ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တာဝန်ပေးအပ်ရာတွင် သင်္ဃန်းကျွန်းမြို့နယ်တစ်ခုတည်းသာ မြို့နယ်လွှတ်တော် ကိုယ်စားလှယ်၏ သဘောထားရယူခဲ့ခြင်း မရှိသည်ကို ပြည်ထောင်စုအစိုးရအနေဖြင့် သိပါသလား။ သိပါက အဘယ့်ကြောင့် လွှတ်တော်ကိုယ်စားလှယ်၏ သဘောထားကို ရယူခဲ့ခြင်းမရှိပါသနည်း။ ထိုသို့ တာဝန်ပေးအပ်ခံရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအများစုမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၈၉ ပါ အများကြည်ညိုလေးစားပြီး အကျင့်၊ သိက္ခာ၊ သမာဓိရှိသူဆိုသည်နှင့် ဆန့်ကျင်နေသည်ကို ပြည်ထောင်စုအစိုးရအနေဖြင့် သိပါသလား။ သိပါက အဘယ်ကြောင့်ယခုကဲ့သို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ပေးအပ်ခဲ့သည်ကိုသိလိုကြောင်း မေးမြန်းပါသည်။
၁၉၀၇ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေအမှတ် ၃၊ မြို့များ အက်ဥပဒေမှာပါတဲ့ပုဒ်မ ၅၊ အပိုဒ်ခွဲ ၂ အရ ခရိုင်ဝန်သည် သူတစ်ဦးတစ်ယောက်ကို ရပ်ကွက် တစ်ခု၏ ရပ်ကွက်အကြီးအကဲအဖြစ် ခန့်အပ်ရမည့်အပြင် အကွက်တစ်ခု၏ အကွက်အုပ်များကိုလည်း ခန့်အပ်နိုင်သည်။ ခန့်အပ်ရမည့်ဦးရေထက် အရွေးခံသူဦးရေက ပိုမိုနေလျှင် ခရိုင်ဝန်သည် ရွေးကောက်ပွဲနည်းလမ်းအဖြစ် သေချာအောင်ပြုလုပ်ပြီး ရပ်ကွက် သို့မဟုတ် အကွက်တွင် နေထိုင် သူတို့၏ ရွေးချယ်မှုဖြင့် ခန့်ထားရမည်ဟု ဖွင့်ဆိုထားပါတယ်။ ဒီဥပဒေဟာ လက်ရှိ တည်ဆဲဖြစ်ပါ တယ်။ ဒါကြောင့် လက်ရှိမှာတော့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ခန့်အပ် ခြင်းဟာ အများကြည်ညိုလေးစားတဲ့ အကျင့်သိက္ခာ၊ သမာဓိရှိတဲ့သူတွေကို ရွေးချယ်ပြီးတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရရဲ့ သဘောထားရယူလျက် ခရိုင်အုပ်ချုပ် ရေးမှူးတွေရဲ့ စီမံခန့်ခွဲမှုအရ ခန့်အပ်လျက်ရှိပါတယ်။ ရပ်ကွက်နဲ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တွေကို ခန့်အပ်တဲ့နေရာမှာ ၁၉၈၈ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရဲ့အမိန့်နဲ့ ညွှန်ကြားချက်များပေါင်းချုပ်၊ ၁၉၈၉ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ထုတ်ပြန်တဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စု ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရဲ့ လုပ်ငန်းတာဝန်နဲ့ လုပ်ငန်းဆောင်ရွက်မှုစနစ်၊ စာအုပ်တွေကိုကိုးကားပြီးတော့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တွေကို ရွေးချယ်တာဝန်ပေးအပ်ခဲ့ပါတယ်။ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေမှာ တာဝန်ယူရမဲ့ တာဝန်ယူမဲ့ပုဂ္ဂိုလ်တွေကို ယခု ရည်ညွှန်းထားတဲ့ အမိန့်နဲ့ညွှန်ကြားချက်တွေ ကိုးကားပြီးတော့ သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီအောင်ရွေးချယ်ပြီးတော့ ခန့်ထားခြင်းဖြစ်ပါတယ်။ ဒီအရည်အချင်းတွေကတော့ -
(၁) ရပ်ကွက်ကျေးရွာအုပ်စုမှ ကြည်ညိုလေးစားသူ၊
(၂) မည်သည့်နိုင်ငံရေးအဖွဲ့အစည်းမှ ပါဝင်ခဲ့သူမဖြစ်စေရေး၊
(၃) အစိုးရအဖွဲ့အဆက်ဆက်မှာ နေရာယူတဲ့ ပွဲလန့်ဖျာခင်းသူများမဖြစ်စေရေး၊
(၄) မိသားစု၊ ဆွေမျိုးစုအင်အားဖြင့် ခေတ်အဆက်ဆက် ဆိုးမိုက်နေသူများမဖြစ်စေရန်၊
(၅) မြို့နယ်အဖွဲ့အစည်းသို့ချဉ်းကပ်ပြီးတော့အခွင့်အရေးကိုလက်ဦးမှုရယူတတ်သူများ မဖြစ်စေရန်၊
(၆) ပြီးခဲ့တဲ့အရေးအခင်းတွေမှာ ပါဝင်လှုပ်ရှားသူများ နည်းမျိုးစုံဖြင့် အားပေးအားမြှောက် ပြုသူများမဖြစ်စေရန်၊
(၇) နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများနှင့် တပ်မတော်အပေါ်မှာ အမြင် မကြည်လင်သူ များ ဆန့်ကျင်သူများမဖြစ်စေရန်၊
(၈) အမှုအခင်းမရှိတဲ့ နယ်ဘက်၊ စစ်ဘက်နဲ့၊ အငြိမ်းစားများ၊ ရပ်မိရပ်ဖများထဲမှ ကြည်ညို လေးစားမှုရှိသူ၊ အကျင့်စာရိတ္တကောင်းမွန်သူတွေကို စိစစ်ရွေးချယ်ရန်၊
(၉) ရပ်ကွက်ကျေးရွာအုပ်စု စာရေးမှအပ တာဝန်ထမ်းဆောင်ဆဲ အခြားဝန်ထမ်းများကို အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်း မပြုရန်၊
(၁၀) ပြစ်မှုကျူးလွန်သူများ၊ ပြစ်ဒဏ်ကျခံရသူများ၊ ဆိုးသွမ်းလူငယ်များနှင့် ရပ်ရွာလူထုရဲ့ ကြည်ညိုလေးစားမှုမရှိသူများမဖြစ်စေရန်ဆိုပြီးတော့ ဖြစ်ပါတယ်။
သို့သော်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၉ မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာ၊ သမာဓိရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနဲ့အညီခန့်အပ်တာဝန်ပေးဆောင်ရွက်စေမည်ဟု ပြဋ္ဌာန်းထားပါတယ်။ ဒီ ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ကိုက်ညီမယ့် ဥပဒေကြမ်းကို ရေးဆွဲပြီးဖြစ်ပါတယ်။ ဒီရေးဆွဲပြီးဖြစ်တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဥပဒေ၊ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် သို့ တင်ပြအတည်ပြုချက်ရယူ၍ ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
