ကျွန်တော်တို့နိုင်ငံမှာကျင့်သုံးလျက်ရှိတဲ့ ဥပဒေများကို လေ့လာကြည့် တဲ့အခါမှာ အာဏာပိုင်အဖွဲ့အစည်းများကကျင့်သုံးတဲ့ ဥပဒေ ၁၁၅ ခု၊ ကာကွယ်ရေးကဏ္ဍအတွက် ကျင့်သုံးတဲ့ဥပဒေ ၁၃ ခု၊ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူဝင်မှုကြီးကြပ်ရေး ကဏ္ဍအတွက်ကျင့်သုံးသောဥပဒေ ၅၉ ခု၊ စည်ပင်သာယာရေးကဏ္ဍအတွက် ကျင့်သုံးသောဥပဒေ ၁၂ ခု၊ သာသနာရေးကဏ္ဍအတွက် ကျင့်သုံးသောဥပဒေ ၁၀ ခု၊ နိုင်ငံခြားရေးကဏ္ဍအတွက် ကျင့်သုံးသော ဥပဒေ ၆ ခု၊ ဘဏ္ဍာရေး၊ အခွန်၊ ငွေရေးကြေးရေးကဏ္ဍအတွက် ကျင့်သုံးသောဥပဒေ ၂၉ ခု၊ စီးပွားရေး ကဏ္ဍအတွက် ကျင့်သုံးသောဥပဒေ ၅၇ ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍအတွက် ကျင့်သုံးသော ဥပဒေ ၂၉ ခု၊ သမဝါယမကဏ္ဍအတွက် ကျင့်သုံးသောဥပဒေ ၂ ခု၊ ဆောက်လုပ်ရေး ကဏ္ဍအတွက် ကျင့်သုံးသောဥပဒေ ၅ ခု၊ လူမှုရေးကဏ္ဍအတွက် ကျင့်သုံးသောဥပဒေ ၆၄ ခု၊ စုစုပေါင်း ၄၀၁ ခုရှိကြောင်းလေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် နိုင်ငံတော်မှာပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေနဲ့ နည်းဥပဒေများ များစွာရှိတဲ့အနက် ခေတ်နှင့်လျော်ညီခြင်းမရှိသော ပြည်သူများအပေါ်အကျိုး မပြုသော ဥပဒေများ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် စီစဉ် ဆောင်ရွက်ထားရှိမှုအြခေအနေကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအြခေအနေအရပ်ရပ်ကို အကြောင်းပြုပြီးတော့ လိုအပ်တဲ့ဥပဒေတွေကိုပြဋ္ဌာန်းခဲ့ပါတယ်။ အဲ့ဒီလို ပြဋ္ဌာန်းခဲ့တဲ့ဥပဒေတွေအနက် အချို့ဥပဒေတွေဟာ ပြောင်းလဲလာတဲ့အခြေအနေနှင့် ဆီလျော်မှုမရှိခြင်းကြောင့်လည်းကောင်း၊ အချိန် ကာလကြာမြင့်စွာ ကျင့်သုံးမှုမရှိခြင်းကြောင့်လည်းကောင်း၊ အနာဂတ်ကာလမှာကျင့်သုံးရန် အကြောင်းမရှိတော့တဲ့အတွက်ကြောင့်လည်းကောင်း၊ ရုပ်သိမ်းသင့်တဲ့ဥပဒေတွေရှိသကဲ့သို့ ပြောင်းလဲ လာသောအြခေအနေနှင့် လိုက်လျောညီထွေရှိစေရန် ပြင်ဆင်သင့်တဲ့ဥပဒေများလည်းရှိပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေနဲ့ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေအရ တည်ဆဲဥပဒေတွေကိုစာရင်း ပြုစုထားတာရှိပါတယ်။ သို့ရာတွင် ဥပဒေအသီးသီးကိုစီမံခန့်ခွဲအကောင်အထည်ဖော်တဲ့ အဖွဲ့အစည်း တွေဟာ ပြည်ထောင်စုဝန်ကြီးဌာနများသာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဟာ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများနှင့်ညှိနှိုင်းပြီးတော့ ရုပ်သိမ်းသင့်သည့်ဥပဒေများကို ရုပ်သိမ်းရန်လည်းကောင်း၊ ပြင်ဆင်ဖြည့်စွက်သင့်သည့်ဥပဒေများကို ပြင်ဆင်ဖြည့်စွက်ရန်လည်းကောင်း၊ အသစ်ပြဋ္ဌာန်းသင့်သည့်ဥပဒေများကို