(ဂ)ရေလုပ်သားများ အသက်အာမခံထားရှိခွင့်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၇-၉-၂၀၁၁)

၂၀၁၀-၂၀၁၁ လုပ်ငန်းရာသီမှာ ကျွန်တော်တို့ ဖျာပုံတစ်မြို့နယ်လုံးဆိုတာ အမာမြို့နယ်ခွဲ အပါအဝင် ပင်လယ်ပြင်မှာ ကျွန်တော်တို့ ငါးဖမ်းတဲ့လုပ်ငန်းအမျိုးမျိုး လုပ်ပါတယ်။ လုပ်တဲ့ငါးဖမ်းတဲ့ လုပ်ငန်းငါးမျိုးရှိပါတယ်။ အဲဒါကတော့ ပင်လယ်ကျားပိုက်လုပ်ငန်း၊ ကျားဖောင်လို့ ခေါ်ပါတယ်။ နောက်ဘုံကျောင်းခေါ်တဲ့ တရုတ်ကျောက်ပိုက်လုပ်ငန်း၊ မျှောပိုက်လုပ်ငန်း၊ စိန်ပိုက်လုပ်ငန်းနဲ့ ငါးမျှားတန်း လုပ်ငန်းတို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ ပင်လယ်ကမ်းစပ်ကနေပြီးတော့ မိုင် ၂၀ က နေ မိုင် ၄၀ လောက်ကွာတဲ့နေရာမှာ သွားရောက်ပြီး လုပ်ကိုင်ကြတာဖြစ်ပါတယ်။ ဒီဖျာပုံတစ်မြို့နယ်လုံးမှာဆိုလို့ ရှိရင်လုပ်တဲ့ရေလုပ်ငန်းရှင် ၃၀၀ လောက်ရှိပြီးတော့ ဝင်ရောက်လုပ်ကိုင်နေတဲ့ ရေလုပ်သားပေါင်း ဟာလည်းပဲ ၁၅၀၀၀ ကျော်လောက်ရှိပါတယ်။ အဲဒီမှာ ငါးဖမ်းတဲ့ရေယာဉ်ပေါင်းဟာလည်း အစီး ၄၀၀ လောက်ရှိပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ မတ်လ ၁၅ ရက်နဲ့ ၁၇ ရက်အထိ ပင်လယ်ပြင်မှာ လေမုန်တိုင်းဒဏ်ခံခဲ့ရပါတယ်။ အဲဒီလို လေမုန်တိုင်းဒဏ်ခံခဲ့ရတဲ့အတွက် စက်လှေ ၅၆ စီး၊ ကျားဖောင် ၃၅၉၉ ဖောင် နစ်မြုပ်ပျက်စီးခဲ့ပါတယ်။ အဲဒီတုန်းက ပင်လယ်ပြင်မှာ လုပ်ကိုင် နေတဲ့ရေလုပ်သားပေါင်း ၁၂၀၀၀ ရှိပြီးတော့ အဲဒီထဲကရေလုပ်သား ၄၀၀ လောက်ကတော့ ယနေ့ တိုင်ပြန်လည်ရောက်ရှိကြောင်း သတင်းမရရှိသေးတဲ့အတွက် ဆက်လက်ရှာဖွေဆဲလည်းဖြစ်ပါတယ်။ ဒီဒုက္ခကြုံတွေ့ခဲ့ရတဲ့ ရေလုပ်သားများကိုလည်းပဲ သူတို့နဲ့မိသားစုတွေကို နိုင်ငံတော်အစိုးရရဲ့ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ ရေလုပ်ငန်းရှင်တွေ၊ နောက် ဧရာဝတီ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ အခြားအလှူရှင်အသီးသီး တို့ကလည်းပဲ ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့ပါတယ်။ ဒီမှာ ကျွန်တော်တို့ ရေလုပ်သားအများစုနဲ့ လုပ်ငန်းရှင်များဟာ အသက်အာမခံထားချင်တယ်ဆိုပြီးတော့ အားလုံးဟာသတင်းပို့ကြပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ဒီမြန်မာ့အာမခံဥပဒေအရတော့ စက်တပ်ရေယာဉ်မှာ ငါးဖမ်းလျက်ရှိတဲ့ ရေလုပ်သားတွေကိုပဲ အသက်အာမခံထားခွင့်ရှိပြီးတော့ အခုလို ပင်လယ်ပြင်မှာ ကျွန်တော်တို့ ဒေသ အခေါ် ကျားပိုက်ခေါ်တဲ့ ကျားဖောင် ဖြစ်ပါတယ်။ ကျားဖောင်ရဲ့အဓိပ္ပာယ်ကတော့ ဝါးပိုးဝါးအလုံး ၁၀၀ လောက်ကို ဖောင်ဖွဲ့ပြီးတော့ ပင်လယ်ကမ်းခြေကနေ မိုင် ၂၀ လောက်အကွာမှာ ငါးဖမ်းတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ အဲဒီမှာပင်လယ်မှာ ငုတ်တွေစိုက်ပြီးတော့ ကြိုးတစ်ချောင်းနဲ့ ပိုက်နဲ့ ဖောင်နဲ့ ချည်ပြီးတော့ ဖောင်တစ်ဖောင်မှာ ရေလုပ်သားသုံးဦးကနေ လေးဦးလောက်အထိ ပင်လယ်ပြင်မှာ သုံး၊ လေးလလောက် ဆက်တိုက်လုပ်တဲ့ငါးဖမ်းလုပ်ငန်း ဖြစ်ပါတယ်။ ဒီ ကျားဖောင်ပေါင်းဟာလည်း တစ်ခါထွက်ရင် ဖောင်အရေအတွက် ၄၀၀၀ လောက် ရှိပါတယ်။ ဒီ အသက်အာမခံဥပဒေအရလည်း ကျွန်တော်တို့ ဒီအသက်အာမခံဥပဒေ ပုဒ်မ မှာလေ့လာတွေ့ရှိရတာကတော့ ဖြစ်ပျက်တတ်တဲ့ ဘေးအန္တရာယ်ကြောင့် ပြည်သူ့တွေကြုံတွေ့နိုင်တဲ့ လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုကို နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ အာမခံထားခြင်းဖြင့် ငွေကြေးပြေလည်မှုရရှိစေရန်နှင့် လူတစ်ဦးစီအလိုက် အသက်အာမခံထားရှိခြင်းဖြင့် ငွေစုဆောင်းတဲ့ အလေ့အထတိုးပွားစေပြီး နိုင်ငံတော်ရဲ့ အရင်းအနှီး စုဆောင်းမှုကို အထောက်အကူပြုစေနိုင်တယ်ဆိုပြီး တော့ဒီဥပဒေမှာလည်း ရေးသားထားတာ ပါရှိပါ တယ်။ ဒါ့ကြောင့်မို့လို့ အခု ကျွန်တော်တို့ မြန်မာ့ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရေလုပ်သားများအနေနဲ့ ဒီဖြစ်ပျက်တတ်တဲ့ဘေးအန္တရာယ်ကြောင့် လူမှုရေး၊စီးပွားရေးသာမကဘဲနဲ့ အသက်များပင်ထိခိုက်ဆုံးရှုံးရလေ့ရှိတာကြောင့် ဒီမြန်မာ့အာမခံ လုပ်ငန်းမှာ အသက်အာမခံထား ရှိခြင်းနဲ့ နောင်ဘဝစိတ်အေးဖို့အတွက် အထောက်အကူပြုစေဖို့ ဒီမြန်မာ့အာမခံလုပ်ငန်းရဲ့ ရည်မှန်းချက်နဲ့လည်း ကိုက်ညီတယ်လို့ ထင်မြင်တဲ့အတွက် အထက်ပါ ကျားဖောင်လုပ်ငန်းမှာလုပ်တဲ့ ရေလုပ်သားတွေ အသက်အာမခံထားရှိခွင့်ရရှိရေးကို ဆောင်ရွက်ပေးစေလိုကြောင်း မေးမြန်းခြင်းဖြစ်ပါ တယ်။ နောက်တစ်ဆက်တည်းမှာပဲ အသက်အာမခံထားရှိခြင်းကြောင့် အကျိုးခံစားခွင့်ကိစ္စမှာလည်းပဲ ဒီသေဆုံးမှုကြောင့် အလောင်းမရရှိလို့ရှိရင် အကျိုးခံစားခွင့်နှစ်နှစ် စောင့်ဆိုင်းပေးရမယ်လို့ ဖော်ပြ ထားတာလည်းတွေ့ရပါတယ်။ ဒီမြန်မာ့ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ကိုင်နေတဲ့ ရေလုပ်သားအများစု ဟာဒီလုပ်ငန်းခွင်မှာ ဖြစ်ပျက်တတ်တဲ့ဘေးအန္တရာယ်ကြောင့် သေဆုံးတဲ့နေရာမှာလည်း အလောင်းမရ ရှိတာများပါတယ်။ ဒါ့ကြောင့်မို့လို့ နှစ်နှစ်စောင့်ဆိုင်းပြီးမှ အကျိုးခံစားခွင့်ရှိတယ်ဆိုတာကိုလည်းပဲ ဒီထူးခြားတဲ့နယ်မြေတစ်ခုမှာ သင့်လျော်သလိုကာလတစ်ခု သတ်မှတ်ပြီး ပြင်ဆင်ပေးပါလို့လည်းပဲ အကြုံပြုလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ကတော့ ကျွန်တော်တို့ မြန်မာ့ပင်လယ်ပြင်မှာ ငါးလုပ်ငန်းလုပ်ကိုင်နေတဲ့ ရေလုပ်သားများရဲ့ အသက်အာမခံထားရှိရေးကိစ္စနှင့်ပတ်သက်ပြီးတော့ ဆောင်ရွက်ပေးနိုင်မယ့်အစီ အစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဦးလှထွန်း ပြည်ထောင်စုဝန်ကြီး၊ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
အဖြေ

