ငပုတောမြို့နယ်ထဲမှာ မယ်ဇလီကြိုးဝိုင်း၊ ဆင်မကြိုးဝိုင်း၊ ဆင်မုန်ကြိုးဝိုင်းနဲ့ မြစ်တစ်ရာကြိုးဝိုင်းတို့ပါဝင်ပြီး ငပုတောမြို့နယ်နဲ့မြို့နယ်အတွင်းမှာပါဝင်တဲ့ ငရုတ်ကောင်းမြို့နယ်တို့ကို အနောက်ရိုးမတောင်တန်းကြီးက ပိုင်းခြားထားပါတယ်။ ရိုးမတောင်တန်းနဲ့ ကြိုးဝိုင်းသစ်တောအတွင်းမှာ ဆင်ရိုင်းများဟာ ခိုအောင်းနေထိုင်လျက်ရှိပါတယ်။ ဒေသခံပြည်သူများ အနေနဲ့ လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းနဲ့ တောတောင်ကိုအမှီပြုရှာဖွေ စားသောက်ရတဲ့လုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြရပါတယ်။ ၁၉၉၃-၁၉၉၄ ခုနှစ် လောက်ကနေစပြီးတော့ ရာသီဥတုဖောက်ပြန်ခြင်း၊ သစ်တောများပြုန်းတီးမှုတို့ကြောင့် အစာရေစာ တွေရှားပါးလာတဲ့အတွက် တောဆင်ရိုင်းများဟာ အလွယ်တကူရှာဖွေစားသောက်လို့ရတဲ့ တောင်ယာ လုပ်ငန်းကသီးနှံတွေကို ဝင်ရောက်စားသောက်လာခဲ့ကြပါတယ်။ တဖြည်းဖြည်းနဲ့ တောင်ယာသီးနှံ များသာမက တောင်ယာတွေနဲ့နီးစပ်တဲ့ လယ်ယာမြေထဲကိုတစ်ဆင့် အဲဒီကနေတစ်ဆင့် ကျွန်မတို့ ရွာတွေနဲ့နီးစပ်တဲ့လယ်ယာများအထိ နယ်ချဲ့လာခဲ့ကြပါတယ်။ တောဆင်ရိုင်းများဟာ စပါးပေါ်ချိန် ရောက်ပြီဆိုတာနဲ့ လယ်မြေထဲကို အုပ်စုလိုက်ဝင်ရောက်ပြီးတော့ စားသောက်ကြပါတယ်။ ဆင်အုပ် တစ်အုပ်ဆင်းလာပြီဆိုရင် ဆင်အကောင်ရေဟာအကောင် ၂၀ ကနေ ၃၀ နီးပါးအထိပါလာပြီးတော့ အဲဒီဆင်အုပ်တွေသွားတဲ့ လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ လယ်ယာမြေတွေ၊ ပတ်ဝန်းကျင်အားလုံး ဟာအရာအားလုံးနီးပါး ပျက်စီးခဲ့ကြရပါတယ်။ ဒေသခံတောင်သူတွေအနေနဲ့ မိမိတို့စိုက်ပျိုးထားတဲ့ သီးနှံတွေရရှိဖို့အတွက် နီးစပ်ရာတောင်သူလယ်သမားတွေက စုပေါင်းပြီးတော့ ဆင်တွေကို ခြောက်လှန့်မောင်းထုတ်ပြီး ဆင်တွေနဲ့အပြိုင် မိမိတို့စိုက်ပျိုးထားတဲ့ လယ်ယာမြေက စပါးသီးနှံတွေ ကိုရဖို့အတွက် လုပြီးတော့စားသောက်နေရတဲ့ ဘဝမျိုးရောက်ရှိနေကြပါတယ်။
၂၀၀၄-၂၀၀၅ ခုနှစ်လောက်ကနေစပြီးတော့ တောဆင်ရိုင်းတွေဟာ လယ်ယာ မြေသီးနှံတွေ၊ တောင်ယာသီးနှံတွေကို စားသုံးတာမဟုတ်တော့ဘဲနဲ့ လူတွေရဲ့ အသက်အန္တရာယ်တွေ ကိုပါပေးရတဲ့အထိ အန္တရာယ်ပြုလာကြပါတယ်။ ဆင်တွေကို ခြောက်လှန့်ထုတ်ရင်းနဲ့ ပြေးမလွတ် လို့သေဆုံးရတာ၊ တောင်ယာတွေမှာ တောထဲမှာသွားရင်းနဲ့ ဆင်တွေနဲ့ပက်ပင်းတွေ့ပြီးတော့ ဆင်တွေ ရဲ့အန္တရာယ်ပြုမှုအတွက်ကြောင့် ၂၀၀၄-၂၀၀၅ လောက်ကစပြီး ယနေ့ထိ ကျွန်မတို့မြို့နယ်ထဲမှာ သေဆုံးသူဦးရေဟာ ၁၅ ဦးရဲ့ အထက်မှာပဲရှိပါတယ်။ သူ့ရဲ့အောက်မှာမရှိပါဘူး။ တောဆင်ရိုင်းတွေ ဟာ လယ်ယာ၊ တောင်ယာတွေသာမကဘဲနဲ့ အခုဆိုရင် ကျေးရွာတွေအနီးမှာရှိနေတဲ့ ဥယျာဉ်ခြံတွေ အတွင်း၊ ရွာအတွင်းကို ဝင်ရောက်နေကြပြီဆိုတဲ့အကြောင်းကိုလည်း ကျွန်မတို့ ကြားသိနေရပါတယ်။ ကျေးရွာအုပ်စု ၁၅ အုပ်စု လောက်မှာရှိနေတဲ့ ဒေသခံပြည်သူတွေဟာ ကြောက်ရွံ့ထိတ်လန့်ပြီးတော့ နောက်ကြောင်းမအေးရတဲ့အဖြစ်နဲ့ ကြုံတွေ့နေကြရပါတယ်။ ဥက္ကဋ္ဌကြီးရှင်။ ကျွန်မမေးလိုတဲ့မေးခွန်း ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စုများမှာ ပွင့်လင်း ရာသီ၌ တောဆင်ရိုင်းများအန္တရာယ်ပြုမှုများကို အမြဲကြုံတွေ့နေရပြီး နှစ်စဉ်လယ်ယာမြေများ၊ ဥယျာဉ် ခြံမြေများ၊ လူနေတဲ့အိမ်များကို ဖျက်ဆီး၍ လူတို့၏ အသက်အန္တရာယ်ကိုပြုလုပ်လာပြီး အချို့မှာ အသက်ဆုံးရှုံးခြင်းများရှိနေပါသဖြင့် ဆင်အန္တရာယ်မှကင်းဝေးပြီး စိတ်အေးချမ်းသာစွာနေထိုင် လုပ်ကိုင်စားသောက်လိုကြတဲ့ ဒေသခံပြည်သူများအတွက် တောဆင်ရိုင်းများအန္တရာယ်မှကင်းဝေး ရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံအတွင်းမှာ တောဆင်ရိုင်းများနေထိုင်ကျက်စားရာ အဓိကနေရာ များကတော့ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ ဖြစ်ကြပါတယ်။ ၁၉၉၇ ခုနှစ်၊ ဆင်စာရင်းများကောက်ယူမှု အရ ဆင်ကောင်ရေ ၅၀၀၀ မှ ၆၀၀၀ခန့် အထိ ရှိနေရာမှ ယခုအချိန်၊ ယနေ့အချိန်အခါတွင် ဆင်ကောင်ရေ ၃၀၀၀ ခန့်မျှသာ ကျန်ရှိကြောင်းခန့်မှန်းရရှိပါသည်။ တောဆင်ရိုင်းများဟာ Home Range လို့ခေါ်တဲ့ ကျက်စားရာနယ်မြေ၊ စတုရန်းမိုင်အားဖြင့် ၃၀ မှ ၄၀ ခန့်အတွင်းလှည့်လည် ကျက်စားနေထိုင်တတ်ပါတယ်။ အဓိကအစားအစာများမှာတော့ မြက်၊ ထမဆိုင်း၊ မျှစ်နဲ့ ဝါးပင်များ သစ်ခေါက်များ ဖြစ်ကြပါတယ်။ ငှက်ပျော၊ ကြံနဲ့ စပါးကိုလည်း အထူးပင်နှစ်သက်ကြပါတယ်။ တောဆင်ရိုင်းတစ်ကောင်ဟာ တစ်နေ့သွားလာစားသောက်ချိန် ၁၆ နာရီခန့်ရှိပြီးတော့ တစ်နေ့စား သောအစားအစာမှာလည်း ပိဿာ ၁၀၀မှ ၁၂၀ခန့်အထိ စားသောက်တတ်ပါတယ်။ တောဆင်ရိုင်း များမျိုးသုဉ်းခြင်းအန္တရာယ်မှ ကာကွယ်ထိန်းသိမ်းရန် ဆင်ဘေးမဲ့တောများကို ၁၉၂၇ ခုနှစ် ကတည်းက စတင်တည်ထောင်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၅(က)အရ ဆင်များကိုလုံးဝ ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်စာရင်းတွင် ထည့်သွင်းထားပါတယ်။ မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် သပိတ်ကျင်းမြို့နယ်၊ မိုးမိတ်မြို့နယ်များတွင်ပါဝင်သော ရွှေဥဒေါင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော ဧရိယာဧကအားဖြင့် ၆၇.၆၉ စတုရန်းမိုင်၊ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်ရှိသော ရခိုင်ရိုးမဆင်ဘေးမဲ့တော ဧရိယာဧက ၆၇၇.၈၈ စတုရန်းမိုင်ကို တောဆင်ရိုင်းများအတွက် တည်ထောင်ထားရှိပြီးဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မြောက်ဇာမဏီကြိုးဝိုင်းကို လည်းအလားတူဆင်များဘေးမဲ့တောအဖြစ် တည်ထောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ် ပါတယ်။
လူသားများရဲ့ပယောဂကြောင့် သဘာဝသစ်တောများ လျော့နည်းပျက်စီးမှုများ တိုးတက်ဖြစ် ပေါ်လျက်ရှိပါတယ်။ လူဦးရေတိုးပွားလာတာနဲ့အမျှ စားဝတ်နေရေးလိုအပ်ချက်အတွက် သဘာဝ သစ်တောများအပေါ်မှာ မှီခိုထိပါးမှုများ ဖြစ်ပေါ်လာလျက်ရှိပါတယ်။ သဘာဝသစ်တောများအတွင်း သစ်ခုတ်ခြင်း၊ ဓာတ်သတ္တုရှာဖွေခြင်း၊ ဆည်မြောင်းတာတမံများတည်ဆောက်ခြင်း၊ ကျူးကျော် တောင်ယာများစိုက်ပျိုးခြင်း၊ ကျေးရွာများတိုးချဲ့ခြင်း၊ စိုက်ပျိုးမြေများဖော်ထုတ်ခြင်းနှင့် အခြားဖွံ့ဖြိုး ရေးဆိုင်ရာလုပ်ငန်းများကြောင့် တောဆင်ရိုင်းများ၏ကျက်စားရာ သစ်တောဖုံးလွှမ်းသည့် နယ်မြေများ မှာလည်း ကျဉ်းမြောင်းလာပြီး ကျက်စားရာဒေသတစ်ခုနှင့်တစ်ခုအကြား ပြတ်တောက်မှုများကြောင့် ဆင်များအသုံးပြုသည့် လမ်းကြောင်းများနဲ့ဖြတ်လမ်း၊ Corridor များပြတ်တောက်သွားခြင်းများဖြစ် ပေါ်လျက်ရှိပါတယ်။ တောဆင်ရိုင်းများဟာ ယေဘုယျအားဖြင့် လူကိုရှောင်ရှားတတ်တဲ့ အလေ့အထ ရှိပါတယ်။ သို့သော် တောဆင်ရိုင်းများကို ကျုံးသွင်းဖမ်းဆီးခြင်း၊ တရားမဝင်သတ်ဖြတ်ခြင်း၊ ထိခိုက် ဒဏ်ရာရရှိစေခြင်းတို့ကြောင့် လူတို့အပေါ်မှာ ပြန်လည်ရန်မူလာခြင်းများလည်း ဖြစ်တတ်ပါတယ်။ စားကျက်နယ်မြေများ ကျဉ်းမြောင်းလာမှု၊ အစားအစာမလုံလောက်မှု၊ သွားလမ်း၊ ဖြတ်လမ်းများ ပြတ်တောက်မှုတို့ကြောင့် ဘဝရှင်သန်နိုင်ရေးအတွက် လူနဲ့ဆင်များပဋိပက္ခများ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ သစ်တောရေးရာဝန်ကြီးဌာနအနေနဲ့ တောဆင်ရိုင်းများမျိုးမသုဉ်းစေရေး