ပြောင်းလဲရေးသား လို့မရသလို လဝေါ်လူမျိုးလို့ပြောသူကို ဂျိန်းဖောလူမျိုး၊ ကချင်လူမျိုး စသည်ဖြင့် မိမိသဘောနဲ့ ပြင်ဆင်ရေးသား၍မရပါကြောင်းနဲ့ ကာယကံရှင်ကလည်း သူသဘောမတူဘဲ အတည်ပြုလက်မှတ် ထိုးခြင်း၊ လက်ဗွေနှိပ်ခြင်းတွေမလုပ်ပါကြောင်း အသိပေးပြောကြားလိုပါတယ်။ သို့ရာတွင် ဒီနေရာမှာ တစ်ခု ကျွန်တော်အသိပေးတင်ပြလိုတဲ့အချက်က ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၃ မှာ နိုင်ငံတော်တွင်ပါဝင်သော နယ်မြေတစ်ခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ်သည်ဟု ဖော်ပြထား ပါသဖြင့် နိုင်ငံသားဟူသောသတ်မှတ်ချက်မှာ ဖော်ပြပါတိုင်းရင်းသားများရော၊ မျိုးနွယ်စုတစ်ခုလုံး အတွက်ပါ အကျုံးဝင်နေပြီဖြစ်ပါကြောင်း အသိပေးတင်ပြလိုပါတယ်။

          လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ဒါကြောင့် နိုင်ငံသား စိစစ်ရေးကတ်ပြားမှာ လူမျိုးအမည်ရေးသွင်းခြင်းဟာ ရေးသွင်းသူက မိမိသဘောနဲ့ စတင်ရေးသား၍ ရနိုင်ခြင်းမျိုးမဟုတ်ပါ။ ကာယကံရှင်ရဲ့ တရားဝင်ပြောဆိုချက်ကိုသာ ရှေ့နောက်ညီညွတ်မှန်ကန်မယ် ဆိုရင် ရေးသွင်းသူက ရေးသွင်းပေးရတာဖြစ်တဲ့အတွက် တကယ်တော့ မေးခွန်းရှင်ပြောကြားခဲ့သလို  ကာယကံရှင်တွေဘက်က ရေးသွင်းခံနေရပါတယ်ဟု ပြောရမှာထက် ကတ်ပြားရေးသွင်းပေးရသူတွေက ကာယကံရှင်တွေရဲ့ပြောဆိုချက်အတိုင်းသာ လုပ်ထုံးလုပ်နည်းနှင့်အညီ ရေးသွင်းပေးရခြင်းသာ ဖြစ်ပါတယ်လို့ ပြောရမှာဖြစ်ပါကြောင်း ဖြေကြားလိုပါတယ်။

          လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ အခု ကျွန်တော် အထက်က ရှည်လျားစွာရှင်းပြနေတဲ့အချက်တွေဟာ  လူမျိုးအမည်ရေးသွင်းခြင်းနဲ့ပတ်သက်လို့ စနစ်တကျ လုပ်ထုံးလုပ်နည်းတွေ၊ ညွှန်ကြားချက်တွေ ဤဝန်ကြီးဌာနမှာရှိနေပါကြောင်း အဲဒီအတိုင်း ဆောင်ရွက်နေပါတယ်လို့ အထောက်အထားတစ်ရပ်အနေနဲ့ ပြောဆိုခြင်းမျှသာဖြစ်ပါတယ်။ ဒီဘက်က မမှားဘူး။ ဟိုဘက်ကမှားပါတယ်ဆိုပြီး ငြင်းခုံပြောဆိုလိုခြင်းမဟုတ်ပါ။ ဒါ့ကြောင့် တကယ့်လက်တွေ့မှာ ကာယကံရှင်ဘက်က လူမျိုးအမည်ရေးသွင်းခြင်းအပါအဝင် တစ်ခုခုမှာ အကြောင်းတစ်ခုခုကြောင့် အမှန်တကယ်မှားယွင်းနေလို့ နစ်နာချက်တွေရှိနေပါတယ်ဆိုရင် ပြင်ဆင်လို့ရပါကြောင်းနဲ့ ကျွန်တော်တို့ ဌာနက ပြင်ဆင်ပေးဖို့လည်းအသင့်ရှိပါကြောင်း ပြောကြားလိုပါတယ်။ လိုအပ်လို့ပြင်ဆင်ချင်တယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်ရုံးတွေနဲ့ဆက်သွယ်ပြီး ပြင်ဆင်လျှောက်ထားရမယ့် အချက်အလက်အထောက် အထားများအတိုင်း တင်ပြလျှောက်ထားပြင်ဆင်နိုင်ခွင်‌့ရှိပြီး မှန်ကန်ပါကပြင်ဆင်ပေးရန် အသင့် ရှိကြောင်းလည်းတင်ပြလိုပါတယ်။ ဘယ်သူဘယ်ဝါ ဘယ်နေရာမှာ မှားယွင်းနေကြောင်း တိကျစွာဖော်ပြ နိုင်ရင် ပိုမိုလွယ်ကူလျင်မြန်မှာ ဖြစ်ပါတယ်။ လိုအပ်ချက်တွေအပေါ် ဆက်သွယ်နိုင်ဖို့ တယ်လီဖုန်း၊ Fax ၊ Website နံပါတ်များ၊ လက်ကမ်းစာစောင်များလည်း စဉ်ဆက်မပြတ်ထုတ်လွှင့်ထားပြီးဖြစ်သလို ဝန်ထမ်းများကွင်းဆင်းဆောင်ရွက်နေချိန်လည်းဖြစ်လို့ အဆင်ပြေမြန်ဆန်နိုင်မှာဖြစ်ပြီး ကျွန်တော်တို့ ဘက်က ပူးပေါင်းဆောင်ရွက်ပေးဖို့ အသင့်ရှိပါကြောင်း ထပ်လောင်းအသိပေးပြောကြားလိုပါတယ် ခင်ဗျား။

          လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ဒုတိယမေးခွန်းအနေနဲ့ မျိုးနွယ်စုတူညီတဲ့တိုင်းရင်းသားများကို မျိုးနွယ်စုငယ်အမည်များ ကွဲပြားရေးသားနေခြင်းအစား မျိုးနွယ်စုရင်းအမည်ကိုပဲရေးသွင်းဖို့ သတ်မှတ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊မရှိဆိုတဲ့ မေးမြန်းချက်ဖြစ် ပါတယ်။ ဒီမေးခွန်းဟာလည်း ပထမမေးခွန်းရဲ့အဖြေမျိုးနဲ့ ဆက်စပ်လျက်ရှိကြောင်း တင်ပြလိုပါတယ်။ နိုင်ငံတော်မှာ ၁၉၈၃ ခုနှစ်ကကောက်ယူခဲ့တဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှာ အသုံးပြုခဲ့တဲ့ တိုင်းရင်းသားလူမျိုးစာရင်းအရ နိုင်ငံတော်အတွင်းမှာ ကချင်စု၊ ကယားစု၊ ကရင်စု၊ ချင်းစု၊ ဗမာစု၊ မွန်စု၊ ရခိုင်စု၊ ရှမ်းစု စသည်ဖြင့်  စုစုပေါင်းမျိုးနွယ်စုငယ် ၁၀၀ ကျော်ခန့်ရှိပါကြောင်းတွေ့ရှိရပါတယ်။ ဒါ့ကြောင့် အိမ်ထောင်စုဝင်လူဦးရေစာရင်းတွေကောက်ယူမှတ်တမ်းတင်ရာမှာပဲဖြစ်ဖြစ်၊ နိုင်ငံသား လုပ်ငန်းတွေဆောင်ရွက်ရာမှာပဲဖြစ်ဖြစ်၊ သန်းခေါင်စာရင်းများ၊ စစ်တမ်းများကောက်ယူရာမှာပဲဖြစ်ဖြစ် ကာယကံရှင်များကိုယ်တိုင်က သူတို့ရဲ့မျိုးနွယ်ခွဲအမည်ကိုပဲ ဖော်ပြရေးသားပေးဖို့တောင်းဆိုမယ်။ တောင်းဆိုချက်အတိုင်း တိုင်းရင်းသားလူမျိုး မျိုးနွယ်ခွဲစာရင်းမှာလည်း အမှန်တကယ်ပါဝင်နေမယ် ဆိုရင်တော့ သူတို့ဆန္ဒနှင့်အညီသာ သူတို့ပြောတဲ့လူမျိုးအမည်ကို ရေးသွင်းဆောင်ရွက်ပေးရတဲ့ လုပ်ထုံး လုပ်နည်းရှိပါတယ်။ ဒါ့ကြောင့် မေးမြန်းသူဖော်ပြထားတဲ့ မျိုးနွယ်စုတူညီတဲ့ တိုင်းရင်းသားများအားလုံးကို မျိုးနွယ်စုငယ်အမည်တွေ ခွဲခြားရေးသွင်းမည့်အစား မျိုးနွယ်စုရင်းအမည်ကိုသာ ရေးသွင်းရေး သတ်မှတ်ဆောင်ရွက်ပေးဖို့ဆိုတဲ့တောင်းဆိုချက်မှာ သက်ဆိုင်တဲ့ ကာယကံရှင်တစ်ဦးချင်းရဲ့ ဆန္ဒတွေနဲ့ အဲဒီလိုလူတွေအားလုံးရဲ့ သဘောတူညီမှုတွေ အမှန်တကယ်လိုအပ်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စောစောက ကျွန်တော် တင်ပြခဲ့သလို လုပ်ထုံးလုပ်နည်းအရ မိမိဝန်ထမ်းများရဲ့ ရေးသွင်းမှုဟာ မိမိသဘောဆန္ဒအလျှောက် ခေါင်းထဲပေါ်လာတာကိုမှန်းပြီး ရေးသွင်းလို့ရတာမျိုးမဟုတ်ဘဲ ကာယကံရှင် ရဲ့ပြောဆိုချက်အရသာ ရေးသွင်းရတာဖြစ်တဲ့အတွက် သက်ဆိုင်တဲ့ကာယကံရှင်အားလုံးက သူတို့ရဲ့ လူမျိုးအမည်ရေးတဲ့အခါမှာ လူမျိုးစုရင်းအမည်ကိုပဲသုံးပါဆိုတဲ့ တူညီတဲ့ဆန္ဒနှင့်တူညီတဲ့သဘော တူညီချက်ရရှိမယ်ဆိုမှသာလျှင် တင်ပြဆုံးဖြတ်ခြင်းနဲ့ ဆောင်ရွက်သွားရမယ့်လုပ်ငန်းစဉ်မျိုးဖြစ်နေ ပါကြောင်းဖြေကြားပါသည်။