(င)-အောင်ဘာလေထီနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၇-၉-၂၀၁၁)

နိုင်ငံတော်ကဖွင့်လှစ်ရောင်းချတဲ့ အောင်ဘာလေထီဟာ တစ်စောင်လျှင် သတ်မှတ်ဈေး ၂၀၀ ကျပ် ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲမှာတစ်စောင်လျှင် ၃၅၀ ကျပ်ဖြစ်နေပါ တယ်။ နယ်မှာတစ်စောင်ချင်းဝယ်ယူကံစမ်းဖို့က အခက်အခဲရှိပါတယ်။ ပုဂ္ဂလိက အရောင်းဆိုင်ရောက် တဲ့အခါမင်္ဂလာစုံတွဲကစပြီး ဂဏန်းတူ၊ အက္ခရာတူ ပုံစံမျိုးစုံနဲ့ရောင်းချနေပါတယ်။ ၂၉--၂၀၁၁ မြန်မာ့ အလင်းသတင်းစာ ပြည်တွင်းလူမှုစီးပွား သတင်းပဒေသာကဏ္ဍမှာ ထီဈေးနှုန်းတွေကို ဖော်ပြထားတာ တွေ့ရှိရပါတယ်။ အားလုံးလည်းအသိဖြစ်ပါတယ်။ ဒါကြောင့် အခြေခံလူတန်းစားများ အောင်ဘာလေ ထီကံစမ်းဖို့ဟာ တော်တော်အခက်အခဲရှိပါတယ်။ ဒီအကျိုးဆက်ကြောင့် အစိတ်ဖိုး၊ ငါးဆယ်ဖိုး၊ တစ်ရာဖိုးကြိုက်သလိုထိုး၊ တစ်နေ့ကိုသုံးကြိမ်၊ တစ်ပတ်မှာငါးရက်၊ ၁၅ ရက်တစ်ကြိမ်၊ လွယ်လွယ်ကူကူ ထိုးလို့ရတဲ့ လောင်းကစားဘက်ကိုရောက်သွားပါတယ်။ လောင်းကစားရဲ့ဆိုးကျိုးဟာ အခြေခံလူတန်း စားများမှာ ပိုမိုပြီးတော့ဖြစ်လေ့ရှိပါတယ်။ အခြေခံလူတန်းစားထဲမှ ဝမ်းတူးအလွှာ ဆိုတာပေါ်လာ ခြင်းဟာလောင်းကစားရဲ့ဆိုးကျိုးကြောင့်ဖြစ်ပါတယ်။ အခုဆိုရင် လောင်းကစားပပျောက်ရေးစီမံချက် များကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆောင်ရွက်နေချိန်ဖြစ်တဲ့အတွက်ကြောင့် () အောင်ဘာလေထီတစ်စောင်လျှင် ၂၀၀ ကျပ်နှင့် အများပြည်သူ လွယ်လွယ်ကူကူဝယ်ယူနိုင်ရေး အစီအစဉ်၊ () လက်ရှိဆုကြေးကျပ်သိန်းတစ်ထောင်အထက် ဆုကြေးပိုမိုမြှင့်ပေးရန် အစီအစဉ်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဦးလှထွန်း ပြည်ထောင်စုဝန်ကြီး၊ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
အဖြေ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနသည် ၂၀၀ ကျပ်တန် အောင်ဘာလေသိန်းထီလက်မှတ်ကို ထီလက်မှတ် ၁၁ စောင် ထီစာ အုပ်တစ်အုပ်လျှင် ၂၀၀၀ ကျပ်ဖြင့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများမှတစ်ဆင့် ထီရောင်းချလိုသူကိုယ်စားလှယ်များကို ရောင်းချပေး လျက်ရှိပါတယ်။ ထီကိုယ်စားလှယ်များအနေနဲ့ မိမိတို့ရောင်းအားအလိုက် မြို့နယ်  ကိုယ်စားလှယ်များ ထားရှိ၍လည်းကောင်း၊ မြို့နယ်အရောင်းကိုယ်စားလှယ်များမှတစ်ဆင့် ထီရောင်း/ဝယ်ခြင်းလုပ်ငန်း ဖြင့်အသက်မွေးဝမ်းကျောင်းပြုနေသူများ၊ လက်ပွေ့၊ တွန်းလှည်းများဖြင့် ရောင်းနေသူများသို့ လည်းကောင်း၊  အဆင့်ဆင့်ဖြန့်ဖြူး၍     ထီဝါသနာရှင်များသို့    