နိုင်ငံတော်ကိုဥပဒေပညာရပ်ဖြင့်အကျိုးပြုနေသော ရှေ့နေများအနက်မှ အချို့မှာရှေ့နေ လိုင်စင်ရုပ်သိမ်းခံရခြင်း၊ ရှေ့နေအဖြစ်မှအပြီးထုတ်ပယ်ခြင်းများရှိနေသည်ကို ပြည်ထောင်စုအစိုးရက သိပါသလား။ သိပါကရှေ့နေလိုင်စင်အသိမ်းခံရသူ၊ ရှေ့နေအဖြစ်မှထုတ်ပယ်ခံရသူ မည်မျှရှိပါ သနည်း။ ၎င်းတို့အနက် တရားလွှတ်တော်ရှေ့နေနဲ့ အထက်တန်းရှေ့နေမည်မျှရှိပါသနည်း။ လိုင်စင် အသိမ်းခံရခြင်း၊ ထုတ်ပယ်ခံရခြင်းရှိသူရှေ့နေများအားပြန်လည်စိစစ်၍ လိုင်စင်ထုတ်ပေးခြင်းနှင့် ရှေ့နေအဖြစ်လက်ခံခြင်း အစီအစဉ်များရှိပါသလား။ ရှိပါကမည်သည့်အချိန်တွင် စတင်အကောင် အထည်ဖော်ပေးမည်နည်း။
တစ်ဆက်တည်းမေးချင်တဲ့ဥပဒေရေးရာပြဿနာကတော့ ဥပဒေပညာရပ်နဲ့ပတ်သက်ပြီး ဥပဒေ ပညာတတ်ကျွမ်းဖို့လိုတဲ့အတွက် ဥပဒေရေးရာကဏ္ဍတွင်ရပ်ဆိုင်းထားခဲ့သော မှတ်ပုံတင်ရှေ့နေ R.L သင်တန်းနှင့် အထက်တန်းရှေ့နေ H.G.P စာမေးပွဲများကျင်းပခြင်းကို ပြန်လည်ဖွင့်လှစ်ပေးနိုင် ပါမည်လား။ ဖွင့်လှစ်ပေးမည်ဆိုပါကမည်သည့် အချိန်တွင်စတင်မည်နည်း။ မဖွင့်လှစ်နိုင်ပါက အဘယ်ကြောင့်နည်းကို သိလိုပါကြောင်း မေးမြန်းပါသည်။
ရှေ့နေလိုင်စင်များ ပြန်လည်ရုပ်သိမ်းခြင်း၊ ရှေ့နေအဖြစ်မှ အပြီးထုတ်ပယ်ခြင်းနဲ့ စပ်လျဉ်းလို့ တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေ၊ ရှေ့နေလိုက်သူများ အက်ဥပဒေတို့နဲ့အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကဆောင်ရွက်ခြင်းဖြစ်သဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ကဖြေဆိုမှာဖြစ်ပါတယ်။ ရှေ့နေလိုက်ပါခွင့်ရပ်ဆိုင်းခံရသူ၊ ရှေ့နေအဖြစ်မှထုတ်ပယ်ခံရသူများနဲ့ ပတ်သက်၍ ၁၉၇၂ ခုနှစ်မှ ယနေ့အထိ ရှေ့နေလိုက်ပါခွင့်ရပ်ဆိုင်းခံရသူအထက်တန်းရှေ့နေ ၆၉ ဦး၊ ရှေ့နေအဖြစ်မှထုတ်ပစ်ခံရသည့်အထက်တန်းရှေ့နေ ၁၂၅ ဦး၊ ရှေ့နေလိုက်ပါခွင့်ရပ်ဆိုင်းခံရသည့် တရားလွှတ်တော်ရှေ့နေ ၈၈ ဦးနှင့် ရှေ့နေအဖြစ်မှထုတ်ပယ်ခံရသည့်တရားလွှတ်တော်ရှေ့နေ ၁၀၄ ဦး ရှိကြောင်းတင်ပြအပ်ပါတယ်။ ရှေ့နေတစ်ဦးသည် ရှေ့နေကျင့်ဝတ်၊ စည်းကမ်းများကိုမလိုက်နာသဖြင့် ရှေ့နေလိုက်ပါခွင့်လိုင်စင်ကို နှစ်အကန့်အသတ်ဖြင့်ရပ်ဆိုင်းခံရသည့်ရှေ့နေများအနက် ရှေ့နေအဖြစ် မှထုတ်ပယ်ခံရသည့်ရှေ့နေများ၏လိုင်စင်များကို တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(၇)အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကပြန်လည်သိမ်းယူပါတယ်။ နှစ်အကန့် အသတ်ဖြင့် ရှေ့နေလိုက်ပါခွင့်လိုင်စင်ရပ်ဆိုင်းခံရသည့် ရှေ့နေများနဲ့ပတ်သက်လို့ သတ်မှတ်ကာလ ပြည့်ပြီးပြန်လည်လျှောက်ထားလာပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ရှေ့နေအဖြစ်ပြန်လည် လိုက်ပါခွင့်ပြုပြီး ၎င်းတို့၏လိုင်စင်များကို ပြန်လည်ထုတ်ပေးပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရှေ့နေရှေ့ရပ်များရဲ့ လုပ်ငန်းဟာ တရားစီရင်ရေးမှာတရားမျှတမှန်ကန်မှုရရှိရေးအတွက် အကျိုးဆောင်ပေးရတဲ့ မွန်မြတ် သောအသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။ ယင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက် ကြတဲ့ပုဂ္ဂိုလ်တို့မှာ လိုအပ်သောပညာအရည်အချင်းများပြည့်စုံကြရမည့်အပြင် လုပ်ငန်းနှင့်လိုက်လျော ညီထွေသောကျင့်ဝတ်သိက္ခာများ၊ စည်းကမ်းများကို လိုက်နာရန်လိုအပ်ပါတယ်။ ဒါကြောင့် ရှေ့နေကျင့်ဝတ်၊ စည်းကမ်းကိုမလိုက်နာသဖြင့် ထုတ်ပယ်ခြင်းခံရတဲ့ရှေ့နေများရဲ့ လိုင်စင်များကို ပြန်လည်ထုတ်ပေးခြင်း ရှေ့နေအဖြစ်ပြန်လည်လက်ခံခြင်းများပြုလုပ်ရန် အစီအစဉ်မရှိကြောင်းတင်ပြ အပ်ပါတယ်။ ရှေ့နေလိုင်စင်ထုတ်ပေးခြင်းကို ၁၉၅၅ ခုနှစ်၊ ရှေ့နေဝင်ခွင့်နည်းဥပဒေနှင့် ၁၉၅၄ ခုနှစ်၊ တရားလွှတ်တော်ရှေ့နေဝင်ခွင့်နည်းဥပဒေတို့နှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင် ရွက်ပေးပါတယ်။
ယနေ့ထိ အထက်တန်းရှေ့နေ ၃၇၄၅၈ ဦး၊ တရားလွှတ်တော်ရှေ့နေ ၇၈၇၅ ဦးတို့ကို လိုင်စင်ထုတ်ပေးပြီးကြောင်းတင်ပြအပ်ပါတယ်။ ယခုအခါ တရားလွှတ်တော်ရှေ့နေလျှောက်ထားသူ များတွင် တရားလွှတ်တော်ရှေ့နေများကောင်စီမှသဘောထားရရှိပြီး တရားလွှတ်တော်ရှေ့နေအသိ အမှတ်ပြုလက်မှတ်ထုတ်ပေးရန်ဆောင်ရွက်ဆဲ ၄၁၈ ဦးရှိကြောင်းတင်ပြလိုပါတယ်။ ယခင်မှတ်ပုံ တင်ရှေ့နေသင်တန်းဖွင့်သည့်အချိန်မှာ ဥပဒေဘွဲ့ကိုရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခုတည်းတွင်သာ သင်ယူနိုင်သဖြင့် ဥပဒေဘွဲ့ရနည်းပါးပြီး ရှေ့နေအရေအတွက်နည်းပါးသည့်အတွက် မှတ်ပုံတင်ရှေ့နေ သင်တန်းဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ အထက်တန်းရှေ့နေစာမေးပွဲများ ကျင်းပချိန်ကလည်း အထက်တန်းရှေ့နေ အရေအတွက်နည်းပါးနေသည့်အတွက် အထက်တန်းရှေ့နေစာမေးပွဲများကို ကျင်းပပေးခဲ့ခြင်းဖြစ်ပါတယ်။ ယခုအခါ တက္ကသိုလ်အသီးသီးမှာဥပဒေပညာဘာသာရပ်ကို သင်ကြား ပေးပြီးတော့ ဥပဒေဘွဲ့ရတစ်ဦးဟာ ၁၉၅၅ခုနှစ် ရှေ့နေအဖြစ်ဝင်ခွင့်နည်းဥပဒေများနဲ့အညီ အလုပ်သင်ရှေ့နေအဖြစ်တစ်နှစ်သင်ကြားပြီးနောက် အထက်တန်းရှေ့နေအဖြစ်စာရင်းတင်သွင်း ပေးရန်လျှောက်ထားနိုင်ပါတယ်။ အထက်တန်းရှေ့နေအဖြစ် သုံးနှစ်လိုက်ပါဆောင်ရွက်ပြီးပါက ၁၉၅၄ ခုနှစ်၊ တရားလွှတ်တော်ရှေ့နေများအဖြစ်ဝင်ခွင့်နည်းဥပဒေများနဲ့အညီ တရားလွှတ်တော် ရှေ့နေအဖြစ်လျှောက်ထား နိုင်သည်ဖြစ်၍ အဆိုပါမှတ်ပုံတင်ရှေ့နေသင်တန်းနှင့် အထက်တန်းရှေ့နေ စာမေးပွဲကိုပြန်လည် ဖွင့်လှစ် ဆောင်ရွက်ရန် လိုအပ်မည်မဟုတ်ပါကြောင်းဖြေကြားပါသည်။
