ဖျာပုံ-ကျုံကဒွန်း-အမာလမ်းဟာ ၅၁ မိုင်နဲ့ ၅ ဖာလုံအရှည်ရှိပါတယ်။ ပထမတစ်ပိုင်းဖြစ်တဲ့ ဖျာပုံ- ကျုံကဒွန်း လမ်းကတော့ ၁၅ မိုင် ၃ ဖာလုံရှိပြီးတော့ ကျောက်ခင်းလမ်းအမာခံဖြစ်ပါတယ်။ မော်တော်ယာဉ် များလည်း နွေ၊ မိုး၊ ဆောင်းသွားလာနိုင်တဲ့အခြေအနေရှိပါတယ်။ ဒုတိယလမ်းအပိုင်းဖြစ်တဲ့ ကျုံကဒွန်း-ဒေါ်ငြိမ်း-အမာလမ်းကတော့ ၁၉၉၂ ခုနှစ်လောက်ကတည်းကစတင်ဖောက်လုပ်ခဲ့တဲ့ မြေသားလမ်း ဖြစ်ပါတယ်။ နွေရာသီနဲ့ဆောင်းရာသီမှာတော့ ဂျစ်ကားတို့၊ ဒိုင်နာတို့၊ ဘတ်စ်ကားအသေးစားတို့သာ သွားလာနိုင်ပါတယ်။ မိုးရာသီမှာ မိုးအနည်းငယ်ကျတာနဲ့လမ်းတွေဟာ အချို့မှာဗွက်ဖြင့် ပျက်စီး ပြီးတော့ ယာဉ်များသွားလာနိုင်ခြင်းမရှိတဲ့အပြင် ဆိုင်ကယ်ပင်မောင်းလို့မရနိုင်တဲ့အခြေအနေမျိုး ကြုံတွေ့ရတာဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းကလည်းပဲ ကျုံကဒွန်းကနေ အမာသွားတဲ့လမ်းရဲ့ တချို့နေရာတွေက လယ်ကွင်းထဲမှာ ဖြတ်ဖောက်ရတဲ့နေရာများဖြစ်ပါတယ်။ လယ်ကွင်းထဲမှာ ဖြတ်ဖောက်ရတဲ့နေရာတွေဟာ မိုးကျတာနဲ့ဗွက်ဖြစ်ပြီးတော့သွားလို့မရခြင်းဖြစ်ပါတယ်။ ဒီနေရာများ ကလည်း စုစုပေါင်းမှလေးနေရာလောက်ပဲရှိပြီးတော့ မိုင်အားဖြင့်လည်းအနည်းငယ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမှာဆိတ်မတံတားအလွန်မိုင်တိုင် ၂၄ မိုင်၊ ၃ ဖာလုံ ကနေပြီးတော့ အမာမြို့ရောက်တဲ့ အထိသွားတဲ့လမ်းဆိုလို့ရှိရင် သဘာဝကုန်းချောမြေအမာဖြစ်ပါတယ်။ ကတ္တရာလမ်းထက်ပင်ကောင်း ပါတယ်။ ဘာမှပြုပြင်ရန်မလိုဘဲနဲ့ ကားတွေဟာ နွေရော၊ မိုးရော၊ ဆောင်းရော သွားလာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြုပြင်မယ်ဆိုရင် အဲ့ဒီလမ်းကို ချန်ထားလို့ရပါတယ်။ လယ်မြေထဲမှာဖြတ်သွားတဲ့ လမ်းနေရာတွေကို နာဂစ်ကာလအပြီး ရေကျော်လို့လမ်းမြေမြှင့်တဲ့ လုပ်ငန်းတွေ ကျွန်တော်တို့အကုန်လုံးလုပ်ပြီးပါပြီ။ ကာလအားဖြင့်ဆိုလို့ရှိရင်လည်း သုံးနှစ်ကျော် ရှိတဲ့အတွက် အောက်ခံမြေကလည်းအမာဖြစ်နေပါတယ်။ ဒါ့ကြောင့်အဲ့ဒီနေရာတွေကိုသာ ကျောက်ခင်း ပေးလိုက်မယ်ဆိုလို့ရှိရင် မိုးရာသီဖြစ်လင့်ကစား ယာဉ်တွေသွားလာနိုင်မယ့်အခြေအနေရှိကြောင်း အကြံပြုတင်ပြအပ်ပါတယ်။ ဒါ့ကြောင့်မို့လို့ လမ်းပြုပြင်တဲ့အပိုင်းမှာတော့ ပြုပြင်ရန်လိုအပ်တဲ့ အပိုင်းတွေကို ထိထိရောက်ရောက်ပြုပြင်ဆောင်ရွက်ပေးနိုင်ဖို့လုပ်မယ်ဆိုလို့ရှိရင်တော့ ကုန်ကျစရိတ် မကြီးမားပဲနဲ့ ဒီလမ်းဟာ နွေ၊ မိုး၊ ဆောင်း ယာဉ်များသွားလာနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုဆောင်ရွက်ပေးနိုင်မယ့် အစီအမံများကိုသိလိုပါကြောင်း မေးမြန်းပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်နှင့် အမာမြို့နယ်ခွဲသို့ ဆက်သွယ်ဖောက်လုပ်ထားတဲ့ ဖျာပုံ-အမာကားလမ်းဟာ အရှည်မိုင် ၅၁ မိုင် ၅ ဖာလုံ ရှိပါတယ်။ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်၊ နာဂစ်မုန်တိုင်းဒဏ်ခံရပြီးတဲ့နောက်မှာ လမ်းအဆင့်မြှင့်တင် တိုးမြှင့်တည်ဆောက်ရန်လိုအပ်နေတဲ့အတွက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွင်းမှာ လမ်းကွန်ရက် စီမံကိန်းစာရင်းဝင်လမ်းအမှတ်(၇)အဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနကနေပြီးတော့ အဆင့်မြှင့်တင် တည်ဆောက်ရတာဖြစ်ပါတယ်။ ၃၁-၅-၂၀၁၁ ရက်နေ့အထိ လမ်းအခြေအနေတင်ပြရရင် ကတ္တရာ လမ်းက ၄ မိုင် ၁ ဖာလုံ၊ အမာခံလမ်းက ၂၁ မိုင် ၇ ဖာလုံ၊ မြေသားလမ်းက ၂၅ မိုင် ၅ ဖာလုံ၊ စုစုပေါင်း ၅၁ မိုင် ၅ ဖာလုံရှိပါတယ်။ ဖျာပုံ-ကျုံကဒွန်း-ဒေါ်ငြိမ်း-အမာခံလမ်းဟာ ယခုအခါလမ်းမိုင်အရှည် ၁၅ မိုင် ၃ ဖာလုံရှိတဲ့ဖျာပုံမှ ကျုံကဒွန်းအထိကတော့ ရာသီမရွေးသွားလာနိုင်တာဖြစ်ပါတယ်။ လမ်းပိုင်း အရှည် ၃၆ မိုင် ၂ ဖာလုံရှိတဲ့ ကျုံကဒွန်း-အမာလမ်းအပိုင်းကတော့ မြေသားလမ်းပါဝင်နေတဲ့ အတွက် ပွင်းလင်းရာသီမှသာလျှင် မော်တော်ယဉ်များ တွင်ကျယ်စွာသွားလာနိုင်တာဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ငွေလုံးငွေရင်းရန်ပုံငွေနဲ့ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသကဲ့သို့ လမ်းအဆင့်နိမ့်ကျမသွားစေရန်အတွက် လမ်းတံတားပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ ယင်းလုပ်ငန်းများကို ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်နဲ့ အမာမြို့နယ်ခွဲတို့မှ အင်ဂျင်နီယာများကနေ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဖျာပုံ-ကျုံကဒွန်း-ဒေါ်ငြိမ်း-အမာလမ်းကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေမှ ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းက ၁ မိုင်နဲ့ ၂ ဖာလုံ၊ မြေလမ်းမှအမာခံလမ်းအဆင့်မြှင့်တင်ခြင်းက ၉ ဖာလုံတို့တည်ဆောက်လျက်ရှိပါတယ်။ ဖျာပုံ-ကျုံကဒွန်း-ဒေါ်ငြိမ်း-အမာလမ်းရဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၊ ခွဲဝေရရှိတဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေကနေ ဆောင်ရွက်နေတဲ့လုပ်ငန်း ကတော့ ပျက်စီးနေသောကတ္တရာလမ်းပိုင်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းက ၁ မိုင်၊ လမ်းချိုင့် များအား ခွဲကျောက်၊ သဲဖြန့်ခြင်း၊ ကြိတ်ခြင်း၊ လမ်းချောခြင်း ၃ မိုင် ၃ ဖာလုံ၊ မြေသားလမ်းတွင် မိုးရာသီယာဉ်များသွားလာမှုကြောင့် ချိုင့်ခွက်ကြီးများဖို့ခြင်း၊ ရေမြောင်းတူးဖော်ခြင်း ၈ မိုင်နဲ့ ၆ ဖာလုံ၊ ဒေးဒလူတံတား ၄၀၀ ပေ၊ စစ်ကဲဒိတံတား ၇၀ ပေ၊ ကမန္တောတံတား ၄၀ ပေ၊ မြို့ကုန်းတံတား ၁၄၀ ပေ၊ ကျုံအင်းတံတား ၄၅ ပေ၊ ဝါးကုန်းတံတား ၆၀ ပေနဲ့ သစ်သားတံတားများရဲ့ ယက်မများ၊ ကြမ်းခင်းများ၊ ဘီးလမ်းများ၊ လက်ရန်းများလဲလှယ်ခြင်းက ၆ စင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက်စီမံကိန်းဝင် လမ်းအမှတ်(၇)ဖြစ်တဲ့ ဖျာပုံ-အမာ ကားလမ်းကို ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ဆက်သွယ် သွားလာမှုလွယ်ကူစေရန်အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းနဲ့ ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေများကိုတင်ပြတောင်းခံပြီး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆက်လက်ပြီးဆောင်ရွက် သွားမှာဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
