သတ္တုတွင်းဝန်ကြီးဌာနမှ သတ္တုတွင်းဥပဒေ၊ နည်းဥပဒေနဲ့အညီ ခွင့်ပြု ချမှတ်ပေးထားသော အသေးစားဧက ၂၀ ရွှေဖော်ထုတ်လုပ်ကွက်များကို သတ္တုတူးဖော်ရေးကုမ္ပဏီ များကလုပ်ကိုင်ကြပါတယ်။ ထိုသို့ တူးဖော်လုပ်ကိုင်ကြရာတွင် အပေါ်ယံမြေလွှာများကို တူးဖော် ဖယ်ရှားရှင်းလင်းရန် ဘက်ဟိုး၊ မြေတင်ယာဉ်များ၊ ရွှေခါစက်များကို လုပ်ငန်းလိုအပ်ချက်အရ အသုံး ပြုရပြီး အထက်ဌာနမှစက်ယန္တရားများအား အသုံးပြုရန်ခွင့်ပြုထားခြင်းမရှိသော်လည်း အောက်ခြေ ၌နားလည်မှုဖြင့် ညှိနှိုင်းအသုံးပြုလုပ်ကိုင်နေကြသည်ကိုတွေ့ရှိရပါတယ်။ အသေးစား ရွှေထုတ်ဖော် လုပ်ကွက်များ၌ စက်ယန္တရားများ အသုံးပြုခွင့်မရှိကြောင်း၊ သတ္တုတွင်းဝန်ကြီးဌာနမှ စက်ယန္တရားများ၊ အသုံးပြုရန် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်ထုတ်ပြန်ထားမှု မရှိသေးကြောင်းကို လည်းလေ့လာတွေ့ရှိရပါတယ်။
ကုမ္ပဏီများသည် လက်တွေ့နယ်ပယ်၌ ဥပဒေ၊ လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုချက်မရှိသော်လည်း လုပ်ငန်းလိုအပ်ချက်အရ စက်ယန္တရားများကို တရားမဝင်အသုံးပြု၍ တူးဖော်လုပ်ကိုင်ကြကြောင်း၊ ကုမ္ပဏီများအနေဖြင့် နိုင်ငံတော်သို့ပေးသွင်းရ မည့်သတ်မှတ်ရွှေပမာဏနှင့် လျော်ညီစွာ၊ မှန်ကန်စွာ ပေးသွင်းမှုမရှိဘဲအခွန်ငွေများ၊ ဆုံးရှုံးယိုဖိတ်မှု များဖြစ်ပေါ်နေကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ အသေးစားရွှေလုပ်ကွက်များတွင် စက်ယန္တရားများကို အသုံးပြုရန်အတွက် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို သတ္တုတွင်း ဝန်ကြီးဌာနမှချမှတ်ပေးရန် လိုအပ်လျက်ရှိသည်ကို ဆန်းစစ်တွေ့ရှိရပါတယ်။ ဒါကြောင့် အသေးစား ဧက ၂၀ ရွှေဖော်ထုတ်လုပ်ကွက်များတွင် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများချမှတ်၍ စက်ယန္တရားများဖြင့် ရွှေဖော်ထုတ်လုပ်ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိကို မေးမြန်းပါသည်။
မေးခွန်းနဲ့ ပတ်သက်ပြီးတော့မှ ကျွန်တော် အဆင့်လိုက်အဆင့်လိုက် ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေ ကို ကျွန်တော့်အနေနဲ့ အပိုင်းသုံးပိုင်းပိုင်းပြီးတော့ ဖြေကြားသွားမှာဖြစ်ပါတယ်။ တစ်ပိုင်းကတော့ ဒီမေးခွန်းနဲ့ပတ်သက်လို့ ဥပဒေအရသတ်မှတ်ထားချက်တွေ ဖြစ်ပါတယ်။ ဒုတိယအချက်က ဒီမေးခွန်း နဲ့ပတ်သက်ပြီးတော့ ဥပဒေအရ တူးဖော်ထုတ်လုပ်နိုင်တဲ့ အခြေအနေကို ကျွန်တော် ရှင်းလင်းတင်ပြ သွားမှာဖြစ်ပါတယ်။ တတိယအချက်ကတော့ ဒီလိုတူးဖော်ထုတ်လုပ်တဲ့အခါမှာ ဒေသခံရွှေတူးဖော် ထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေနဲ့ သတိပြုဆောင်ရွက်သင့်တဲ့အကြောင်းများကိုလည်း ကျွန်တော် ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။ မေးခွန်းနှင့်ပတ်သက်ပြီးတော့ အသေးစားတူးဖော် ထုတ်လုပ်ခြင်းဆိုတဲ့ဝေါဟာရရှိပါတယ်။ ဒါကို မြန်မာ့သတ္တုတွင်းဥပဒေအရ အသေးစားထုတ်လုပ်ခွင့် ဆိုသည်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ကျစရိတ်မများသည့် သို့မဟုတ် အထူးနည်းပညာနှင့်နည်းစနစ်များ အသုံးပြုရန်မလိုအပ်သည့် စီးပွားရေးလုပ်ငန်းအဖြစ် ဓာတ်သတ္တုထုတ်လုပ်ခြင်းကို ဆိုလိုသည်ဟု အဓိပ္ပာယ်တိတိကျကျဖော်ပြထားတာဖြစ်ပါတယ်။ ဒါကြောင့် အသေးစားထုတ်လုပ်မှု လုပ်ငန်းဆိုသည် မှာမြေဧရိယာဧက ၅၀ အောက်ဓာတ်သတ္တုတွေထုတ်လုပ်ခြင်းကို ဆိုလိုပါတယ်။ ဒီလိုထုတ်လုပ်တဲ့ နေရာမှာ အထူးနည်းပညာများ မပါရှိပါဘူး။ ရင်းနှီးမြှုပ်နှံမှုမများတဲ့၊ အရင်းအနှီးနည်းတဲ့ လုပ်ငန်းသာ ဖြစ်ပါတယ်လို့ သတ္တုတွင်းဥပဒေမှာ တိတိကျကျ ဖော်ပြထားတာဖြစ်ပါတယ်။
ဒီလိုအဖိုးတန်သတ္တုဖြစ်တဲ့ ရွှေသတ္တုတွေ ထုတ်လုပ်တဲ့နေရာမှာ ကျွန်တော် တို့အနေနဲ့ အကြီးစားထုတ်လုပ်ခြင်းမှအပ အသေးစားထုတ်လုပ်ခွင့်တွေကို လုပ်ထုံးလုပ်နည်း၊ စည်းကမ်း များနှင့်အညီ လုပ်ကွက်တစ်ကွက်ကို ဧက ၂၀ ခန့်မှန်း အကျယ်အဝန်း သတ်မှတ်ပေးပြီးတော့မှ ဆောင်ရွက်စေတာဖြစ်ပါတယ်။ သို့သော် နယ်မြေဒေသရဲ့အသွင်အပြင် အခြေအနေကိုမူတည်ပြီးတော့ မှအချို့သောဒေသတွေမှာ ဧက ၂၀ သာမက လိုအပ်ပါက ဧက ၅၀ အထိ သတ်မှတ်ပေးခြင်းလည်း ရှိပါတယ်။ ဒီလို အဖိုးတန်တဲ့ရွှေသတ္တုတွေကို တူးဖော်ထုတ်လုပ်တဲ့နေရာမှာ အသေးစားထုတ်လုပ်မှု အတွက် ထုတ်လုပ်ခွင့်ရဖို့အတွက် လုပ်ငန်းအဆင့်ဆင့်ဖြတ်သန်းပြီးတော့မှ လုပ်ငန်းတွေလုပ်ဆောင် ရတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဒီလိုလုပ်ငန်းလုပ်ဖို့အတွက် ခွင့်ပြုမိန့်ရဖို့ ဆောင်ရွက်ရတာဖြစ်ပါ တယ်။ ယခင်က ဒီလိုလုပ်ငန်းလုပ်ဖို့အတွက် လုပ်ငန်းအဆင့်ဆင့်ဖြတ်သန်းရပါတယ်။ မလိုလားအပ် သောအချိန်တွေကြားမှာကုန်ဆုံးရပါတယ်။ မလိုလားအပ်သော ရင်းနှီးမြှုပ်နှံမှုများကြားမှာ ကုန်ဆုံးခဲ့ရ ကြောင်းကျွန်တော်တို့စိစစ်သိရှိရပါတယ်။ ဒါကြောင့် ယခုအခါမှာ သတ္တုတွင်းဝန်ကြီးဌာနအနေနဲ့ အချိန်ကာလတိုအတွင်းမှာ အသေးစားထုတ်လုပ်မှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် မလိုလား အပ်သောရင်းနှီးမြှုပ်နှံမှုတွေ မဖြစ်ပေါ်စေရေး၊ မပါလာစေရေး၊ မရှိစေရေးအတွက် ကျွန်တော်တို့ အောက်ပါအတိုင်း ဆောင်ရွက်ဖို့လုပ်ငန်းတွေ သတ်မှတ်ထားပါတယ်။ ဒါကတော့ဖြစ်ရင် ပထမအချက် အနေနဲ့ ဒီလိုအသေးစားလုပ်ငန်း ဆောင်ရွက်မယ့်လုပ်ငန်းရှင်ဟာ သူ့အနေနဲ့သူလုပ်ရမယ့်လုပ်ငန်းရှိ ပါတယ်။ အဲဒါကတော့ ကုမ္ပဏီထူထောင်ခြင်းဖြစ်ပါတယ်။ ဒီကုမ္ပဏီမှာ သက်ဆိုင်ရာ ဒါရိုက်တာအဖွဲ့ တွေဖွဲ့စည်းရပါမယ်။ ပြီးရင် ရင်းနှီးမြှုပ်နှံမှုအတွက် သူ့ရဲ့ငွေကြေးအင်အားတောင့်တင်းမှုကို ဖော်ပြတဲ့ ဘဏ်ငွေစာရင်းကို တင်သွင်းရပါမယ်။ ပြီးရင် ကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်တွေဟာ ပြစ်မှုကင်းရှင်း ကြောင်းလိုအပ်တာတွေနဲ့ ဖော်ပြဆောင်ရွက်ဖို့ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒုတိယအချက်အနေနဲ့ ကုမ္ပဏီက လုပ်သင့်လုပ်ထိုက်တာ သူ့ကုမ္ပဏီလုပ်ငန်းတွေ ဆောင်ရွက်ပြီးတဲ့အချိန်မှာ သက်ဆိုင်ရာ တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်မယ့် မြို့နယ်ကိုပဲသွားရောက်ပြီးတော့မှ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ ဒီလုပ်ငန်းဆောင်ရွက်မယ့်နေရာဟာ လူနေရပ်ကွက်တွေမဟုတ်ကြောင်း၊ စိုက်ပျိုးမြေမဟုတ်ကြောင်း၊ သစ်တောမြေမဟုတ်ကြောင်း၊ သာသနာ့နယ်မြေမဟုတ်ကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မဟုတ်ကြောင်း၊ သုသာန်မြေများနှင့်လွတ်ကင်းကြောင်း သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထောက်ခံချက်ယူဖို့ဖြစ်ပါတယ်။ အဲဒါပြီးတဲ့အခါမှာ လုပ်ငန်းဆောင်ရွက်မယ့်ပုဂ္ဂိုလ်ဟာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ကို သွားရောက်ပြီးတော့မှ ဒီလုပ်ငန်းလုပ်မယ့်နေရာဟာ လုံခြုံရေးကောင်းမွန်ကြောင်း၊ စိုက်ပျိုးမြေများနှင့်လွတ်ကင်းကြောင်း၊ စီမံကိန်းမြေနေရာများနှင့်လွတ် ကင်းကြောင်းထောက်ခံချက်ရယူဖို့ဖြစ်ပါတယ်။ ဒီအချက်တွေရပြီးတဲ့အခါမှာ လုပ်ငန်းဆောင်ရွက် မယ့်ပုဂ္ဂိုလ်ဟာ ကျွန်တော်တို့သတ္တုတွင်းဝန်ကြီးဌာနကို လာရောက်ပြီးတော့မှ သက်ဆိုင်ရာလုပ်ငန်း ဌာနမှာ စာချုပ်ချုပ်ဆိုဖို့ဖြစ်ပါတယ်။ ဒီစာချုပ်ချုပ်ဆိုပြီးတဲ့အခါမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့ပြီးတော့မှ စာချုပ်အပေါ်မှာဥပဒေကြောင်းအရ အကြံဉာဏ်တောင်းခံခြင်း ဆောင်ရွက်ပါတယ်။ စာချုပ်အတည်ပြုတဲ့အခါမှာ ဒီလိုဆောင်ရွက်လိုတဲ့ သတ္တုတူးဖော်ထုတ်လုပ်ခွင့် ခွင့်ပြုမိန့်ထုတ် ပေးခြင်းကို ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်းမှ တစ်လအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါကြောင့် ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ဆောင်လိုတဲ့ ပုဂ္ဂိုလ်များဟာ အချိန်ကုန်သက်သာ၊ မလိုလားအပ်သောရင်းနှီးမြှုပ်နှံမှုများ လျော့ပါးပြီးတော့မှ အမြန်ဆုံးဆောင်ရွက်နိုင်ပါကြောင်း တင်ပြအပ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ယခု ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးမှအပ မြန်မာနိုင်ငံအနှံ့အပြားမှာ ရွှေထွက်သောဒေသများ ဖြစ်ပေါ်လျက်ရှိပါတယ်။ ဒီလိုရွှေထွက်တဲ့ဒေသတွေကို အမှန်တကယ်က တော့မူလဒေသခံလက်လုပ်လက်စားတွေက အမျိုးမျိုးသောအကြောင်းနဲ့ သွားရောက်ရင်း၊ သွားလာ ရင်း ကနဦးရွှေတွေကို တွေ့ရှိတာဖြစ်ပါတယ်။ ဒီပေါ်မူတည်ပြီးတော့မှ ဒီရွှေထွက်တဲ့ဒေသတွေဟာ ဒီနေရာ၊ ဒီဒေသမှာဖြင့် ဒီလို ရွှေတွေထွက်နေတယ်လို့ သတင်းကျော်ကြားပြီးတော့မှ ငွေကြေးရှိတဲ့ သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေက တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ရွှေသတ္တုအသေးစား ထုတ်လုပ်ခွင့်ကို လျှောက်ထားဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ရွှေသတ္တု အသေးစားထုတ်လုပ်ခွင့်ကို လျှောက်ထားတဲ့ကုမ္ပဏီများဟာ ကျွန်တော်တို့ သတ္တုတွင်းဝန်ကြီးဌာနရဲ့ နောက်ဆုံးစာရင်းအရ ကုမ္ပဏီပေါင်း ၄၇၉ ခု ရှိပါတယ်။ ဧက ၂၀ လုပ်ကွက်ပေါင်း ၁၄၅၂ ကွက်ရှိပါတယ်။ ဒါတွေကိုလည်း ဒီကုမ္ပဏီများကို ဘယ်သူကမှ လာလုပ်ပါ။ လုပ်ပါ။ လုပ်ပါလို့ မပြောပါဘူး။ ဒီကုမ္ပဏီများကသာလျှင် သူတို့ရဲ့ အကျိုးစီးပွားရှိနိုင်မယ်လို့ ယူဆပြီးတော့မှ အကျိုးစီးပွားဖြစ်ထွန်းမယ်လို့ တွက်ချက်ပြီးတော့မှ လာရောက်ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါကြောင့်သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်း၊ ဥပဒေများနှင့်အညီ စာချုပ်တွေချုပ်ဆိုခြင်း ဖြစ်ပါတယ်။ ဒီလိုစာချုပ်ချုပ်တဲ့အခါမှာ ဥပဒေအရ မြန်မာ့သတ္တုတွင်းဥပဒေအရ အသေးစားထုတ်လုပ်မှု စာချုပ်သာချုပ်တာဖြစ်တဲ့အတွက် ဒီစာချုပ်ပါအတိုင်း နည်းပညာ၊ မြင့်မားသောနည်းပညာများနှင့် ရင်းနှီးမြှုပ်နှံမှု အများအပြားကို သုံးစွဲခွင့်မရှိပါဘူး။ အဲဒီအတွက် ဥပဒေအရ စက်ယန္တရားများ အသုံးပြုခွင့်လည်းမရှိပါဘူး။ လက်ရှိ လုပ်နေတဲ့နေရာတွေမှာ စာချုပ်ပါအတိုင်း၊ ဥပဒေပါအတိုင်း ကုမ္ပဏီအများစုက လေးစားလိုက်နာပြီး ရွှေထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်နေကြောင်းလည်း ကျွန်တော်တို့သိရပါတယ်။ သို့သော် လည်းအချို့သောဒေသတွေမှာ အချို့သောကုမ္ပဏီများဟာ စာချုပ်ပါစည်းကမ်းအတိုင်း ဆောင်ရွက် ခြင်းမရှိဘဲနဲ့ စက်ယန္တရားများကို အသုံးပြု၍ ရွှေတူးဖော်ထုတ်လုပ်မှု များလုပ်နေကြောင်းသိရပါ တယ်။ ဒါကတော့ဖြင့် မြေကြီးကိုတူးဆွ၊ သာမန်လက်လုပ်ကိရိယာနှင့် တူးဆွခြင်းမဟုတ်ဘဲနှင့်အား ကောင်းသော၊ အားကြီးသော မြေကော်မြေတူးစက်ကြီးများ အသုံးပြု ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါဟာ ဥပဒေနဲ့မညီညွတ်ပါဘူး။ စာချုပ်ပါ စည်းကမ်းချက်များလည်း မညီညွတ်ပါဘူး။ ဒါဟာဥပဒေကို ချိုးဖောက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ စာချုပ်ပါစည်းကမ်းများကို ဖောက်ဖျက်လုပ်ဆောင်နေ တာဖြစ်တဲ့အတွက် ဥပဒေအရအရေးယူခြင်းခံရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ အကြီးစား လုပ်ငန်းတွေလုပ်ဆောင်တဲ့အခါမှာ သတ်မှတ်ချက်စည်းကမ်းတွေ အပြည့်အဝရှိပါတယ်။ အသေးစား တူးဖော်ခြင်းမှာတော့ သတ်မှတ်ထားတဲ့စည်းကမ်းအချို့အဝက်ရှိပါတယ်။ ဒီထဲမှာ ဒီလိုစက်ကြီးတွေ တူးဖော်ခွင့်မရှိတာဖြစ်တဲ့အတွက် ဒီလိုစက်ကြီးတွေအသုံးပြုပြီး တူးဖော်ခြင်းအားဖြင့် အဲဒီဒေသရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကိုလည်းဖြစ်ပွားစေကြောင်းတွေ့ရပါတယ်။ ဒါကြောင့် ဒီလိုသဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုဖြစ်စေတာကြောင့် ဒီလုပ်ရပ်ဟာ မလုပ်သင့်သောလုပ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ အခုလာမယ့် ပွင့်လင်းရာသီမှစပြီးတော့မှ သတ်မှတ်ထား တဲ့စစ်ဆေးရေးအဖွဲ့များဖြင့် ဒေသအနှံ့အပြားမှာသွားရောက်ပြီး စနစ်တကျစစ်ဆေးခြင်း၊ ရှင်းလင်း ဆွေးနွေးခြင်း၊ ပညာပေးမှတ်တမ်းတင်ခြင်းနှင့် နောက်ဆုံးအဆင့်မှာ ဥပဒေအရအရေးယူခြင်းများကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။
လေးစားအပ်ပါသောဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား။ ကျွန်တော်တို့ ယခုအခါမှာ ရွှေတူးဖော်ခြင်းလုပ်ငန်းနှင့် ပတ်သက်ပြီးတော့မှ လုပ်ငန်းဆောင်ရွက်နေ သောအချို့ကုမ္ပဏီများဟာ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်ကစပြီးတော့မှ ယခု ၂၀၁၀-၂၀၁၁ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အထိ ဘဏ္ဍာရေးနှစ်အလိုက် စာချုပ်ချုပ်ထားတဲ့ စာချုပ်ပါအတိုင်း စည်းကမ်း သတ်မှတ်ချက်အတိုင်း စာချုပ်ပါကတိကဝတ်အတိုင်း နိုင်ငံတော်ကိုပေးသွင်းရမယ့် ရွှေအချိုးများ လည်းပေးသွင်းခြင်းမရှိဘဲ ပျက်ကွက်နေပါကြောင်း တွေ့ရှိရပါတယ်။ ဒါကိုလည်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စာရင်းစစ်အဖွဲ့များက ထောက်ပြထားပါတယ်။ ဒီလို ကျွန်တော်တို့ဝန်ကြီးဌာန၊ တာဝန်ခံလုပ်ငန်းဌာနကလည်း ဒီလိုကတိကဝတ်ပျက်နေတဲ့ စည်းကမ်းသတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရန်လစ်ဟင်းနေတဲ့ အသေးစားရွှေတူးဖော်ခြင်းလုပ်ငန်းကုမ္ပဏီများကို နိုင်ငံတော်သို့ ပေးသွင်းရမည့်ရွှေအချိုးများ၊ မပျက်မကွက် မလျှော့မပါးပေးသွင်းရေးကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုပျက်ကွက်တဲ့ ဖြစ်စဉ်တွေပေါ်မူတည်ပြီးတော့မှ ယခုရောက်ရှိနေတဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် မှာလည်း ဒီလိုဖြစ်စဉ်တွေမဖြစ်ပွားဖို့အတွက် သတ်မှတ်ထားတဲ့ ရွှေအချိုးပေးသွင်းရန်ဖြစ်တဲ့ တစ်လ ကိုရွှေကြမ်းနှစ်ကျပ်သားနှုန်းဖြင့် နိုင်ငံတော်ကိုပေးသွင်းရမယ့်ဟာကို ယခင်ကဲ့သို့ မလိုလားအပ်သော ဖြစ်စဉ်များမဖြစ်စေရေးအတွက် တစ်ကြိမ်တည်းနဲ့ရွှေကြမ်း ၂၄ ကျပ်သား ပေးသွင်းရေးကိုဆောင် ရွက်လျက်ရှိပါတယ်။ တွန်းအားပေးပြီး ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ အခု ဒီနေ့ဒီအချိန်ဟာ နိုင်ငံတကာမှာ နိုင်ငံသုံးငွေများနှင့်ပတ်သက်၍ အမျိုးမျိုးရှိပါတယ်။ ဥရောပနိုင်ငံတွေမှာ ပေါင်စတာလင်၊ ယူရိုငွေ၊ အမေရိကန်နိုင်ငံမှာ ဒေါ်လာငွေ၊ ဒီ ကျွန်တော်တို့ အာရှမှာတော့ ဂျပန်နိုင်ငံသုံးယန်းငွေနဲ့ တရုတ်နိုင်ငံမှာယွမ်ငွေတွေရှိပါတယ်။ ဒီငွေ တွေရဲ့တန်ဖိုးတွေဟာ မှန်မှန်ကန်ကန်မရှိဘဲနဲ့ အတက်အကျများနှင့် အပြောင်းအလဲမြန်မြန်ဆန်ဆန် ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။ သို့သော်လည်း အကျမရှိဘဲအတက် ဖြစ်နေတဲ့ပစ္စည်းကတော့ ရွှေပဲဖြစ်ပါ တယ်ခင်ဗျား။ ဒီရွှေကတော့ အမြဲတမ်းတန်ဖိုးအားဖြင့် ယခင်ကလည်း တစ်စတစ်စတက်သလို ယခု လည်းတက်နေပါတယ်။ နောင်ကိုလည်း ရွှေတန်ဖိုးဟာတက်မှာပဲဖြစ်တယ်လို့ ကျွမ်းကျင်သော ပညာရှင်များက သုံးသပ်တွက်ချက်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့လမ်းညွှန်မှု နှင့်အတူ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရမှာလည်း နိုင်ငံတော်က ရသင့်ရထိုက်တဲ့ ရွှေအချိုးများ ရရှိရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် ဒီနေ့ဟာတော့ ကျွန်တော်တို့ ရွှေခေတ် ဖြစ်ပါတယ်။ ရွှေရဖို့လိုအပ်ပါတယ်။ တူးတဲ့ရွှေတွေကို ကျွန်တော်တို့ နိုင်ငံတော်ကို အပြည့်အဝပေး သွင်းဖို့လိုအပ်ပါတယ်။ ဒါကြောင့် ရွှေတူးရန်ကုမ္ပဏီထောင်ပြီး ကုမ္ပဏီတွေကလုပ်ငန်းဆောင်ရွက် နေတာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကိုလည်း ငွေရှင်၊ ကြေးရှင် စီးပွားရေးလုပ်ငန်းရှင်များ ကသာလုပ် တာဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ ဘယ်သူကမှ တိုက်တွန်းတာမဟုတ်ပါဘူး။ သူတို့ရဲ့ အကျိုးစီးပွားအရ လာပြီးဆောင်ရွက်တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ စာချုပ်စာတမ်းများ၊ ကတိကဝတ်များ နှင့်လစဉ်မည်မျှပေးသွင်းပါမယ်ဆိုတဲ့ ကတိကဝတ်များနှင့် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူ့ကို၊ ဘယ်ကုမ္ပဏီကိုမျှ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ရွှေတွေ မဖြစ်မနေ တူးပါ၊ တူးပါလို့ ပြောတာ မရှိပါဘူး။ သို့သော် မည်သည့်ကုမ္ပဏီမဆို၊ မည်သည့်လုပ်ငန်းရှင်မဆို အသေးစားလုပ်ငန်း များလုပ်ဆောင်ခြင်းကို ကျွန်တော်တို့ကအားပေးပါတယ်။ မြေကြီးမှာမြုပ်ဝင်နေတဲ့ ရွှေတွေကိုတူးဖော် တာကို ကျွန်တော်တို့အားပေးပါတယ်။ ဖော်ထုတ်တာကို အားပေးပါတယ်။ ၎င်းတို့ဆန္ဒအရ လုပ်ဆောင် ခြင်းကို ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်များကလည်း နိုင်ငံတော်ကိုပေးရမယ့် ရွှေအချိုးကို မပျက်မကွက်ပေးရန်သာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ဒီအခြေအနေကိုသိရှိနိုင်ပါရန် ကျွန်တော့်အနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ဒီပြည်သူ့လွှတ်တော်မှာ တက်ရောက်လျက်ရှိကြတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေနဲ့ ဒီရွှေတူးဖော်ခြင်းလုပ်ငန်းနှင့်ပတ်သက်ပြီးတော့ မိမိတို့ ကိုယ်တိုင်ပါဝင်ပတ်သက်မှုရှိလျှင်သော်လည်းကောင်း၊ မိမိတို့ရဲ့ဆွေမျိုးမိတ်သင်္ဂဟများပါဝင်ပတ်သက် မှုရှိရင်သော်လည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များကိုပြန်ရောက်ရင်သော် လည်းကောင်း၊ ယခုကဲ့သို့ ရွှေတူးဖော်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီများကို ယခု ကျွန်တော် တင်ပြခဲ့တဲ့အခြေအနေများ၊ အခြေအနေမှန်များကို ရှင်းပြပေးကြပါရန်နှင့် နိုင်ငံတော်အတွက် ပေးသင့် ပေးထိုက်သော ရွှေအချိုးများ မပျက်မကွက်ပေးသွင်းရေးကိုလည်း တိုက်တွန်းပေးဖို့ နှိုးဆော်အပ်ပါ တယ်။ ၎င်းတို့ရဲ့ အကျိုးစီးပွားဖြစ်ထွန်းရေးကိုလည်း ယှဉ်တွဲဆောင်ရွက်ကြပါ။ ကျွန်တော်တို့ သတ္တုတွင်းဝန်ကြီးဌာနအနေနဲ့လည်း လိုအပ်တာများကို လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ ကူညီအားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ သို့ဖြစ်ပါ၍ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇုံးတိန့်မှ တင်ပြလာတဲ့ အသေးစား ဧက ၂၀ အောက် ရွှေထုတ်လုပ်မှုမှာ စက်ယန္တရားများ ရင်းနှီးမြှုပ်နှံပြီးတော့ ရွှေဖော်ထုတ်လုပ်ခွင့်ပြု ရန်အစီအစဉ် ရှိ၊ မရှိ ဆိုတဲ့အဆိုနဲ့ပတ်သက်၍ အသေးစားထုတ်လုပ်မှုဆိုသည်မှာ စက်ယန္တရားများ ရင်းနှီးမြှုပ်နှံပြီးတော့ ကုန်ကျစရိတ်များစွာ အသုံးပြုရသည့်လုပ်ငန်းမဟုတ်ပါ။ ဒီလုပ်ငန်းအသေးစား လုပ်ငန်းလုပ်ခြင်းဖြင့် ဒေသန္တရ၊ ပတ်ဝန်းကျင်ဒေသန္တရ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းခြင်း မဖြစ်စေရန်ရည်ရွယ်ပါတယ်။ ဒါကြောင့် ဧက ၂၀ ရွှေဖော်ထုတ်လုပ်ကွက်တွေမှာ စက်ယန္တရား အသုံးပြု၍ ရွှေတူးဖော်ထုတ်လုပ်ခွင့်ပြုရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားပါသည်။
