(က)-ရာသီအလိုက် ပွဲတော်များကို ကျင်းပပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၄၂) ရက်မြောက်နေ့ (၂၇-၁၀-၂၀၁၁)

အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သည့် အနေဖြင့်လည်းကောင်း၊  စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်နေစေရေး အတွက်လည်းကောင်း၊ တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ မြင့်မားလာစေရန် အတွက်လည်းကောင်း၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့များကို ရှေးယခင်အစိုးရ များလက်ထက်ကနည်းတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရလက်ထက်တွင် နိုင်ငံတော်မှ ကြီးမှူးကျင်းပသည့် အထိမ်းအမှတ်ပွဲများအဖြစ် နိုင်ငံတော်ကိုကိုယ်စားပြုပြီး ကျင်းပပေးရန် အစီ အစဉ် ရှိ၊ မရှိ သိလိုပါတယ်ခင်ဗျား။ တစ်ဆက်တည်းမှာပဲ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့စရိုက် များကို ပြုစု ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် ရိုးရာလှေသဘင်ပွဲတော်ကဲ့သို့သော ယဉ်ကျေးမှု ဆိုင်ရာ ပွဲတော်များအားလည်း နိုင်ငံတော်မှကြီးမှူးကျင်းပပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်
အဖြေ

မေးခွန်းမှာဖော်ပြထားတဲ့ ပွဲတော်ကြီးသုံးခုအနက် လွတ်လပ်ရေးနေ့ ပွဲတော်နဲ့ ပြည်ထောင်စုနေ့ပွဲတော်နှစ်ခုဟာ နိုင်ငံတော်ရဲ့သမိုင်းနဲ့ပတ်သက်တဲ့ နေ့ထူးနေ့မြတ်များ ဖြစ်ပါတယ်ရှင်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဒီအထိမ်းအမှတ်ရက်များကို ကျင်းပတဲ့အခါမှာ အစိုးရ အဆက်ဆက်က ၎င်းတို့အချိန်အခါနဲ့ အခြေအနေရဲ့ လိုအပ်ချက်များအပေါ် မူတည်ပြီး ပုံစံမျိုးစုံနဲ့ ကျင်းပခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ အဲဒီလို အခမ်းအနားကျင်းပမှုပုံစံများ ကွဲပြားပြီးခြားနားပေမယ့် လည်း အခမ်းအနားကျင်းပရတဲ့ရည်ရွယ်ချက်များကတော့ အတူတူပဲ ဖြစ်ပါတယ်ရှင်။လွတ်လပ်ရေးနေ့ အခမ်းအနားများကို ကျင်းပတဲ့အခါမှာဆိုရင် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို နောင်လာနောက်သား များသတိရစေပြီး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနဲ့ လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်း လိုစိတ်များ ရှင်သန်ရန်အတွက်လည်းကောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလများအတွင်း အသက်သွေးချွေး စွန့်လွှတ်ပေးဆပ်ခဲ့သူများရဲ့ကျေးဇူးကို အောက်မေ့သတိရစေရန်အတွက် လည်းကောင်း၊ ကိုလိုနီနယ်ချဲ့စနစ်နဲ့ ခေတ်သစ်ကိုလိုနီဝါဒရဲ့ အန္တရာယ်များကို မမေ့လျော့သော သတိဖြင့် ကာကွယ်တားဆီးနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်ကျင်းပခဲ့တာ ဖြစ်ပါတယ်ရှင်။ ပြည်ထောင်စုနေ့ကျင်းပတဲ့အခါမှာလည်း နှစ်ပေါင်းထောင်ချီတည်ရှိခဲ့တဲ့ တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် အတူယှဉ်တွဲနေထိုင်ခဲ့တဲ့အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်း ထားနိုင်ရန်အတွက်လည်းကောင်း၊ ကိုလိုနီနယ်ချဲ့များရဲ့ သွေးခွဲအုပ်ချုပ်မှုအောက်ကရုံးထွက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ကာ လွတ်လပ်ရေးရယူနိုင်ခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက်လည်းကောင်း၊ ပြည်ထောင်စုစိတ်ဓာတ်များထွန်းကားပြန့်ပွားစေရန်အတွက်လည်းကောင်း ရည်ရွယ်ကျင်းပခဲ့တာဖြစ် ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်အစိုးရအနေနဲ့လည်း အဲဒီရည်ရွယ်ချက်များအပြင် မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံတော်အဖြစ်တည်ဆောက်ရာမှာ နိုင်ငံသားတိုင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ရေးဆိုတဲ့ ရည်မှန်းချက်များပါထားရှိဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခမ်းအနားများကို ကျင်းပတဲ့အခါမှာ လည်း ပျော်ပွဲရွှင်ပွဲသဘောထက် နေ့ထူး၊ နေ့မြတ်ကြီးများ ဖြစ်ပေါ်လာရပုံအနှစ်သာရကို ပြည်သူများ အထူးသဖြင့်မျိုးဆက်သစ်လူငယ်များသိရှိဖို့ ခံယူကျင့်သုံးနိုင်ဖို့အတွက် အနှစ်သာရရှိရှိကျင်းပသွား မှာဖြစ်ပါတယ်။ နောက်ပြီးကျင်းပတဲ့အခါမှာလည်း ပြည်ထောင်စုအစိုးရက ဦးစီးကျင်းပသလို တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများကလည်း သိုက်သိုက် ဝန်းဝန်းနဲ့ စည်စည်ကားကားဖြစ်အောင်ကျင်းပသွားမှာဖြစ်ပါတယ်ရှင်။ မြန်မာ့ရိုးရာ လှေသဘင် ပွဲတော်နဲ့ပတ်သက်လို့ကတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အစိုးရလက်ထက်မှာ နိုင်ငံတော်က ဦးစီးပြီးကျင်းပခဲ့ဖူးပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ လက်ထက်ကစပြီး ဒေသအလိုက်ရိုးရာလှေသဘင်ပွဲများ ကျင်းပလျက်ရှိတဲ့ ဒေသများမှာတော့ အစဉ် အလာမပျက်ဆက်လက်ကျင်းပလျက်ရှိကြပါတယ်။ အင်းလေးမှာဆိုရင်လည်း အဲဒီလိုပြိုင်ပွဲများကို ပုံမှန်ကျင်းပနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် လှေသဘင်ပွဲလို မြန်မာ့ရိုးရာပွဲတော်များကိုတော့ နိုင်ငံတော်ကဦးစီးပြီး တစ်နေရာတည်းမှာ စုစည်းကျင်းပတာမျိုး မဟုတ်တော့ဘဲ သက်ဆိုင်ရာ ဒေသများမှာ မိမိတို့ရဲ့ရိုးရာအစဉ်အလာများနဲ့အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်အောင် ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများက ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။