ရောင်းချပေးလျက်ရှိပါတယ်။ မြန်မာ နိုင်ငံမှာ အောင်ဘာလေသိန်းဆု စတင်ဖွင့်လှစ်ချိန်မှစ၍ ယခုအချိန်ထိ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်ရုံးများအနေနဲ့ ထီတစ်စောင်ခြင်း၊ တစ်အုပ်ခြင်းရောင်းချရန် အခက်အခဲရှိသဖြင့် ဘဏ်ငွေပေး အမိန့်လက်မှတ် Bank Payment Order ဖြင့်လက်ကားရောင်းချသည့်စနစ်ကိုသာ ကျင့်သုံးဆောင် ရွက်လျက်ရှိပါတယ်။ လျှောက်ထားသူဦးရေနဲ့ ဗဟိုအရောင်းမှ ရောင်းချပေးနိုင်တဲ့ ထီအုပ်ရေအပေါ် မူတည်ပြီး အချိုးကျခွဲဝေရောင်းချပေးလျက်ရှိပါတယ်။ ထီစာအုပ်တစ်အုပ်ကုန်စင်အောင်ရောင်းချ နိုင်ပါက ၂၂၀၀ ကျပ် ရရှိမှာဖြစ်တဲ့အတွက် တစ်အုပ်ကို ၂၀၀ ကျပ် အမြတ်အစွန်းငွေရရှိမှာဖြစ်ပါ တယ်။ ထီစာအုပ်ရောင်းချလိုသူများအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးမှအပ သက်ဆိုင်ရာမြို့နယ်အခွန် ဦးစီးဌာနမှူးရုံးများမှာ မိမိတို့ဝယ်ယူရောင်းချလိုသည့် ထီစာအုပ်အရေအတွက်ကိုဖော်ပြပြီး လျှောက် ထားနိုင်ပါတယ်။ ဝယ်ယူခွင့်ရရှိပါက ရရှိတဲ့ဘဏ္ဍာနှစ်တစ်နှစ်လုံးအတွက် လစဉ်ဝယ်ယူခွင့်ရရှိမှာဖြစ် ပါတယ်။ မိမိရောင်းချလိုတဲ့လအတွက်သာ လျှောက်ထားရယူခွင့်ကိုတော့ ခွင့်ပြုမှာမဟုတ်ပါဘူး။ တစ်နှစ်စာခွင့်ပြုမှာဖြစ်ပါတယ်။ ထီလက်မှတ်တွေကို ကြိုတင်ရိုက်နှိပ်ရတာဖြစ်လို့ ဝယ်လိုအားပမာဏ ကိုခန့်မှန်းပြီး ရိုက်နှိပ်ထားရပါတယ်။ ဒါ့ကြောင့်မို့ ရောင်းချပေးနိုင်တဲ့ပမာဏအနေနဲ့ အကန့်အသတ် ရှိပါတယ်။ ထီရောင်းချသူလုပ်ငန်းရှင်များအနေနဲ့လည်း မိမိတို့ရဲ့ရောင်းအားကိုမြှင့်တင်ရန် မြို့နယ် အလိုက် အရောင်းကိုယ်စားလှယ်များထားရှိ၍လည်းကောင်း၊ မြို့နယ်အရောင်းကိုယ်စားလှယ်များမှ တစ်ဆင့် ထီရောင်းဝယ်ခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူများ၊ လက်ပွေ့၊တွန်းလှည်း များဖြင့်ရောင်းချနေသူများသို့ အဆင့်ဆင့်ဖြန့်ဖြူး၍ ထီဝါသနာရှင်များထံ ရောင်းချပေးလျက်ရှိပါ သည်။ ဒါ့ကြောင့်မို့ ထီရောင်းချလိုသူလုပ်ငန်းရှင်များ၊ ထီလစဉ်ထိုးလိုသူများအနေနဲ့ တစ်နှစ်စာမိမိတို့ လစဉ်ရောင်းကုန်နိုင်တဲ့၊ ထီထိုးလိုတဲ့ထီစောင်ရေကိုခန့်မှန်းပြီး လျှောက်ထားနိုင်ပါတယ်။ အောင်ဘာ လေသိန်းဆုဌာနခွဲရုံးအနေဖြင့် အဲဒီလိုဝယ်ယူခွင့်တင်ပြမှု၊ ဈေးကွက်အခြေအနေစတာတွေကို သုံးသပ်ပြီး ထီလက်မှတ်များကြိုတင်မှာကြား ရိုက်နှိပ်ထားရတာ ဖြစ်ပါတယ်။

          ထီလုပ်ငန်းရှင်များအနေနဲ့ မိမိတို့ထီလက်မှတ်ရောင်းအား မြှင့်တင်နိုင်ရေးအတွက် အပိုဆုများ ချီးမြှင့်ခြင်း၊ မိမိတို့လုပ်ငန်းအမည်ဖြင့် ထီစာအုပ်များ ဖြန့်ချိပေးပို့နိုင်ရေးအတွက် ကုန်ကျစရိတ်များကို ပြန်လည်ကာမိစေရန်နဲ့ အမည်ကောင်းတန်ဖိုး Goodwill ကိုပါရောင်းဈေးမှာထည့်သွင်းပြီး ထီလက် မှတ်တစ်စောင်လျှင် ၂၀၀ ကျပ် ထက်ပိုမိုရောင်းချနေခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ အောင်ဘာလေ ထီစနစ်အရ ထီရောင်းရငွေ ၄၀ ရာခိုင်နှုန်းကို နိုင်ငံတော်အခွန်အဖြစ်ရယူပြီး ကျန် ၆၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ခွဲပေးတဲ့စနစ်ကို ကျင့်သုံးဆောင်ရွက်နေတာဖြစ်တာမို့ ထီလက်မှတ်များထုတ်ဝေပြီးသည် နှင် ဆုမဲခွဲဝေမှုသတ်မှတ်ချက်များ သတ်မှတ်ပြီးဖြစ်သည့်အတွက် ရောင်းမကုန်လို့ပြန်အပ်တဲ့ ထီလက် မှတ်များကို ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ ပြန်လည်လက်ခံခြင်းမရှိပါဘူး။ ဒါ့ကြောင့် ထီရောင်း သူများဟာ မိမိရောင်းမကုန်ထီလက်မှတ်များ၏ အရှုံးကိုထေမိနိုင်ရန် တစ်ဖက်မှ မက်လုံးပေးဆွဲ ဆောင်ပြီး ဈေးတင်၍ရောင်းချခြင်းများလည်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ မြန်မာနိုင်ငံ ထီဖွင့်လှစ်သည့်စနစ်အရ ထီလက်မှတ်များအား ဖြန့်ဖြူးပြီးသည်နှင့် ထီဆုမဲသတ်မှတ်ခွဲဝေထားပြီး အောင်ဘာလေဆုမဲဖွင့်လှစ်ပေးနိုင်ရေး ကြိုတင်စီစဉ် ဆောင်ရွက်ရတာဖြစ်တဲ့အတွက် အောင်ဘာလေ သိန်းဆုစတင်ဖွင့်လှစ်ချိန်မှစပြီး ယနေ့အချိန်ထိ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်ရုံးများအနေဖြင့် ထီတစ်စောင်ချင်း၊ တစ်အုပ်ချင်းရောင်းရန် အခက်အခဲရှိသဖြင့် ထီစာအုပ်ဝယ်ယူခွင့် ရရှိသူများအား ရရှိသည့်ထီအုပ်ရေအတိုင်း လက်ကားရောင်းချသည့်စနစ်ကိုသာ ကျင့်သုံးလျက်ရှိပါတယ်။ ပြည်တွင်း အခွန်များဦးစီးဌာနအနေဖြင့် နိုင်ငံတော်အခွန်ရငွေ၏ ၉၀ ရာခိုင်နှုန်းကျော်ကို ကောက်ခံပေးနေတဲ့ လုပ်ငန်းဌာနတစ်ခု၏ ထီတစ်စောင်ချင်း၊ တစ်အုပ်ချင်း၊ လက်လီရောင်းချမည်ဆိုပါက ဝန်ထမ်းများ ပိုမိုအသုံးချရမှာဖြစ်ပါတယ်။ ကျန်အခွန် ကောက်ခံမှုအပိုင်းတွေမှာလည်း လစ်ဟင်းသွားနိုင်မှု ရှိနိုင်ပါ တယ်။ အခြေခံလူတန်းစားများ၏ အလုပ်အကိုင် အခွင့်အလမ်းအား လျော့နည်းသွားစေမှာ လည်း ဖြစ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ငွေကြေးကိုင်တွယ်ဆောင်ရွက်ရခြင်းကြောင့် ငွေကြေး ဆိုင်ရာ မလိုလားအပ်တဲ့ ပြဿနာများလည်းဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် တစ်ဦးချင်း လက်လီဖြန့်ဖြူး ရောင်းချခြင်းကို ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ စီစဉ်ဆောင်ရွက်ရန် မရှိပါကြောင်း ဖြေကြားပါသည်။