အသစ်ပြဋ္ဌာန်းရန်လည်းကောင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ပထမအကြိမ်လွှတ်တော်ပုံမှန်အစည်းအဝေး စတင်ပြီးတာနှင့်တစ်ပြိုင်တည်းမှာပဲ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနတွေကို ပြင်ဆင်၊ ရုပ်သိမ်း၊ အသစ်ရေးဆွဲလိုတဲ့ ဥပဒေများကိုစိစစ်ပြီးတော့ သဘောထားမှတ်ချက်တွေနဲ့အတူ ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို စာရင်းပေးပို့ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာနတွေကလည်း ဥပဒေများကိုစိစစ်ပြီးတော့ သဘောထားမှတ်ချက်များနှင့်အတူ ပြည်ထောင်စုရှေ့နေချုပ်ရုံးကိုစာရင်း ပေးပို့လျက်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြတဲ့ ခေတ်နှင့်လျော်ညီခြင်းမရှိတဲ့ဥပဒေများ၊ နိုင်ငံတော်နှင့် ပြည်သူတို့အပေါ်အကျိုးမပြုသော ဥပဒေများနှင့်စပ်လျဉ်းပြီးတော့ ရုပ်သိမ်းလိုသည့် ဥပဒေအချို့ကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများမှ သဘောထားပေးပို့ထားတာရှိပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့်လည်း သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး တော့ ပြည်ထောင်စုဝန်ကြီးဌာနများက ရုပ်သိမ်း၊ ဖျက်သိမ်းသင့်တဲ့ဥပဒေတွေကို လွှတ်တော်ကို တင်ပြနိုင်ရန် အသေးစိတ်စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။ စိစစ်ဆောင်ရွက်တဲ့နေရာမှာ ဥပဒေ တစ်ရပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီမှု ရှိ၊ မရှိ။ ခေတ်နှင့်လျော်ညီမှု ရှိ၊ မရှိ။ ပြည်သူကို အကျိုးပြုမှု ရှိ၊ မရှိ။ ဥပဒေတစ်ရပ်ရဲ့ အကျိုးသက်ရောက်မှုဟာ ပျက်ပြယ်သွားနိုင်မှု ရှိ၊ မရှိ။ ဥပဒေတစ်ရပ်အရ သက်ဆိုင်သည့်ကာလမှာ ဆောင်ရွက်မှုသည် ယင်းဥပဒေအရ တရားဝင် ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဆက်လက်တည်ရှိနေဖို့ သင့်၊ မသင့်စသည့်အချက်များကို ထည့်သွင်းစဉ်းစားရပါတယ်။ ဥပဒေတစ်ရပ်ကို အစားထိုးပြဋ္ဌာန်းတဲ့အတွက်ကြောင့်မို့လို့ အပြီးရုပ်သိမ်းလိုက်ခြင်းဟာ ယင်းဥပဒေ၏ အာဏာသက်ရောက်မှုကို လုံးဝပျက်ပြယ်သွားနိုင်တာ ဖြစ်တဲ့အတွက်ကြောင့် ဥပဒေတစ်ရပ်ကိုအပြီးရုပ်သိမ်းလိုက်ဖို့ သင့်၊ မသင့်မှာအထူးအလေးအနက် ထားပြီးတော့ဆောင်ရွက်ရတဲ့ကိစ္စရပ်လည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး အနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများနှင့်ညှိနှိုင်းပြီး ဥပဒေများရုပ်သိမ်းခြင်း၊ ပြင်ဆင် ခြင်း၊ အစားထိုးခြင်းတို့ပြုလုပ်သွားနိုင်ရေးကို ပြည်ထောင်စုရှေ့နေချုပ်ဥပဒေနှင့်အညီ အကြံပြု ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