၂၀၁၁ ခုနှစ်၊ မတ်လမှာ တွေ့ကြုံခဲ့ရ တဲ့ လေပြင်းမုန်တိုင်းတိုက်ခတ်မှုတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ကျားဖောင်ရေလုပ်သား အများအပြားလုပ်ငန်းလုပ်ကိုင်စဉ် ပင်လယ်ပြင်၌ အသက်ဆုံးရှုံးမှုဖြစ်စဉ်များအရ ကျားဖောင် ရေလုပ်သားများအတွက် ယင်းလုပ်ငန်းကို ဦးစီးဆောင်ရွက်သည့် ရေလုပ်ငန်းရှင်များမှ ၎င်းတို့၏ ရေလုပ်သားကိုယ်စား ကျားဖောင်လုပ်ငန်းရှင်များတာဝန်ရှိမှု အာမခံအဖြစ် မြန်မာ့အာမခံလုပ်ငန်း တွင် အာမခံထားရှိနိုင်ပါက အန္တရာယ်တစ်စုံတစ်ရာဖြစ်ပေါ်လျှင်သေဆုံး သို့မဟုတ် ပျောက်ဆုံးသွားသူ ကျားဖောင်လုပ်သားများအတွက် ကျန်ရစ်သူမိသားစုမှ အာမခံကြေးရရှိနိုင်ပြီး အခြေမပျက်ဘဝ ရပ်တည်နိုင်ရေးအတွက် မြန်မာ့အာမခံလုပ်ငန်းနဲ့ ငါးလုပ်ငန်းဦးစီးဌာနတို့ကပူးပေါင်းကာ စည်းရုံး ဆောင်ရွက်နိုင်ရေးအတွက်ကို ငါးလုပ်ငန်းဦးစီးဌာနမှ မြန်မာ့အာမခံလုပ်ငန်းသို့ အကြောင်းကြားလာ တာဖြစ်ပါတယ်-

ငါးလုပ်ငန်းဦးစီးဌာနရဲ့ ညှိနှိုင်းလာချက်အရ ကျားဖောင်လုပ်ငန်းရှင်တာဝန်ရှိမှု အာမခံထားရှိ နိုင်ရေး၊ မြန်မာ့အာမခံလုပ်ငန်းမှ ကျားဖောင်ရေလုပ်သားများအတွက် ဆောင်ရွက်ပေးနိုင်မည် အာမခံ အကာအကွယ်ကို အောက်ပါအတိုင်း ပြန်ကြားပေးပြီးဖြစ်ပါတယ်-

          (က)    ပင်လယ်ပြင်တွင် ငါးဖမ်းထွက်လျက်ရှိသည့် စက်တပ်၊ စက်မဲ့၊ ကမ်းနီး၊ကမ်းဝေးလှေ၊ ကျားဖောင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် ရေလုပ်သားများအတွက် ၎င်းတို့၏ လုပ်ငန်းရှင်များမှ ကျားဖောင်ရေလုပ်သားများ တာဝန်ရှိမှု အာမခံကို မြန်မာ့အာမခံ လုပ်ငန်းတွင် အာမခံထားရှိနိုင်ပါသည်။

          ()     ယင်းရေလုပ်သားများ၏ ဘဝမျှော်လင့်ချက်ကိုအာမခံမှ ရှေးရှုဆောင်ရွက်ရာတွင် သက်ဆိုင်ရာဒေသတွင်းရှိ ကျားဖောင်ရေလုပ်သားအားလုံးအတွက် မထားမနေရ အာမခံအဖြစ် ငါးလုပ်ငန်းဦးစီးမှ Focal Point အဖြစ်တာဝန်ယူဆောင်ရွက်ပြီး၊ မြန်မာ့ အာမခံလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ပါတယ်။

          ()     သက်ဆိုင်ရာရေလုပ်သားများ၏ အာမခံတာဝန်ကို အနည်းဆုံးတစ်ယူနစ်လျှင် နစ်နာကြေး ငါးသိန်းသတ်မှတ်ထားရှိပြီး ရေလုပ်သားတစ်ဦးအတွက် အများဆုံးလေးယူနစ် ဝယ်ယူ ထားရှိနိုင်ပြီး တစ်စုံတစ်ရာ အသက်အန္တရာယ်ဆုံးရှုံးမှုပေါ်ပေါက်ပါက ကျပ်သိန်း နှစ်ဆယ်ထိ မြန်မာ့အာမခံလုပ်ငန်းမှ ပေးလျော်မှာ ဖြစ်ပါတယ်။

          ()    အာမခံတစ်ယူနစ် အာမခံအကာအကွယ်ငါးသိန်းအတွက် ကျသင့်ပရီမီယမ်မှာ ကျပ် ၃၅၀၀ ပုံသေသတ်မှတ်၍ သက်တမ်းကာလမှာ တစ်နှစ်၊ အာမခံစာချုပ်သက်တမ်း တစ်နှစ် ဖြစ်ပါတယ်။

          ()     အာမခံလုပ်ငန်းတွေ၊ ကျားဖောင်လုပ်ငန်းတာဝန်ရှိမှု အာမခံထားရှိသည့် ရေလုပ်သား များအတွက် ကျားဖောင်ပေါ်တွင် လုပ်ငန်းခွင်တာဝန်ထမ်းဆောင်လျက်ရှိစဉ် သဘာဝဘေး အန္တရာယ်ကြောင့်လည်းကောင်း၊ မတော်တဆလုပ်ငန်းခွင်ထိခိုက်မှုကြောင့်လည်းကောင်း အောက်ဖော်ပြပါဖြစ်စဉ်များကိုလည်း မြန်မာ့အာမခံလုပ်ငန်းမှ နစ်နာကြေးအဖြစ် သတ်မှတ်ပေးမှာ ဖြစ်ပါတယ် -      

                   ()     သေဆုံးခြင်း၊ အာမခံထားရှိသည့်တန်ဖိုးအတိုင်းပေးလျော်မှာ ဖြစ်ပါ တယ်။

                   ()     ဒဏ်ရာရရှိခြင်း၊ ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်း၊ တစ်စိတ်တဒေသ မစွမ်းမသန် ဖြစ်ခြင်း၊ သူတစ်ပါးထိခိုက်မှု အာမခံနည်းဥပဒေနှုန်းထားအတိုင်းဖြစ်ပြီး အများ ဆုံးအာမခံငွေ၏ ၈၀ ရာခိုင်နှုန်းပေးလျော်မှာဖြစ်ပါတယ်။

          ()     အကယ်၍ အာမခံထားရှိသည့် ကျားဖောင်လုပ်သားများ လုပ်ငန်းခွင်တွင် အထက် ဖော်ပြပါအန္တရာယ်များကြောင့် ပင်လယ်ပြင်တွင်သေဆုံး သို့မဟုတ် ပျောက်ဆုံးသည့် ကိစ္စရပ်များတွင် အလောင်းမရရှိပါက အာမခံနည်းဥပဒေပါအချက်အရ နစ်နာကြေး ပေးချေမှုအား သာမန်အားဖြင့် နှစ်နှစ်စောင့်ဆိုင်းပြီးမှ ပေးချေရမည်ဖြစ်သော်လည်း အထူးကိစ္စတစ်ရပ်အနေဖြင့် အလောင်းမရ သေဆုံးမှုဟုယူဆပါက ဖြစ်ပျက်သေဆုံး သည့်နေ့မှ တစ်နှစ်တိတိစောင့်ဆိုင်းပြီး နစ်နာကြေးအား သက်ဆိုင်ရာ အကျိုးခံစားခွင့် ရှိသူသို့ပေးချေမှာဖြစ်ပါတယ်။

အထက်ပါ ကျားဖောင်လုပ်ငန်းရှင် တာဝန်ရှိမှု အာမခံအမျိုးအစားမှာ ယခင်မြန်မာ့အာမခံ လုပ်ငန်းမှ   ဆောင်ရွက်လျက်ရှိသည့်   ရေယာဉ်လုပ်ငန်းရှင်တာဝန်ရှိမှု  အာမခံအမျိုးအစားနဲ့  တစ်ထပ်

တည်းအကာအကွယ်ပေးထားသော်လည်း ရေယာဉ်လုပ်ငန်းရှင်တာဝန်ရှိမှုအာမခံမှာ စက်တပ်ရေယာဉ် များပေါ်သာအကျုံးဝင်ပြီး မြန်မာ့အာမခံလုပ်ငန်းမှ ခွင့်ပြုလက်ခံမည့် အာမခံအမျိုးအစားမှာ ကမ်းနီး၊ ကမ်းဝေးပင်လယ်ပြင်အတွင်း စက်မဲ့ရေယာဉ်ကျားဖောင်လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်သည့် ရေလုပ်သားများ ဘဝရှေ့ရေးအတွက် ကျားဖောင်လုပ်ငန်းရှင်တာဝန်ရှိမှု အာမခံအကာအကွယ်အား မြန်မာ့အာမခံလုပ်ငန်းနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်၊ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားအပ်ပါတယ်။