မြေပုံ-မင်းပြားကားလမ်းဟာ ၂၇ မိုင်နဲ့ ၄ ဖာလုံရှည်လျား ပြီးတော့ ရွာပေါင်း ၁၅ ရွာအပါအဝင် မြေပုံနှင့်မင်းပြားမြို့များကို ဆက်သွယ်ထားတဲ့ တစ်ခုတည်းသော လမ်းဖြစ်ပါတယ်။ မြေပုံမြို့ဟာ သီးခြားကျွန်းလေးတစ်ခုဖြစ်တဲ့ ကြက်ဆင်ကျွန်းရဲ့တောင်ဘက်စွန်းမှာ တည်ရှိပါတယ်။ ကြက်ဆင်ကျွန်းရဲ့တောင်ဘက်မှာ ဟန်တားပင်လယ်အော်ရှိပြီးတော့ မြောက်ဘက် မှာတော့ ကြက်ဆင်မြစ်ခြားပြီးတော့ မင်းပြားမြို့တည်ရှိပါတယ်။ လေးမြို့မြစ်ဟာ ကျွန်းရဲ့မြောက်ဘက် ထိပ်မှာ မြစ်နှစ်သွယ်ခွဲထွက်သွားပြီးတော့ ကျွန်းကိုအရှေ့၊ အနောက်နှစ်ဘက်ညှပ်စီးဆင်းပြီး ဟန်တား ပင်လယ်အော်ထဲကိုစီးဝင်ပါတယ်။ ကြက်ဆင်ကျွန်းဟာ သီးခြားကျွန်းလွတ်တစ်ခုဖြစ်လာပြီး မြေပုံ-မင်းပြားကားလမ်းဟာ ကျွန်းရဲ့တောင်နဲ့မြောက်ကို အလျားလိုက်ဖောက်လုပ်ထားတဲ့လမ်းဖြစ်ပါတယ်။ ဒီလမ်းရဲ့အရှည် ၇ မိုင်ခန့်ဟာ ြမေပုံမြို့နယ်အတွင်းကျရောက်ပြီးတော့ ကျန်မိုင် ၂၀ ခန့်ဟာ မင်းပြား မြို့နယ်အတွင်း ကျရောက်ပါတယ်။ မင်းပြားမြို့ဟာ ရန်ကုန်-စစ်တွေကားလမ်းမကြီးပေါ်မှာရှိလို့ မြေပုံမြို့အတွက် မင်းပြားမြို့နယ်ရော အခြားမြို့နယ်အတွက်ပါဆက်သွယ်ရာမှာ ဒီလမ်းဟာ မရှိမဖြစ် လိုအပ်တဲ့လမ်းလည်းဖြစ်ပါတယ်။ ဒီလမ်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်၊ ၃၀ လောက်ကတည်းက ပါတီကောင်စီခေတ်မှာ ကိုယ်ထူကိုယ်ထစလုပ်ခဲ့ရတာဖြစ်ပေမယ့် ယခုအချိန်အထိ ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေ တအိအိဒယိမ်းဒယိုင်နဲ့ သွားလာနေတဲ့ ကျောက်ခင်းလမ်းအဖြစ်သာ ရှိပါသေးတယ်။ တချို့လမ်းအပိုင်းတွေမှာဆိုရင် မြေသားလမ်းအဖြစ်သာ ရှိနေကြောင်းလည်းသိရပါတယ်။ လမ်းချိုင့် တွေ၊ ချောက်တွေ၊ ခနော်ခနဲ့တံတားတွေကြောင့် မကြာခဏယာဉ်များတိမ်းမှောက်ပြီး လူတွေအနာတရ ဖြစ်ကြရပါတယ်။ အဓိကကတော့ ကတ္တရာလမ်းမခင်းပေးလို့ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ဒေသနဲ့ပတ်သက်လို့ အချက်နှစ်ချက်ကို လိုအပ်မယ်ထင်တဲ့အတွက် တင်ပြ လိုပါတယ်။ ပထမအချက်က ကြက်ဆင်ကျွန်းရဲ့ မြောက်ဘက်ထိပ်ကနေပြီးတော့ မင်းပြားမြို့ဘက်ကို ကူးတဲ့အခါမှာ တံတားမရှိတာကြောင့် လှေအကြီးနှစ်စီးကိုပူးပြီးတော့ ဇက်ဖောင်လုပ်ပြီးတော့ လူတွေ၊ ဝန်တွေ၊ ဆိုင်ကယ်တွေကိုပို့ပေးရပါတယ်။ တစ်ဖက်ကမ်းမှာ ကားကအဆင်သင့်စောင့်ပြီး ခရီးဆက် ကြရပါတယ်။ မြစ်ကကျဉ်းပေမယ့် တစ်ဖက်မြစ်ကမ်းပါးဟာ ရေတိုက်စားလို့ ကမ်းပါးပြိုလေ့ရှိတာ ကြောင့် တံတားထိုးရခက်တယ်လို့ သိရှိရပါတယ်။ ဒီအချက်ကြောင့် ဒီလမ်းကိုပြုပြင်ရေးမှာ အဟန့်အတားတစ်ခုဖြစ်လာမှာကိုစိုးလို့ တင်ပြရခြင်းဖြစ်ပါတယ်။ တံတားထိုးနိုင်ရင်ကောင်းပေမယ့် မထိုးနိုင်ရင်လည်း လက်ရှိအတိုင်း ခရီးဆက်လို့ဖြစ်ပါတယ်။ နဝဒေးတံတားကြီးမရှိခင်က ပြည်နဲ့ဆင်တဲ ကမ်းကို ဒီလိုပဲ နှစ်ပေါင်းများစွာကူးခဲ့ကြရပါတယ်။ ဒုတိယအချက်က ရန်ကုန်-စစ်တွေလမ်းမကြီးကနေ မြေပုံမြို့နယ်၊ ခါးပိုက်ချောင်းကျေးရွာအနီးက လမ်းခွဲတစ်ခုဖောက်ပြီးမြေပုံမြို့ကို ဆက်သွယ်ပေးဖို့အစီ အစဉ်ရှိတယ်လို့ ကြားသိရပါတယ်။ ဒီလမ်းက အခုအထိမစရသေးတဲ့အပြင် မြစ်ကူးတံတားကြီး နှစ်စင်းလည်း တည်ဆောက်ရမှာဖြစ်လို့ အချိန်များစွာကြန့်ကြာမှာဖြစ်ပါတယ်။ အဲဒီလမ်းဟာ ြမေပုံ မြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ရွာများနဲ့အမ်းမြို့နယ်ဘက်ကိုသွားရာမှာ ပိုမိုအဆင်ပြေလွယ်ကူစေ မှာဖြစ်ပါတယ်။ မင်းပြားမြို့ကိုသွားမယ်ဆိုရင်တော့ ယခုလက်ရှိလမ်းထက် သုံးဆလောက်ဝေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလမ်းကလည်း လိုအပ်ပေမယ့် မင်းပြား-မြေပုံလမ်းပြုပြင်ရေးမှာတော့ အဟန့်အတားတစ်ခု မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ ဒီမင်းပြား-မြေပုံကားလမ်းဟာ မြို့နှစ်မြို့ကို ဆက်သွယ်ထားတဲ့လမ်းဖြစ်တဲ့အပြင် ရှိနေပြီးသားလမ်းတစ်လမ်းလည်းဖြစ်တာကြောင့် တကယ်လည်း လုပ်ပေးသင့်၊ ပြုပြင်ပေးသင့်တဲ့လမ်းဖြစ်ပါတယ်။ မြေပုံမြို့နယ်သူ၊ မြို့နယ်သားတွေရော၊ မင်းပြား မြို့နယ်သူ၊ မြို့နယ်သားတွေရော အထူးလိုလားတောင့်တနေကြတဲ့လမ်းလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်စားလှယ်တော်ကြီး အိမ်အပြန်မျက်နှာပန်းလှစေဖို့ ဒီမေးခွန်းလေးတော့ အဆင်ပြေနိုင်ပါစေလို့ ဆုတောင်းရင်းနဲ့ ကျွန်တော်ရဲ့မေးခွန်းကို တင်ပြပါမယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အရှည် ၂၇ မိုင်၊ ၄ ဖာလုံရှိသော မင်းပြား-မြေပုံကျောက်ခင်းလမ်းအား ကားကြီး၊ ကားငယ်လွယ်ကူချောမွေ့စွာ၊ ဘေးအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် ကတ္တရာလမ်းခင်းပေးနိုင်ပါသလား။ ခင်းပေးနိုင် မည်ဆိုပါက မည်သည့်အချိန်တွင် စတင်ခင်းပေးမည်ဖြစ်ကြောင်းနဲ့ အကယ်၍မခင်းပေးနိုင်ပါက ဤအခက်အခဲအားမည်သို့ ကူညီဖြေရှင်းပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
မြေပုံနဲ့ မင်းပြားလမ်းဟာ မိုင်အရှည်အားဖြင့် ၂၄ မိုင် ၇ ဖာလုံရှိပါတယ်။ ရခိုင်ပြည်နယ် အတွင်း ပင်လယ်ကမ်းခြေမြေပုံမြို့ကနေ ကုန်းတွင်းပိတ်မင်းပြားကို ဆက်သွယ်သောလမ်းတစ်လမ်းဖြစ် ပါတယ်။ ယခင်ကာလများက လူထုလုပ်အားဖြင့် ကျေးရွာချင်းဆက်မြေသားလမ်းတာပေါင်ပဲ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၀၉ ခုနှစ်၊ မတ်လမှသာလျှင် စတင် တာဝန်ယူတာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်၊ မတ်လမှာ လမ်းအူကြောင်းတိုင်းတာပါတယ်။ စက်ယာဉ် ယန္တရားများနဲ့စတင်ပြီးဖောက်တဲ့လမ်းဖြစ်ပါတယ်။ မြေပုံမြို့နယ်မှာ ၇ မိုင်နဲ့ ၂ ဖာလုံပဲပါပြီးတော့ မင်းပြားမြို့နယ်ပိုင်းက ၁၇ မိုင် ၅ ဖာလုံ ပါပါတယ်။လမ်းတစ်လျှောက်မှာ ကံသာရွာ၊ ဒဂုံရွာ၊ ဝက်ခေါင်းရွာ၊ ခမောင်းရွာ၊ တောင်ရှည်ပြင်ရွာစတဲ့ရွာကြီး ၁၅ ရွာကို ဖြတ်သန်း၍ ဖောက်လုပ်ထားတဲ့ အတွက်ဒေသတွင်းမှာလည်း အရေးပါတဲ့လမ်းတစ်လမ်းဖြစ်ပါတယ်။ ဖြတ်သန်းတဲ့လမ်းတစ်လျှောက် မှာမြစ် ၁ စင်း၊ ချောင်းကျယ် ၅ ခုနဲ့ ချောင်းငယ်များပေါများခြင်းကြောင့် တံတားပေါင်း ၅၈ စင်းရှိပါ တယ်။ မြေပုံမြို့မှ ၆ မိုင် ၆ ဖာလုံကို ဝက်ခေါင်းရွာထိ ကျောက်လမ်းခင်းပြီးဖြစ်ပါတယ်။ ၃၁-၅-၂၀၁၁ ရက်နေ့ လမ်းအခြေအနေတင်ပြရရင် ကျောက်လမ်း ၁၄ မိုင်၊ မြေသားလမ်း ၁၀ မိုင် ၇ ဖာလုံ ဖြစ်ပါတယ်။ စုစုပေါင်း ၂၄ မိုင် ၇ဖာလုံ ဖြစ်ပါတယ်။ လမ်းဖောက်လုပ်ခြင်းလုပ်ငန်းနဲ့တစ်ပြိုင်တည်း တံတားများကိုလည်း တည်ဆောက်ပေးမှာဖြစ်တဲ့အတွက် အောက်ပါတံတားများ တည်ဆောက်လျက် ရှိပါတယ်။ ပိုက်ရေပြွန်ဖြင့် ၃ စင်း၊ ၅၀ ပေအောက် သစ်သားတံတား ၁၂ စင်း၊ ၅၀ ပေအထက်အုတ်စီ ကမ်းကပ်ခုံနှင့် သစ်သားတံတား ၃၇ စင်း၊ ပေ ၅၀ မှ ပေ၁၀၀ အောက်သစ်သားတံတားများဖြစ်တဲ့ အတွက် တက်ခုတ်ချောင်းနဲ့ ဖလောင်းပြင်တံတား ၂စင်း၊ ၅၀ပေမှ ၁၀၀ပေအောက် အုတ်စီကမ်း ကပ်ခုံနှင့်သစ်သားတံတားများ သာယာကုန်းနဲ့ချော်ချောင်းတံတား ၂ စင်း၊ ၁၂၀ ပေ ရှည်သစ်သားနဲ့ ဘေလီပေါင်းစပ်ထားတဲ့ ငတန်ပျင်းချောင်းတံတား ၁ စင်း၊ စုစုပေါင်းတံတား ၅၇ စင်းတို့ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ပြင်ဆင်ထိန်းသိမ်းရန်ပုံငွေနဲ့လည်း သစ်သားတံတားများကြံ့ခိုင်မှုရှိစေရန် ပြင်ဆင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မြေပုံ-မင်းပြားလမ်းဟာ ကျေးရွာပေါင်း ၁၅ ရွာကို ဖြတ်သန်းဖောက်လုပ်ထားပြီး ဒေသခံပြည်သူများအားထားရတဲ့ လမ်းတစ် လမ်းဖြစ်ပါတယ်။ ပထမဦးစွာ လမ်းအကျယ် ၃၄ ပေ လမ်းတာပေါင်ရရှိအောင်ဆောင်ရွက်ပြီး ရာသီ မရွေးသွားလာနိုင်တဲ့ ကျောက်ချောလမ်းအဆင့်ကိုစတင်ပြီး မြှင့်တင်ရမှာဖြစ်ပါတယ်။ လောလောဆယ် အစီအစဉ်များအရ ကတ္တရာခင်းနိုင်တဲ့အစီအစဉ်မရှိသေးပါ။ လမ်း-တံတားများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းနဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေများ တင်ပြတောင်းခံထားပြီး ဦးစားပေးအဆင့်အလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
