(စ)-စိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာများအရောက်ထုတ်ချေးပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၇-၉-၂၀၁၁)

ကျွန်တော်တို့နိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေပြီတော့ နှစ်စဉ် တောင်သူလယ်သမားများအတွက် သီးနှံစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးပေးနေတဲ့အတွက် အလွန်ကျေနပ်အားရစရာဖြစ်ပါတယ်။ ဒါပေမယ့်လို့ စိုက်ပျိုး စရိတ်ကိုရရှိတဲ့တောင်သူတွေက မြို့နယ်မှာရှိတဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးကိုလာရောက် ပြီးတော့ မိမိရရှိတဲ့ စိုက်ပျိုးစရိတ်များ ထုတ်ယူနေခဲ့ကြရပါတယ်။ သို့အတွက်ကြောင့် ဝန်ဆောင်စရိတ် များအပြင် ခရီးစရိတ်များပါကျခံပြီး ထုတ်ယူနေကြရတဲ့အတွက် နိုင်ငံတော်က စေတနာနဲ့ထုတ်ပေး နေတဲ့ စိုက်ပျိုးစရိတ်ငွေတွေဟာ တောင်သူလယ်သမားများလက်ဝယ်သို့ နိုင်ငံတော်က စေတနာထား သလောက်အပြည့်အဝမရရှိဘဲ ဖြစ်နေကြပါတယ်။ ဒါကြောင့် တောင်သူများမလိုလားအပ်သော ဝန်ဆောင်စရိတ်များ၊ ခရီးစရိတ်များ၊ အကုန်အကျမရှိစေရေးနဲ့ နိုင်ငံတော်ရဲ့ စေတနာအပြည့်အဝ ခံစားနိုင်ရေးအတွက် နိုင်ငံတော်က စိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးပေးတဲ့နေရာမှာ ကျေးရွာများ အရောက် တောင်သူများထံသွားရောက်ပြီး ထုတ်ချေးပေးသောစနစ် ကျင့်သုံးပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်
အဖြေ

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ယခင်ကာလက ကျေးရွာများအရောက် စိုက်ပျိုး စရိတ်ချေးငွေများကို ထုတ်ပေးနိုင်ခဲ့ခြင်းရှိခဲ့သော်လည်းပဲ ၁၉၉၃ ခုနှစ်၊ နိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးမှာ ညှိနှိုင်းဆုံးဖြတ်ချက်အရ စိုက်ပျိုးစရိတ်ချေးငွေများ လုံခြုံရေးအပိုင်းနှင့် မသမာမှု၊ အလွဲသုံးစားမှုများကို ကာကွယ်ပေးနိုင်ရန် အဓိကရည်ရွယ်ချက်အပါအဝင် တောင်သူများ ဘဏ်စနစ် ကိုကျင့်သုံးတတ်လာစေရန်၊ ဘဏ်ကိုယုံကြည်အားထားလာစေရန်၊ တောင်သူများလက်ဝယ်ရှိ ငွေပို ငွေလျှံများကိုစုဆောင်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်ပြီးတော့ ဘဏ်များသို့ ကိုယ်တိုင်လာရောက် ငွေထုတ်ယူခြင်းစနစ်၊ ကိုယ်တိုင်ပြန်လည်ပေးဆပ်ခြင်းစနစ်များကို စတင်ကျင့်သုံးဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ တောင်သူများ ကိုယ်တိုင်ငွေစုစာအုပ်၊ စာရင်း စာအုပ်များဖွင့်လှစ်ပေးပြီးတော့ ငွေစုဆောင်းတတ်စေခြင်းစနစ်ကိုလည်းပဲ ကျင့်သုံးဆောင်ရွက်နိုင်ခဲ့မှု ရှိခဲ့ပါတယ်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်ကြောင့် ဘဏ်သို့တောင်သူကိုယ်တိုင် လာရောက် ထုတ်ယူရခြင်းဖြစ်ရာ လယ်သမားလက်ဝယ် ချေးငွေများကို အပြည့်အဝရောက်ရှိစေခဲ့ပါတယ်။ ကြားခံ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းမလိုအပ်တော့တဲ့အတွက်ကြောင့် အခြားငွေကြေးမသမာမှု၊ ငွေကြေးအလွဲသုံးစားမှုများကိုလည်းပဲ ဘဏ်စနစ်ဖြင့် ထိန်းကျောင်းကာကွယ်ပေးနိုင်ခဲ့ပါတယ်။ လယ်သမားကိုယ်တိုင်ဘဏ်သို့ လာဆပ်ရတဲ့အတွက်လည်းပဲငွေသွင်းပြေစာအထောက်အထားများကို လက်ဝယ်ခိုင်ခိုင်မာမာ ပြန်လည်ရရှိစေနိုင်ခဲ့ပါတယ်။

နိုင်ငံတော်အစိုးရသစ်ကာလမှာ တောင်သူလယ်သမားများရဲ့အကျိုးကို ရှေးရှုပြီး ယခင်ကာလ က ဆန်စပါး၊ သီးနှံ စိုက်ဧက တစ်ဧကကို ၂၀၀၀၀ ကျပ်နှုန်းနဲ့ ထုတ်ချေးပေးခဲ့ရာမှ ၂၀၁၁ခုနှစ်၊ သြဂုတ်လကနေ စတင်ပြီးတော့မှ လယ်သမားစပါးစိုက်ဧက တစ်ဧကကို ၄၀၀၀၀ ကျပ်နှုန်းဖြင့် နှစ်ဆတိုး၍ သတ်မှတ်ထုတ်ချေးပေးလျက်ရှိခြင်းကြောင့် နိုင်ငံတော်ရဲ့ငွေကြေးသုံးစွဲရမှု ပမာဏ ဟာလည်းပဲ ပိုမိုကြီးမားကျယ်ပြန့်လာတာနဲ့အမျှ နိုင်ငံတော်ဘဏ္ဍာငွေ လုံခြုံရေးအပိုင်းကိုလည်းပဲ ပိုမိုအလေးထား ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်မှုရှိလာပါတယ်။ ယခုကဲ့သို့ ဘဏ်တွင်ကိုယ်တိုင် ထုတ်ချေးတဲ့စနစ်ဟာ ငွေကြေးလုံခြုံစိတ်ချမှုကိုများစွာ အထောက်အကူရရှိစေပါတယ်။ သို့ဖြစ်တဲ့ အတွက်ကြောင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး မြို့နယ်ဘဏ်ခွဲများတွင်သာ ကိုယ်တိုင်လာရောက် ငွေထုတ်ယူစေခြင်း၊ ကိုယ်တိုင်ပြန်လည် ပေးဆပ်စေခြင်းစနစ်ကို လက်ရှိကျင့်သုံးနေသည့်စနစ်အတိုင်း ဆက်လက်ဆောင်ရွက်ပေးနိုင်မှုအခြေအနေရှိပါကြောင်း ဖြေကြားအပ်ပါတယ်။ တစ်ဆက်တည်းမှာပဲ လမ်းပန်းဆက်သွယ်ရေး လုံခြုံစိတ်ချရမှုနဲ့ ကျေးရွာအချင်းချင်း ဆက်သွယ်သွားလာမှုကောင်းမွန်တဲ့ ကျေးရွာအုပ်စုဇုန်နေရာများမှာ သတ်မှတ်ပြီးတော့မှ ကျေးလက်အဆင့် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ငယ်များကို ဖွင့်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရသို့တင်ပြပြီး နိုင်ငံတော်မှအစီအစဉ်တကျခွင့်ပြုပေး နိုင်မှုရှိပါက တောင်သူလယ်သမားများ ယခုထက်ပိုမိုလုံခြုံ ချောမွေ့တဲ့စနစ်ဖြင့် ငွေထုတ်ချေးနိုင်ရေး ကိုဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။