(ခ)-ရွေးမြစ်နှင့် ပြန်မလော့မြစ်ကြား ရေငန်တားတာဆောင်ရွက်ပေးရန် နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၂၂-၉-၂၀၁၁)

မေးမြန်းမယ့်မေးခွန်းကတော့ နှစ်ခုရှိပါတယ်။ နံပါတ်(၁) လပွတ္တာမြို့ရဲ့ ရွေးမြစ်နဲ့ပြန်မလော့မြစ် ကြားမှာရှိတဲ့ စိုက်ပျိုးမြေများကိုရေငန်ဝင်ရောက်မှုမှကာကွယ်ရန်၊ ရေငန်တားတာများပြုလုပ်ပေးမယ့် အစီအစဉ်နဲ့ ယခင်ရှိပြီးသား စပါးတစ်၊ စပါးနှစ်စီမံကိန်းအရ တည်ဆောက်ထားတဲ့တာများရဲ့ ရေထိန်းတံခါးများပျက်စီးနေမှုကို ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်နဲ့ပတ်သက်ပြီး မေးမြန်းမှာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့မေးမြန်းချက်ကို ပြည့်စုံစွာတင်ပြနိုင်ရန် စာဖြင့်ဖတ်ကြားခွင့်ပြုပါ။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်ရဲ့ စပါးစိုက်ပျိုးမြေများ ရေငန် ဝင်ရောက်မှုမှကာကွယ်နိုင်ရန်အတွက် ယခင်ကကမ္ဘာ့ဘဏ်ချေးငွေအစီအစဉ်နဲ့ စပါးတစ်၊ စပါးနှစ် စီမံကိန်းများနဲ့ ပြန်မလော့မြစ်အရှေ့ဘက်ကမ်းဒေသများရှိ ကျေးရွာအုပ်စုများနှင့်လယ်ယာမြေများကို ရေငန်တားတာများ ပြုလုပ်ပေးထားပြီးဖြစ်ပါတယ်။ အဲဒီဒေသအတွင်းရှိ လယ်သမားများအား ယခုဆိုလျှင် မိုးစပါးအပြင်၊ နွေစပါး၊ ဆောင်းသီးနှံ၊ နှမ်း၊ မြေပဲ၊ ငရုတ် စသည့်သီးနှံများ အောင်မြင်စွာစိုက်ပျိုးနိုင်တဲ့ လယ်ယာမြေများနဲ့ ကျေးရွာအုပ်စုကြီးများဖြစ်နေကြပြီးဖြစ်ပါတယ်။ အဲ့ဒီ တာများကိုအသုံးပြုပြီး ကျေးရွာတစ်ရွာနဲ့တစ်ရွာ ဆက်သွယ်ရေးလမ်းအဖြစ်လည်း အသုံးပြုနိုင်တာ တွေ့ရပါတယ်။ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်မှုကို အဲဒီတာများက အသက်ပေါင်းများစွာကိုကယ်တင်ပေးနိုင်တဲ့ အသက်ကယ်ကုန်းအဖြစ်လည်း ဆောင်ရွက်ပေးတာ တွေ့ရှိရပါတယ်။ နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့တာများကိုလည်း ယခုဆိုလျှင် ပြန်လည် ပြုပြင်ပြင်ဆင်နေတာကိုလည်း တွေ့ရှိရပါတယ်။ သို့သော်လည်း တာများရဲ့ရေထိန်းတံခါးများကတော့ ကောင်းစွာအသုံးပြုလို့မရသေးတဲ့အတွက် ရေထိန်းတံခါးများပြုပြင်မှုကိုပြုလုပ်ပေးနိုင်ဖို့ လိုအပ် ပါတယ်။ ဆက်လက်တင်ပြမယ့် ပြန်မလော့မြစ်ရဲ့အနောက်ဘက်ကမ်း၊ ရွေးမြစ်ရဲ့အရှေ့ဘက်ကမ်း၊ ရွေးမြစ်နဲ့ ပြန်မလော့မြစ်အကြားရှိ လယ်ဧက ၃၀၀၀၀ ခန့်နဲ့ စိုက်ပျိုးနေကြတဲ့ကျေးရွာကြီး ခြောက်အုပ်စုဖြစ်ကြတဲ့ သနပ်ဖက်ကျေးရွာ၊ ထင်းပုံကွင်းကျေးရွာ၊ ကန်ဘက်ကျေးရွာ၊ ဂုံညင်းတန်း ကျေးရွာ၊ ကျူတောကျေးရွာ၊ လေးပေါက်ကျေးရွာ အုပ်စုကြီးများဟာ လွန်ခဲ့တဲ့သုံးနှစ်ခန့်ကစပြီး ဇန်နဝါရီလဆိုရင် ရေငန်ဝင်ရောက်မှုကိုခံစားခဲ့ရတယ်။ သို့ပါ၍ နွေစပါးစိုက်ပျိုးရေး အောင်ရေရ ရှိမယ့်သိုလှောင်ချိန်မှာ ရေငန်ဝင်ရောက်မှုကြောင့် နွေစပါးစိုက်ခင်းများပျက်စီးမှုကို ကြုံတွေ့ရပါ တယ်။ ဆောင်းသီးနှံစိုက်ပျိုးမရခြင်း၊ မိုးစပါးတွင် ရေငန်တွေကြောင့် လယ်ယာပြုပြင်မှုခက်ခဲလာခြင်း