ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အဆင့်မြင့်ပညာသင်ယူနိုင်ရန်အတွက် ၁၉၇၇ ခုနှစ်မှစ၍ ယနေ့အထိ ဒေသကောလိပ်၊ ကောလိပ်၊ တက္ကသိုလ်စသည်ဖြင့် အဆင့်ဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပါတယ်။ သို့သော်လည်း ဥပဒေ အထူးပြု ဘာသာရပ်မှာ ယနေ့အထိ ထားရှိပေးခြင်းမရှိသည်ကို တွေ့ရှိရပါတယ်။ ဥပဒေအထူးပြု ဘာသာရပ် ကို သင်ကြားလိုသော၊ ငွေကြေးတတ်နိုင်သော ကျောင်းသူကျောင်းသား လူနည်းစုသာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ သွားရောက်ပညာသင်ယူရပါသည်။ ယခုအခါ နိုင်ငံတော်သည် ခေတ်မီဖွံ့ဖြိုး တိုးတက်သော၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေပြီဖြစ်ရာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့်တရားစီရင်ရေးတွင် ဥပဒေပညာကို နားလည်တတ်ကျွမ်းသော မျိုးဆက်သစ် လူငယ်များ များစွာလိုအပ်လျက် ရှိပါတယ်။ သို့ပါ၍ ဘားအံတက္ကသိုလ်တွင် ဥပဒေ အထူးပြု ဘာသာရပ်ကဏ္ဍ ထားရှိပေးပါရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်မှာ နေ့သင်တန်း ကျောင်းသား၊ ကျောင်းသူ ၂၆၇၇ ဦး နှင့် အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၂၉၈၉ ဦး၊ စုစုပေါင်း ၅၆၆၆ ဦးကို လက်ခံ သင်ကြားပေးလျက် ရှိနေပါတယ်။ ထို့အတူပင် မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်မှာ နေ့သင်တန်း ကျောင်းသား၊ ကျောင်းသူ ၈၅၃၅ ဦးနှင့် အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၈၂၃၅ ဦး၊ စုစုပေါင်း ၁၆၇၇၀ ဦးကို လက်ခံသင်ကြားပေးလျက်ရှိပါတယ်။ လက်ရှိ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှာ မော်လမြိုင်တက္ကသိုလ်တွင် ကရင်ပြည်နယ်ရှိမြို့နယ် ခုနစ်ခုပေါင်းမှ ဥပဒေပညာ အထူးပြုဘာသာရပ် ဖြင့် နေ့သင်တန်းတက်ရောက် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူအရေအတွက်မှာ ပထမနှစ် ၂၉ ဦး၊ ဒုတိယနှစ် ၂၄ ဦး၊ တတိယနှစ် ၁၈ ဦး၊ စတုတ္ထနှစ် ၂၀ ဦးသာ ရှိပါတယ်။ နေ့သင်တန်းသားအဖြစ် တက်ရောက်ပြီး ဥပဒေပညာသင်ယူလိုသူ မော်လမြိုင်တက္ကသိုလ်တွင် တက်ရသော်လည်း အဝေးသင်စနစ်ဖြင့် ဥပဒေပညာရပ်ကို သင်ယူလိုသူများအတွက် ဘားအံ တက္ကသိုလ်တွင် တက်ရောက်ခွင့်ရရှိလျက်ရှိသဖြင့် ယခုပညာသင်နှစ်မှာ ပထမနှစ်တွင် ၃၈ ဦး၊ ဒုတိယနှစ်တွင် ၂၈ ဦး၊ တတိယနှစ်တွင် ၄၂ ဦး၊ စတုတ္ထနှစ်တွင် ၃၃ ဦး၊ စုစုပေါင်း ၁၄၁ ဦး တက်ရောက်လျက်ရှိပါတယ်။ မော်လမြိုင်တက္ကသိုလ်သို့ သွားရောက်မတက်လိုသူများအနေဖြင့် ဘားအံတက္ကသိုလ်မှာပင် အဝေးသင်တက္ကသိုလ်တွင် ဥပဒေဘာသာရပ်ကို တက်ရောက်နိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။ အထက်ဖော်ပြပါအတိုင်း ကရင်ပြည်နယ်အတွင်းက ဥပဒေပညာရပ်ကို လေ့လာသင်ယူလိုသူများအနေဖြင့် အဝေးသင်စနစ်ဖြင့် မိမိနေထိုင်ရာဒေသအတွင်းမှာပင် မိမိ၏ လုပ်ငန်းခွင်မပျက်ဘဲ လေ့လာသင်ယူခွင့်ရရှိနေပြီး ဖြစ်ပါတယ်။ နေ့သင်တန်းတက်ရောက်လိုသူများ အတွက် အချိန်တိုအတွင်းကုန်ကျစရိတ် သက်သာစွာဖြင့် မော်လမြိုင်တက္ကသိုလ်တွင် တက်ရောက် သင်ယူရရှိမှာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ဘာသာရပ်ဆိုင်ရာ ရှားပါးသောပညာရှင်များ ကို ထိထိရောက်ရောက် တာဝန်ပေးသင်ကြားပို့ချစေလျက်ရှိရာ လောလောဆယ်တွင် ဥပဒေပညာရပ် ဆိုင်ရာ ကျွမ်းကျင်သော ဆရာ၊ ဆရာမများ လုံလောက်စွာ ခန့်ထားနိုင်ခြင်းမရှိသေးသောကြောင့် လက်ရှိပညာသင်နှစ်တွင် ဘားအံတက္ကသိုလ်၌ ဥပဒေပညာအထူးပြုဘာသာရပ် (နေ့သင်တန်း)ကို ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်တင်ပြ ဖြေကြားပါသည်။
