(ဃ)-အထူးတရားရုံးများနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၆-၈-၂၀၁၁)

ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၃(ခ) ကန့်သတ်ချက်မှအပ ပြည်သူ့ရှေ့မှောက်တွင် တရား စီရင်ရမည်ဟုပြဋ္ဌာန်းထားသော်လည်း ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်အကျဉ်းထောင်၌ အထူး တရားရုံးများဖွင့်လှစ်ပြီး တံခါးပိတ်အမှုစစ်ဆေးလျက်ရှိသည်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သိပါသလား။ တရားရုံးများညွှန်ကြားလွှာ ၇/၅၆ အရ အကျဉ်းထောင်အတွင်းအမှုစစ်ရန် တရားရုံးက အမိန့်တစ်ရပ်ချမှတ်ထားရန်ညွှန်ကြားထားသော်လည်း ယင်းအမိန့်ချမှတ်ထားခြင်းမရှိဘဲ အင်းစိန် အကျဉ်းထောင်၌ အထူးတရားရုံးများဖြင့်စစ်ဆေးနေခြင်းများရှိသည်ကိုသိပါသလား။ သိပါက ပြည်သူ့ ရှေ့မှောက်၌တရားစီရင်ရန်ရည်ရွယ်ချက်ရှိပါသလား။ မရှိပါက အဘယ့်ကြောင့်မရည်ရွယ်ပါသနည်းကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုတရားသူကြီးချုပ်၊ ဦးထွန်းထွန်းဦး
အဖြေ

တရားရုံးများဟာ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၃(ခ) မှာပြဋ္ဌာန်းထားတဲ့အတိုင်းဥပဒေအရ ကန့်သတ်ချက် များမှအပ ပြည်သူ့ရှေ့မှောက်တွင်တရားစီရင်ကြပါတယ်။ အချို့သောအမှုများတွင် အမှုသည်များ၊ သက်သေများ၊ တရားခံများရဲ့လုံခြုံရေးအတွက်လည်းကောင်း၊ တရားခံများ၊ သက်သေများ၊ သက်သေ ခံပစ္စည်းများကို လျင်မြန်စွာတင်ပို့နိုင်ခြင်းဖြင့် တရားရုံးကမှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ရာ၌ အထောက်အကူပြုနိုင်ရန်အတွက်လည်းကောင်း အင်းစိန်အကျဉ်းထောင်အပြင်ဘက် အကျဉ်းဦးစီး ဌာနဝင်းအတွင်းရှိ ရုံးအဆောက်အအုံတွင် တရားရုံးထိုင်စစ်ဆေး‌ပေးရန် တရားစွဲအဖွဲ့အစည်း၏ တင်ပြလျှောက်ထားချက်အရ အဆိုပါနေရာတွင်တရားရုံးထိုင်စစ်ဆေးစီရင်မှုများရှိခဲ့ပါတယ်။ ယင်းသို့ စစ်ဆေးစီရင်ရာတွင် တံခါးပိတ်အမှုစစ်ဆေးခြင်းမရှိပါ။ အမှုစစ်ဆေးရာသို့၊ တရားခွင်သို့ အမှုသည်များ၊ တရားခံရဲ့ရှေ့နေများ၊ နှစ်ဖက်သက်သေများ၊ အမှုသည်များ၊ ဆွေမျိုးသားချင်းများ ရှေ့မှောက်တွင် စစ်ဆေးစီရင်ခြင်းဖြစ်ပါတယ်။ ထိုသို့စစ်ဆေးရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ တရားရုံးလက်စွဲပါပြဋ္ဌာန်းချက်တို့နဲ့အညီ စစ်ဆေးစီရင်ခြင်းဖြစ်ပါတယ်။ အမှုသည်များ၊ တရားခံများ အနေဖြင့်သက်သေပြခွင့်၊ သက်သေများကို ပြန်လည်စစ်မေးပိုင်ခွင်‌့၊ လျှောက်လဲပိုင်ခွင့်များကို ဥပဒေနဲ့အညီရရှိကြပါတယ်။ အင်းစိန်အကျဉ်းထောင်အပြင်ဘက်၊ အကျဉ်းဦးစီးဌာနဝင်းအတွင်းရှိ ရုံးအဆောက်အအုံတွင် ရုံးထိုင်စစ်ဆေးခြင်းမှာ မူလရုံးစိုက်ရာတရားရုံးမှ နေရာပြောင်းရွှေ့စစ်ဆေး ခြင်းသာဖြစ်ပါတယ်။ အမှုသည်နဲ့ ရှေ့နေများနဲ့ဆိုင်သောအခွင့်အရေးများကိုလည်း သတ်မှတ်ချက် များနဲ့အညီပေးလျက်ရှိပါတယ်။ အင်းစိန်အကျဉ်းထောင်အပြင်ဘက်၊ အကျဉ်းဦးစီးဌာနဝင်းအတွင်းရှိ ရုံးအဆောက်အအုံတွင် ရုံးထိုင်စစ်ဆေးသည့်အမှုများအနက် အချို့အမှုများမှာ တရားခံဦးရေများပြား ပြီး၊ သက်သေအရေအတွက်လည်းများပြားတဲ့အမှုများလည်းရှိတတ်ပါတယ်။ ထိုအမှုများမှာ တရားခွင် အကျယ်အဝန်းကိုလိုက်၍ တရားစီရင်ရေးလုံခြုံချောမွေ့စေရန်အတွက်၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၃၅၂ ရဲ့ ခြွင်းချက်ပါပြဋ္ဌာန်းချက်ကိုကျင့်သုံးပြီး တရားခွင်အတွင်း တရားလို၊ တရားခံများ၊ နှစ်ဖက်ရှေ့နေများ၊ နှစ်ဖက်သက်သေများ၊ တာဝန်ရှိသူများမှအပ  ပြင်ပလူများဝင်ရောက်ခွင့်မပြုရန် ဆောင်ရွက်ခဲ့တဲ့အမှုများလည်းရှိကြောင်းသိရပါတယ်။ ထိုကဲ့သို့ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၃၅၂ ရဲ့ခြွင်းချက်အရ ဆောင်ရွက်ခဲ့သည့်အမှုမှာ အရေအတွက်အနည်းငယ်မျှသာဖြစ်ပါတယ်။ ထိုသို့ ဆောင်ရွက်ရာတွင်လည်း တံခါးပိတ်၍အမှုစစ်ဆေးခြင်းမဟုတ်ပါ။ နှစ်ဖက်အမှုသည်များ၊ ရှေ့နေများ၊ နှစ်ဖက်သက်သေအများအပြားရှေ့မှောက်တွင် ရှိရင်းစွဲကျင့်ထုံး၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးစီရင်ခြင်းဖြစ်ပါတယ်။ သို့ဖြစ်၍ တချို့သောအမှုများကို ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် အကျဉ်းထောင်၌ အထူးတရားရုံးများဖွင့်လှစ်ပြီး တံခါးပိတ်အမှုစစ်ဆေးလျက်ရှိသည်ဆိုခြင်းမှာ မမှန် ပါကြောင်းဖြေကြားအပ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ တရားရုံးများညွှန်ကြားလွှာအမှတ် ၇/၅၆ ရဲ့ဆိုလိုရင်းဟာ တရားရုံး တစ်ရုံးသို့ တရားစွဲတင်ပို့ထားသောအမှုတစ်ခုကို အထူးကိစ္စတစ်ရပ်ရပ်အတွက် အကျဉ်းထောင် အတွင်းမှာဖြစ်စေ၊ အခြားနေရာများမှာဖြစ်စေ၊ အမှုကြားနာစစ်ဆေးရန်လိုအပ်သည်ဟု ယူဆပါက လိုအပ်သည့်အမိန့်တစ်ရပ်ကို အမှုစစ်ဆေးနေတဲ့ တရားသူကြီးကိုယ်တိုင်ချမှတ်ပြီးမှသာ ရုံးအဆောက် အအုံ၏ပြင်ပသို့သွားရောက်၍ အမှုစစ်ဆေးခွင့်ရှိကြောင်းညွှန်ကြားထားခြင်းဖြစ်ပါတယ်။ အင်းစိန် အကျဉ်းထောင်အပြင်ဘက်၊ အကျဉ်းဦးစီးဌာနဝင်းအတွင်းရှိ ရုံးအဆောက်အအုံတွင် ရုံးထိုင်ကြားနာ စစ်ဆေးသည်‌့အမှုများမှာ အမျိုးအစားအားဖြင့်နှစ်မျိုးကွဲပြားပါတယ်။ ပထမတစ်မျိုးဟာ အင်းစိန် အကျဉ်းထောင်တည်ရှိရာဒေသ စီရင်ပိုင်ခွင့်ရှိတဲ့တရားရုံး၊ ဥပမာ - အင်းစိန်မြို့နယ်တရားရုံး၊ ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက မိမိတို့တရားရုံးမှာ တရားစွဲဆိုတင်ပို့ထားပြီးသည့်အမှုကို မိမိတို့ရုံးတွင် ရုံးထိုင်စစ်ဆေးခြင်းမပြုဘဲ အထူးကိစ္စတစ်ရပ်ရပ်အတွက် အင်းစိန်အကျဉ်းထောင်အပြင်ဘက် အကျဉ်းဦးစီးဌာနဝင်းအတွင်းရှိအဆောက်အအုံသို့ သွားရောက်ရုံးထိုင်စစ်ဆေးသည့်အမှုများဖြစ်ပါ တယ်။ ယင်းကဲ့သို့သောအမှုများမှာသာ တရားရုံးများညွှန်ကြားလွှာအမှတ် ၇/၅၆ နှင့်သာသက်ဆိုင် ပါတယ်။ ထိုကဲ့သို့သောအမှုများမှာ  မိမိတရားရုံးပြင်ပသို့သွားရောက် အမှုစစ်ဆေးရန်လိုအပ်ကြောင်း ကနဦးအမိန့်တစ်ရပ်ချမှတ်ရမည်ဖြစ်ပါတယ်။ ဤကဲ့သို့သော အမှုများမှာ အရေအတွက်အနည်း အကျဉ်းသာရှိပါတယ်။ ထိုအမှုများတွင် ကနဦးအမိန့်ချမှတ်ပြီးမှသာ အင်းစိန်အကျဉ်းထောင် အပြင်ဘက်၊ အကျဉ်းဦးစီးဌာနဝင်းအတွင်းရှိရုံးအဆောက်အအုံသို့ သွားရောက်ရုံးထိုင်ကြတာကို တွေ့ရပါတယ်။ တရားရုံးများကညွှန်ကြားချက်နဲ့အညီ လိုက်နာဆောင်ရွက်ကြပါကြောင်း ဖြေကြား အပ်ပါတယ်။

အင်းစိန်အကျဉ်းထောင်အပြင်ဘက်၊ အကျဉ်းဦးစီးဌာနဝင်းအတွင်းရှိ ရုံးအဆောက်အအုံတွင် စစ်ဆေးသည့်မှုခင်းများအနက် ဒုတိယအမျိုးအစားမှာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၇၈ အရ ပြည်ထောင်စုတရားသူကြီးချုပ်က ပြစ်မှုကျူးလွန်ရာနယ်မြေမဟုတ်သည်‌့အခြားနယ်မြေတွင် စီရင် ပိုင်ခွင့်အာဏာရှိသည့်တရားရုံးအား အင်းစိန်ထောင်အပြင်ဘက်၊ အကျဉ်းဦးစီးဌာနဝင်းအတွင်းရှိ ရုံးအဆောက်အအုံတွင် ရုံးထိုင်စစ်ဆေးရန်ညွှန်ကြားချက်အရ စစ်ဆေးစီရင်သည်‌်‌့အမှုများဖြစ်ပါတယ်။ ထိုအမှုများကို အင်းစိန်အကျဉ်းထောင်အပြင်ဘက်၊ အကျဉ်းဦးစီးဌာနဝင်းအတွင်းရှိ ရုံးအဆောက်အအုံ တွင်ရုံးထိုင်သည့်တရားရုံးက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၇၈ အရ ရရှိလာတဲ့စီရင်ပိုင်ခွင့် အာဏာအရစစ်ဆေးခြင်းဖြစ်ပါတယ်။ ထိုကဲ့သို့ စစ်ဆေးစီရင်ခြင်းသည် မိမိရုံးသို့ တရားစွဲဆိုတင်ပို့ ထားသည့်အမှုကို မိမိရုံးပြင်ပနေရာသို့ သွားရောက်ရုံးထိုင်စစ်ဆေးခြင်းမဟုတ်သဖြင့်လည်းကောင်း၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၇၈ အရ ညွှန်ကြားချက်တွင် အင်းစိန်အကျဉ်းထောင်အပြင်ဘက်၊ အကျဉ်းဦးစီးဌာနဝင်းအတွင်းရှိ ရုံးအဆောက်အအုံတွင် သီးသန့်ရုံးထိုင်စစ်ဆေးရန်ဟုပါရှိပြီးဖြစ် သဖြင့်လည်းကောင်း၊ တရားရုံးများညွှန်ကြားလွှာအမှတ် ၇/၅၆နှင့်အကျုံးမဝင်သဖြင့်လည်းကောင်း  အမှုစစ်ရန်တရားရုံးက ကနဦးအမိန့်တစ်ရပ်ချမှတ်ရန်မလိုကြောင်းဖြေကြားအပ်ပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ တရားရုံးများသည် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၃(ခ) နှင့်အညီ ဥပဒေအရ ကန့်သတ်ချက်များမှအပ  ပြည်သူ့ရှေ့မှောက်တွင်တရားစီရင်လျက်ရှိပါကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပ‌ဒေ‌၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေများနှင့်အညီဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားပါသည်။