ထိန်းသိမ်း နိုင်ရန်အတွက် သဘာဝတောများအတွင်းသို့ ပြန်လည်မောင်းသွင်းခြင်းနှင့် တစ်ဖက်တစ်လမ်းမှလည်း ဆင်ကောင်ရေလျှော့ချရန် ဆောင်ရွက်ခြင်းတို့ဖြင့် လူနဲ့ဆင်များ ထိပ်တိုက်တွေ့ဆုံမှုများ နည်းပါးလာ စေရန် ၂၀၀၁ ခုနှစ်မှစပြီးတော့ တောဆင်ရိုင်းများကို ဖမ်းဆီးရေးအဖွဲ့များဖွဲ့စည်းပြီး ဖမ်းဆီးခြင်း လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ခဲ့ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ တောဆင်ရိုင်းများကို ယဉ်ပါးအောင်လေ့ကျင့်သင်ကြားပေးပြီးတော့ သစ်ထုတ်လုပ်ငန်း၊ ခရီးသွားလာခြင်းလုပ်ငန်း၊ သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းနဲ့ သဘာဝခရီးသွား လုပ်ငန်းတို့မှာ အသုံးပြုလျက်ရှိပါတယ်။ လူနဲ့ဆင်များပဋိပက္ခများ ဖြစ်ပေါ်သည့်ဒေသများကို စိစစ် ပြီးတော့ နှစ်စဉ်တောဆင်ရိုင်းများ ဖမ်းဆီးတဲ့စီမံကိန်းကို ကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်းတောဆင်ရိုင်း ၂၁၇ ကောင်ဖမ်းဆီးခဲ့ပါတယ်။ လူ နဲ့ ဆင်ပဋိပက္ခ ဖြစ်မှုများ ဆက်လက်ဖြစ်ပေါ်လာတဲ့အတွက်ကြောင့်မို့လို့ လွန်ခဲ့တဲ့လေးနှစ်တာအတွင်း ရန်ကုန်တိုင်း ဒေသကြီးမှာ တောဆင်အကောင်ရေ ၁၂၀၊ ပဲခူးတိုင်းဒေသကြီးမှာ ၁၁၁ ကောင်၊ မန္တလေးတိုင်း ဒေသကြီးမှာ အကောင် ၉၀၊ ရခိုင်ပြည်နယ်မှာ ၂၁ ကောင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၀ ကောင်နဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ၉ ကောင်၊ စုစုပေါင်း ၃၆၁ ကောင်ကို ဖမ်းဆီးခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် တောဆင်ရိုင်းများ လူနေဒေသကို ဝင်ရောက်လာတဲ့အခါ မေ့ဆေးသေနတ်များဖြင့် ဖမ်းဆီးခြင်း၊ ကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ သဘာဝတောများအတွင်းသို့ ပြန်လည် မောင်းသွင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ တောဆင်ရိုင်း ကာကွယ်တား ဆီးရာတွင် ဆင်များရဲ့ အလေ့အထဖြစ်တဲ့ စားကျက်မြေပြောင်းရွှေ့တတ်မှု၊ အစာများစွာလိုအပ်မှု၊ Home Range စတုရန်းမိုင် ၃၀ မှ ၄၀ ခန့်အတွင်း ကျယ်ပြန့်စွာလှည့်လည်ကျက်စားတတ်မှုနဲ့ သွားလမ်း၊ ပြန်လမ်းတစ်လမ်းတည်းသွားလာတတ်မှုများကို အခြေခံပြီး ဆင်အုပ်စုနှင့် ထိပ်တိုက်မတွေ့ ရန်ကြိုတင်ရှောင်ရှားခြင်း၊ ဆင်ဘေးမဲ့တောများအနီး နေထိုင်မှုမပြုခြင်း၊ ဆင်များသွားလာတတ်တဲ့ လမ်းများကိုအပြောင်ရှင်းပြီး အမှိုက်များစုပုံအခြောက်ခံ၍ ဆင်လာချိန်တွင် မီးရှို့ခြောက်လှန့်ခြင်း၊ ဗျောက်အိုးများဖောက်ခြင်း၊ ဝါးဆစ်မီးပေါက်များဖောက်ခြင်း၊ ဆင်လာရာလမ်းတွင် ရောင်ပြန်စီဒီပြား များချိတ်ဆွဲထားခြင်း၊ ဆင်များလာရောက်စဉ် ငရုတ်သီးအညှော်တိုက်ခြင်း၊ လယ်ယာတဲများနေလူ အများက တုံးများခေါက်ခြင်း၊ ကုလားတက်ခေါက်ခြင်း၊ သံပုံးတီးခြင်းစသည်များကို လုပ်ဆောင်ကြရန် ဒေသခံလယ်သမား၊ ခြံသမားများနှင့် တွေ့ဆုံအသိပညာပေးခြင်းလုပ်ငန်းများကို ဌာနဝန်ထမ်းများက ဆောင်ရွက်လျက်ရှိပါတယ်။ ဒေသခံများဘက်မှလည်း တောဆင်ရိုင်းများဝင်ရောက်လာမှု သတင်း ပေးပို့ပါက နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ရဲ့အကူအညီဖြင့် သစ်တောဦးစီး ဌာန၊ မြန်မာ့သစ်လုပ်ငန်းဝန်ထမ်းများကပူးပေါင်းပြီးတော့ ကျေးလက်ပြည်သူများနဲ့အတူ သဘာဝ တောများအတွင်း ပြန်လည်မောင်းသွင်းခြင်းနဲ့ လိုအပ်သလိုဖမ်းဆီးထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဆင်နဲ့လူတို့ရဲ့ ပဋိပက္ခများဖြစ်ပွားရမှုဟာ ဘဝရှင်သန်ရပ်တည် နိုင်ရေးအတွက်သဘာဝတောများကို အပြိုင်မှီတင်းနေထိုင်ကြရာမှ ယခုကဲ့သို့ ထိပ်တိုက်တိုးမိခဲ့ကြ ခြင်းဖြစ်ပါတယ်။ လူတို့က ဆင်များကျက်စားရာ သဘာဝတောများအတွင်း ကျူးကျော်ဝင်ရောက် လုပ်ကိုင်မှုကိုတတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်လည်း လိုအပ်ပါတယ်။ ကျေးရွာများကို တောဆင်ရိုင်းများ မဝင်ရောက်နိုင်ရန် ကြိုတင်ပြင်ဆင်ကာကွယ်ခြင်း နှင့် ဝင်ရောက်လာပါက သတင်းပေးပို့ခြင်း အလေ့ အကျင့်များပြုလုပ်ထားသင့်ပါတယ်။ မိမိတို့ ဝန်ကြီးဌာနအနေနဲ့ တောဆင်ရိုင်းများ ကျေးရွာများသို့ ကျူးကျော်ဝင်ရောက် နှောင့်ယှက်ဖျက်ဆီးလာပါက သတင်းရလျှင်ရခြင်း နယ်မြေများသို့ဆင်းပြီးတော့ သစ်တောနယ်မြေများအတွင်းကို ပြန်လည်မောင်းသွင်းခြင်းလုပ်ငန်း၊ လိုအပ်ပါက ဖမ်းဆီး၍ ဆင်ကောင်ရေလျှော့ချခြင်းလုပ်ငန်းများကို စီမံချက်ချမှတ်ပြီးတော့ စဉ်ဆက်မပြတ်ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ကျေးလက်နေပြည်သူများ၏ သောကကင်းကင်းနှင့် လယ်ယာလုပ်ငန်းများလုပ်ကိုင် နိုင်ရေးအတွက်ကိုလည်း ကျွန်တော်တို့ တောဆင်ရိုင်းများအန္တရာယ်မှ ဖော်ပြပါနည်းလမ်းများနှင့်အညီ စောင့်ရှောက်ကာကွယ်ထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
