(ဃ)-ဆိပ်ဖြူ-ဆောလမ်းကို အဆင့်မြှင့်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၂) ရက်မြောက်နေ့ (၅-၁၀-၂၀၁၁)

ဆောမြို့နယ် အထူးသဖြင့် ဂန့်ဂေါခရိုင်၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါမြို့များဟာ မကွေးတိုင်းဒေသကြီး ဆိုသော်လည်း ဧရာဝတီမြစ်အနောက်ဘက် ပုံတောင်ပုံညာတောင်တန်းကြီးနှင့် ချင်းတောင်တန်းကြီး ကြားမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ အထူးနောက်ကျနေခဲ့တဲ့ ဒေသကြီးဖြစ်ပါတယ်။ ယခင် ကာလကတည်းက  လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အပြင်လူမဝင်ရဆိုသလို အတွင်းလူ မထွက်ရဆိုသကဲ့သို့ ပိတ်ဆို့နေခဲ့တဲ့ဒေသဖြစ်ပြီးမှ မျက်လှည့်ဆရာများ၊ မြွေအလမ္မာယ်ဆရာများရဲ့ ဆောပြန်ယောပြန်လို့ ပြောရလောက်အောင် ခက်ခဲတဲ့ဒေသဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဆောမြို့နယ်မှာ ပြည်မသို့ထွက်တဲ့လမ်းနှစ်လမ်းရှိပြီး ဆော-ဆိပ်ဖြူလမ်းနှင့် ဆော-ပခုက္ကူလမ်းတို့ ဖြစ်ပါတယ်။ ဆော-ဆိပ်ဖြူလမ်းဟာ ဆောမြို့နယ်သာမက တောင်ပိုင်းချင်းပြည်နယ်နဲ့ ပြည်မ ဆက်သွယ်တဲ့လမ်းကြောင်းလည်းဖြစ်ပါတယ်။ ဆောင်းကာလနဲ့နွေကာလများမှာ နိုင်ငံခြားခရီးသွား များနတ်မတောင်အမျိုးသားဥယျာဉ်သို့ ညောင်ဦးမှတစ်ဆင့် အသွားအပြန် ဖြတ်သန်းသွားလာသော လမ်းလည်းဖြစ်ပါတယ်။ လက်ရှိကာလမှာ အဆိုပါလမ်းကို ဆော-ကန်ပက်လက်-လောင်းရှည်-ကျင်တွဲ ကားများဖြတ်သန်းသွားလာလျက်ရှိပြီး သစ်တိုက်၊ ဝါးတိုက်ကားများ အမြဲသွားလာလျက်ရှိပါတယ်။ အဆိုပါလမ်း ဆော-ကန်စွန်းမအပိုင်း မိုင် ၃၀ အတွင်းမှာ မိုးကာလမှာတောင်ပြိုခြင်း၊ ဗွက်ပေါက်ခြင်း များဖြစ်ပြီး အလွန်ဆိုးရွားလျက်ရှိပါတယ်။ ဆော-ဆိပ်ဖြူလမ်း ထိုကဲ့သို့ဖြစ်နေခဲ့သည်မှာ ကျွန်တော်တို့ သိတတ်စအရွယ်က ယနေ့အထိဖြစ်ပါတယ်။ သွားလာနိုင်သောအချိန်များမှာလည်း လမ်းများကျဉ်း၍ ဂျစ်ကား၊ နစ်ဆန်းကယ်ရီကားလေးများနဲ့သာသွားနေရပါတယ်။

ဆော-ဆိပ်ဖြူလမ်းပေါ်မှာရှိတဲ့ ဆောမြို့အတွင်း ဘေလီတံတားဟာလည်းပဲ ကြမ်းခင်းသစ်သား များဆွေးမြေ့ပြီးမှ ပျက်လျက်ရှိပါတယ်။ အဲဒီတံတားကိုလည်းပဲ မြို့ရဲ့ ကျက်သရေအဖြစ်သော် လည်းကောင်း၊ အဆင့်မြင့်သံကူကွန်ကရစ်တံတားကြီးအဖြစ် ဆောက်လုပ်ပေးစေလိုပါတယ်။ အဆိုပါ ဆော-ဆိပ်ဖြူလမ်း ကောင်းမွန်လာပါက ဆော၊ ကန်ပက်လက်၊ လောင်းရှည်၊ ကျင်‌ဒွေး၊ မင်းတပ်၊ မတူပီ၊ ထီးလင်း၊ ဂန့်ဂေါမြို့နယ်များ မကွေး၊ နေပြည်တော်၊ ရန်ကုန်မြို့များသို့သွားရာမှာ အသုံးပြု ဖြတ်သန်းသွားမည်ဆိုပါက ဧရာဝတီမြစ်ဖြတ်တံတား၊ အနော်ရထာတံတားကြီးရှိပြီးဖြစ်၍ အတိုဆုံး လမ်းလည်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ အဆိုပါ ဆော-ဆိပ်ဖြူလမ်းကို အကြီးစားပြင်ဆင်မှုပြုလုပ်၍ အဆင့်မြှင့်ဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်‌မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မကွေးတိုင်း‌ဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်းမှာရှိတဲ့ လမ်းအရှည်ဟာ ၆၉ မိုင်နဲ့ ၂ ဖာလုံရှည်လျား ပါ တယ်။ ဆိပ်ဖြူ-ဆော-ကန်ပက်လက်လမ်းဟာလည်း မြို့နယ်ချင်းဆက်လမ်း ဖြစ်ပါတယ်။ ၃၁-၅-၂၀၁၁ ရက်နေ့ထိ လမ်းအ‌ြခေအနေတင်ပြရလို့ရှိရင် ဆောမြို့နယ်အပိုင်းမှာ ကတ္တရာလမ်းက ၃ မိုင်နဲ့ ၂ ဖာလုံ၊ ကျောက်လမ်းက ၃ မိုင်၊ အမာခံလမ်း ၁၈ မိုင် ၄ ဖာလုံ၊ စုစုပေါင်း ၂၄ မိုင် ၆ ဖာလုံ ရှိပါတယ်။ ဆိပ်ဖြူမြို့နယ်အပိုင်းမှာ ကတ္တရာလမ်းက ၁၀ မိုင်နဲ့ ၇ ဖာလုံ၊ အမာခံလမ်းက ၂၄ မိုင် ၁ ဖာလုံ၊ မြေလမ်းက ၉ မိုင်နဲ့ ၄ ဖာလုံ၊ စုစုပေါင်း ၄၄ မိုင်နဲ့ ၄ ဖာလုံရှိပါတယ်။ ဒါကြောင့်မို့လို့ အဲဒီလမ်းရဲ့ စုစုပေါင်းဟာ ကတ္တရာလမ်းက ၁၄ မိုင် ၁ ဖာလုံ၊ ကျောက်လမ်းက ၃ မိုင်၊ အမာခံလမ်းက ၄၂ မိုင် ၅ ဖာလုံ၊ မြေသားလမ်းကတော့ ၉ မိုင်နဲ့ ၄ ဖာလုံ၊ အားလုံး ၆၉ မိုင်နဲ့ ၂ ဖာလုံရှိပါတယ်။ ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ ၂၂  ရက်နေ့မှာဖြစ်ပွားခဲ့သော ဂီရိမုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးရွာသွန်းမှု များပြားပြီး မိုင်တိုင် ၄၄ မိုင် ၄ ဖာလုံကနေပြီးတော့ ၆၆ မိုင် ၀ ဖာလုံအတွင်းမှာ လမ်းသားပဲ့ကျခြင်းနဲ့ မြေပြိုခြင်းများ၊ လမ်းပိတ်ဆို့ခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။ လမ်းဆက်သွယ်မှုမပြတ်တောက်စေရန် အတွက် စက်ယာဉ်ယန္တရားကြီးများသုံးပြီး ၁၀ ရက်အတွင်းမှာပဲ လမ်းပွင့်သွားအောင်ဆောက်လုပ်ရေး ဝန်ကြီးဌာနကနေပြီးတော့ ဂန့်ဂေါခရိုင်အင်ဂျင်နီယာမှူးနဲ့အဖွဲ့က ဆောင်ရွက်ခဲ့ပါတယ်။ လမ်းဘေး ပဲ့ကျခဲ့တဲ့ မြေနေရာအသစ်လည်း မြေသားလမ်းအဆင်‌့မြှင့်တင်ပြီးတော့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် မှာ မကွေးတိုင်းဒေသကြီးရဲ့ ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေကနေပြီးတော့ လုပ်ဆောင်တဲ့ လုပ်ငန်း များကို တင်ပြရရင် လမ်း-တံတားသာမန်ပြင်ဆင်ထိန်းသိမ်းခြင်းက ၆၉ မိုင်၂ ဖာလုံ၊ အမာခံလမ်းမှ မြေသားလမ်း အဆင့်နိမ့်ကျပျက်စီးနေသောအပိုင်းအား ကျောက်ဖြည့်ခြင်း၊ သဲဗြုံးခင်းခြင်း၊ သုံးလက်မထု ခင်းကြိတ်ခြင်း၊ လမ်းချောခြင်းက ၁ မိုင်၊ အမာခံလမ်းမှ ၁၂ ပေ၊ လမ်းအကျယ် ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းက ၂ မိုင် ၁ ဖာလုံတို့ ဆောင်ရွက်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ဆိပ်ဖြူ-ဆောလမ်းပေါ်ရှိတဲ့ ၃၆၀ ပေရှိတဲ့ ဆောမြို့တွင်းတံတားဟာ တစ်လွှာ တစ်ထပ်ဘေလီတံတားဖြစ်ပါတယ်။ တံတားရဲ့အုတ်မြစ်မှာ  သံကူကွန်ကရစ်ရေတွင်းခွေအမျိုးအစား ဖြစ်ပြီး ရေလည်တိုင်နဲ့ကမ်းကပ်ခုံမှာ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပါတယ်။ သစ်သားကြမ်းခင်း၊ ဘီးလမ်းများပြုပြင်ရန်နဲ့ တံတားတစ်စင်းလုံးကြံ့ခိုင်ရေးကောင်းမွန်ရန်အတွက် ဂန့်ဂေါခရိုင်၊ အင်ဂျင် နီယာမှူးနဲ့အဖွဲ့ကနေပြင်ဆင်ထိန်းသိမ်းခြင်း တာဝန်များ ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိအခြေ အနေမှာတော့ ကြံ့ခိုင်မှုကောင်းမွန်နေသောအ‌ြခေအနေရှိပြီး သံကူကွန်ကရစ်တံတားအဖြစ် အဆင့် မြှင့်တင်တည်ဆောက်ရန် လောလောဆယ်အစီအစဉ်မရှိသေးပါ။ ဆိပ်ဖြူ-ဆောလမ်းကိုလည်း အဆင့် မြှင့်တင်ခြင်းနဲ့ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ရန် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်ငွေလုံးငွေရင်းနဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေများတင်ပြတောင်းခံပြီး ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။