ကြောင့် သီးနှံအထွက်နှုန်းများကျဆင်းလာတာလည်းတွေ့ရှိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် မေးလိုတာကတော့ ပြန်မလော့မြစ်အရှေ့ဘက်ကမ်းရှိ တာများရဲ့ရေထိန်းတံခါးများ ပြန်လည်ပြုပြင် ပေးမယ့်အစီအစဉ်နဲ့ ရွေးမြစ်နဲ့ပြန်မလော့မြစ်အကြား ရေငန်တားတာအသစ်ပြုလုပ်ပေးနိုင်မယ့် အစီအစဉ်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနအနေနဲ့ နိုင်ငံသားပြည်သူလူထုများရဲ့ လိုအပ်ချက်များအပေါ် စွမ်းအားရှိသမျှ ဖြစ်နိုင်သမျှ စွမ်းအားပြည့်ဖြည့်ဆည်းပေးရန် အထူးဆန္ဒရှိပါကြောင်း၊ ကျွန်တော်တို့ အစိုးရသစ် လက်ထက်တွင် သမ္မတကြီးကိုယ်တိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ပြည်သူတို့၏ လိုအပ်ချက်မှန်သမျှ ကဏ္ဍအလိုက်စိတ်ကောင်းစေတနာကောင်းဖြင့် ဆောင်ရွက်ပေးသွားကြရန် မပြတ်လမ်းညွှန်ချက်ရှိပါတယ်။  မိမိတို့ဝန်ကြီးဌာနအနေနဲ့ ဖြည့်ဆည်းပေးသွားမှာဖြစ်ကြောင်း၊ နိုင်ငံတော်လုပ်ဆောင်ဖွယ်ရာများကိုလုပ်ဆောင်ရာတွင် အဓိကတည်မှီနေသည်မှာ ဘဏ္ဍာရေးပင် ဖြစ်ကြောင်း၊ ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးစသည်အားဖြင့် ဘဏ္ဍာ‌ငွေဦးစားပေးမှုအပေါ် မူတည်၍ ဘဏ္ဍာ‌ငွေခွဲဝေပေးနိုင်သမျှသာဆောင်ရွက်ပေးနိုင်ကြောင်း ဦးစွာပြောကြားလိုပါတယ်။ ရွေးမြစ်နှင့် ပြန်မလော့မြစ်အကြားရှိ ကန်ဘက်၊ အုန်းတပင်၊ ထင်းပုံကွင်း၊ ကျူတော၊ ပေါက်ထု၊ အုန်းပင်စုအစရှိတဲ့ ကျေးရွာအုပ်စုများမှ လယ်သမား ၂၄၀၀ ခန့် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော လယ်ယာမြေဧက ၃၀၀၀၀ ခန့်ရှိပါတယ်။ ယင်းဧရိယာများကို ရေငန်ဝင်ရောက်မှုမှ ကာကွယ်ရန် အတွက် ခန့်မှန်းအလျား ၉၅ မိုင်ခန့်ရှိသော ရေငန်တားတာကို ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ မြေပြင်စူးစမ်းလေ့လာတိုင်းတာခြင်း၊ ဒီဇိုင်းပုံစံထုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်မည်ဖြစ်ပြီးတော့ ဖြစ်နိုင်စွမ်းရှိသည့်အပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ရန်အတွက် နိုင်ငံတော်သို့ ဦးစားပေးအစီအစဉ်ဖြင့် ဆက်လက်တင်ပြပြီး ဘဏ္ဍာငွေခွဲဝေရရှိမှု အပေါ်မှာ မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ဒုတိယမေးခွန်းဖြစ်တဲ့ ပြန်မလော့မြစ်ရဲ့အရှေ့ဘက်ကမ်း ကမ္ဘာ့ဘဏ်ချေးငွေနဲ့ တည်ဆောက် ထားတဲ့ ရေငန်တားတာများပေါ်ရှိ ရေတံခါးများပြုပြင်ခြင်းကိစ္စ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ ကမ္ဘာ့ဘဏ်ချေးငွေနဲ့တည်ဆောက်ထားတဲ့ ဒီရေငန်တားတာနဲ့အတူ ပျက်စီးသွားတဲ့ ရေတံခါးများကိုလည်း ကျွန်တော်တို့ နာဂစ်မုန်တိုင်းအပြီးမှာ အချိန်နဲ့ ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်။ နှစ်အလိုက်ရရှိတဲ့ ရန်ပုံငွေပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ အခုမေးမြန်းထားတဲ့ ဒီရေတံခါးနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့မှာရရှိတဲ့ ရန်ပုံငွေပေါ်မူတည်ပြီးတော့ ဒီတာတွေ၊ ရေတံခါးတွေကို ပြုပြင်သွားမယ်ဖြစ်ပါကြောင်း ဖြေကြားပါသည်။