စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ် ကလေး-ဂန့်ဂေါကားလမ်းနံဘေး ဆယ်တောရွာအနီးမှာ မဏိပူရမြစ် ရှိပါတယ်။ အဲဒီမဏိပူရမြစ်ကိုမဏိပူရဘက်စုံရေလှောင်တမံအဖြစ် ၂၀၀၄-၂၀၀၅ ခုနှစ်ကစတင် ပြီးတော့မှတည်ဆောက်ခဲ့ပါတယ်။ အဲဒီတည်ဆောက်တဲ့မဏိပူရစီမံကိန်းဟာ လယ်ယာမြေဧက ၅၀၀၀၀ ကျော်ကို ရေပေးဝေနိုင်မှာဖြစ်ပြီးတော့မှ မြစ်သာမြစ်လွင်ပြင်ရေကြီးမှုကိုလည်း ကာကွယ် ပေးနိုင်ပါတယ်။ ကလေးဝအောက် ချင်းတွင်းမြစ်ရေကြီးမှုကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓာတ်အားလည်း ၃၈၀ မဂ္ဂါဝပ်ထိအောင် ထုတ်လုပ်ရရှိနေမှာဖြစ်တဲ့အတွက်ကြောင့် မို့လို့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့ကိုပါ အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီစီမံကိန်းကိုဆိုင်းငံ့ထားကြောင်း သိရှိရတဲ့အတွက်ကြောင့်မို့လို့ ဒီစီမံကိန်းပြီးလို့ရှိရင် စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးအတွင်း လယ်ယာစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့ လျှပ်စစ်ဓာတ်အားလည်းရရှိမှာဖြစ်တဲ့အတွက် စက်မှု ကဏ္ဍလည်းဖွံ့ဖြိုးတိုးတက်လာပါမယ်။ လူနေမှုအဆင့်အတန်းလည်းမြင့်မားလာပါမယ်။ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးမှာလည်း အများကြီးအထောက်အကူဖြစ်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီ စီမံကိန်းပြီးစီးရေး၊ အောင်မြင်ရေးကို ပြည်သူများကမျှော်လင့်နေကြပါတယ်။ ဒါကြောင့်မို့ မေးမြန်း ဆွေးနွေးတင်ပြလိုတာကတော့ မဏိပူရဘက်စုံရေလှောင်တမံစီမံကိန်းကို ဆက်လက်ပြီးတော့မှဘယ် အချိန်မှာဆက်လက်ဆောင်ရွက်ပါမလဲ။ ဘယ်အချိန်မှာပြီးစီးရန်လျာထားပါသလဲ။ အကယ်၍ ဒီ စီမံကိန်းပြီးစီးသွားတဲ့အခါမှာ လျှပ်စစ်ဓာတ်အားထုတ်ယူရရှိခဲ့လို့ရှိရင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ တမူးမြို့၊ ကလေးဝစတဲ့မြို့နယ်များ၊ မကွေးတိုင်းဒေသကြီး ဂန့်ဂေါစတဲ့မြို့နယ်များ၊ ချင်းပြည်နယ်ဒေသများကို လျှပ်စစ်မီးဖြန့်ဖြူးပေးရန်အစီအစဉ်ရှိပါသလား ဆိုတာသိရှိလိုကြောင်း မေး မြန်းပါသည်။
မဏိပူရ ရေလှောင်တမံစီမံကိန်းဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကလေး-ဂန့်ဂေါကားလမ်း ဆည်တော်ကျေးရွာအနီး မဏိပူရမြစ်ကို မဏိပူရဘက်စုံရေလှောင်တမံစီမံကိန်း အဖြစ် ၂၀၀၄-၂၀၀၅ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ စီမံကိန်းဟာ လယ်မြေဧက ၅၀၀၀၀ ကို ရေပေးနိုင်ပြီး မြစ်သာမြစ်လွင်ပြင် ရေကြီးမှုကိုကာကွယ်ကာ ကလေးဝအောက်ပိုင်း ချင်းတွင်းမြစ်ရေကြီးမှုကို လျှော့ချ နိုင်မှာဖြစ်တဲ့အပြင် ရေအားလျှပ်စစ်ဓာတ်အား ၃၈၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မှာဖြစ်လို့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်၊ မကွေးတိုင်းဒေသကြီးတို့ရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်မှုကိုပါ ဖြည့်ဆည်း ပေးနိုင်မှာဖြစ်ပါတယ်။ ဒီဇိုင်းပုံစံရေးဆွဲခြင်းလုပ်ငန်းများလည်း ဆောင်ရွက်ဆဲဖြစ်ပါတယ်။ မဏိပူရရေလှောင်တမံစီမံကိန်းကို ၂၀၁၁-၂၀၁၂ ခွဲဝေရရှိတဲ့ရန်ပုံငွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ယခုနှစ်အကုန်တွင်လုပ်ငန်းအားလုံး၏ ၁၃.၅ ရာခိုင်နှုန်းပြီးစီးမည်ဟုခန့်မှန်းပါတယ်။ ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းကဏ္ဍနဲ့ပတ်သက်လို့ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဆောင်ရွက်ရန်ဖြစ်ပြီး ချင်းပြည်နယ်၊ ကလေးဒေသနဲ့ ဂန့်ဂေါဒေသများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး အနေအထားရှိကြောင်းသိရှိရပါတယ်။ စီမံကိန်းလုပ်ငန်းများအား ၂၀၀၄-၂၀၀၅ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ပြီးဖြစ်၍ နိုင်ငံတော်၏ဘဏ္ဍာငွေသုံးစွဲကုန်ကျခံနိုင်မှု ဦးစားပေးအစီအစဉ်များအပေါ် မူတည်၍ လုပ်ငန်းကာလမှာမူတည်နိုင်ပါကြောင်းဖြေကြားပါသည်။
