အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် အများပြည်သူများ၊ ဌာနဆိုင်ရာများ၊ အစိုးရစက်ရုံ အလုပ်ရုံများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံများ၊ စက်မှုဇုန်များစသည်တို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး လျက်ရှိသည်ကိုတွေ့ရပါတယ်။ ယင်းကဲ့သို့ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မဟာဓာတ်အားလိုင်းကြီးများ၊ ပင်မဓာတ်အားခွဲစက်ရုံကြီးများ၊ ဓာတ်အားဖြန့်ဖြူးရေး ဓာတ်အားလိုင်းခွဲများနဲ့ ဓာတ်အားခွဲစက်ရုံများကို စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်းသိရှိရပါတယ်။
တဖန် နိုင်ငံတော်ဓာတ်အား မရောက်ရှိသေးသော ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး စသည့်ဒေသများသို့လည်း မဟာဓာတ်အားလိုင်းများ၊ ပင်မဓာတ်အားခွဲရုံကြီးများ တည်ဆောက်ကာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံကိန်းများချမှတ် အကောင်အထည်ဖော် စီစဉ်လျက်ရှိသည်ကိုလည်း ပြည်သူ့လွှတ်တော်တွင် ရှင်းပြမှုများအရ သိရှိရပါတယ်။ ထို့အပြင် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်းများနှင့်ဆက်စပ်ပြီး မဟာဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိ ရပါတယ်။ မြို့ရွာများ လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ရေးသာမက ကျေးလက်ဒေသများသို့ပါ နိုင်ငံတော် ဓာတ်အားမှ လျှပ်စစ်ဓာတ်အားရရှိရေးအတွက်လည်း ဆောင်ရွက်သွားမည်ဟုသိရပါတယ်။ ယင်းကဲ့သို့ စီမံကိန်းများအကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော်မှ နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာနှင့် မြန်မာကျပ်ငွေ ဘီလီယံပေါင်းမြောက်မြားစွာ ရင်းနှီးမြှုပ်နှံခွင့်ပြုပေးနေ သည်ကိုလည်းသိရှိရပါတယ်။ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားကို နိုင်ငံတစ်ဝန်းလုံးသို့ ဖြန့်ဖြူးရောင်းချပေးပြီး နိုင်ငံတော်ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနေရသော စီးပွားရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်ကိုလည်းသိရှိရပါတယ်။ သို့ပါ၍ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် ယခုလက်ရှိ အခြေအနေတွင် နိုင်ငံတော်မှ စီမံကိန်းကြီးများအကောင်အထည်ဖော်ရန် ခွင့်ပြုပေးသောရန်ပုံငွေ အသုံးစရိတ်များနှင့် ဝန်ကြီးဌာနမှပြန်လည်ရှာဖွေပေးသောဝင်ငွေများ အခြေ အနေမည်သို့ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနရဲ့လုပ်ငန်းတာဝန်တွေကတော့ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံမှ ဓာတ်အားကို ထုတ်လုပ်ခြင်းနှင့် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဓာတ်အားကိုဝယ်ယူပြီးတော့ နိုင်ငံတော် တစ်ဝန်းလုံးကို ဓာတ်အားဖြန့်ဖြူးပေးတဲ့လုပ်ငန်းပဲဖြစ်ပါတယ်။ နိုင်ငံတော်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိတဲ့ နည်းလမ်းတွေကတော့ မဟာဓာတ်အားလိုင်းတွေ ဓာတ်အားခွဲရုံကြီးများ တည်ဆောက်ပြီးတော့ ဓာတ်အားဖြန့်ဖြူးပေးခြင်း ဝေးကွာသောအရပ်ဒေသတွေမှာ အသေးစား ရေအားလျှပ်စစ်စက်ရုံများ၊ ဒီဇယ်အင်ဂျင်စက်များနဲ့ ဓာတ်အားပေးခြင်းနဲ့ ပြည်သူများပါဝင်သော မီးလင်းရေးကော်မတီများဖွဲ့စည်းပြီးတော့ ဓာတ်အားပေးခြင်းနှင့် တချို့ဒေသတွေမှာ အိမ်နီးချင်း နိုင်ငံတွေကနေပြီးတော့ ဓာတ်အားကိုဝယ်ယူပြီးတော့ ဓာတ်အားပေးတဲ့နည်းလမ်းများပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အတွင်းမှာ တိုင်းဒေသကြီး/ပြည်နယ်ရုံးစိုက်ရာ ၁၀ မြို့အပါအဝင် မြို့ပေါင်း ၃၀၂ မြို့ကို ကျေးရွာပေါင်း ၁၄၆၈ ကို နိုင်ငံတော်ဓာတ်အားစနစ်က ဓာတ်အားပေးထားပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရုံးစိုက်ရာ မြို့လေးမြို့အပါအဝင် မြို့ပေါင်း ၂၁၁ မြို့၊ ကျေးရွာပေါင်း ၅၃၂၁ ရွာကို အသေးစားရေအားလျှပ်စစ်ဒီဇယ်စက်များနဲ့ ဓာတ်အားပေးထားပြီးဖြစ်ပါတယ်။ နိုင်ငံတော်အတွင်း ကျေးရွာပေါင်း ၆၄၃၄၆ ရွာရှိသည့်အနက် လျှပ်စစ်ဓာတ်အားရရှိနေတဲ့ရွာပေါင်းဟာ ၆၇၈၉ ရွာ၊ ၁၀.၅ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားမရသေးတဲ့ရွာပေါင်းဟာ ၅၇၅၅၇ ရွာ၊ ၈၉.၅ ရာခိုင်နှုန်းရှိပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးရဲ့ အိမ်ထောင်စုဦးရေဟာ ၈၉၀၅၆၇၄ ရှိတဲ့အနက် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှာ လျှပ်စစ်မီတာပေါင်း ၂၂၇၃၇၃၄ လုံးတပ်ဆင်ပြီးတဲ့အတွက်ကြောင့် တစ်နိုင်ငံလုံးရဲ့ ဓာတ်အားသုံးစွဲမှုဟာ ၂၆ ရာခိုင်နှုန်းရှိပြီးဖြစ်ပါတယ်။ နိုင်ငံတော်ကိုခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ လူမှုရေးကဏ္ဍစသည့် ကဏ္ဍအတွက်အလိုအပ်ဆုံးသော အထောက်အကူပြုတဲ့ လျှပ်စစ်ဓာတ်အားဟာ နှစ်စဉ်တိုးတက်သုံးစွဲလျက်ရှိပါတယ်။ ၁၉၈၈ ခုနှစ် မတိုင်မီက တစ်နိုင်ငံလုံးမှာ စက်တပ်ဆင်အင်အား ၆၅၁.၇ မဂ္ဂါဝပ် ရှိပြီးတော့ ၂၀၁၀-၂၀၁၁ ခုနှစ်မှာ စက်တပ်ဆင်အင်အားဟာ ၃၄၆၀.၉၈ မဂ္ဂါဝပ်အထိတိုးတက်လာပြီဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားကို ပြည်သူအများ အသုံးပြုနိုင်ရန်အတွက် အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ မဟာ ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခွဲရုံကြီးတွေ၊ ဓာတ်အားဖြန့်ဖြူးရေးတွေကိုတိုးချဲ့ပြီးတော့ နိုင်ငံတော်က နေပြီးတော့ နှစ်စဉ်ဘဏ္ဍာရေးအလိုက် ခွင့်ပြုတဲ့ငွေလုံးငွေရင်းအသုံးစရိတ်နဲ့ ရင်းနှီးမြှုပ်နှံရပါတယ်။ ရင်းနှီးမြှုပ်နှံတဲ့အနေနဲ့ ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်ကနေပြီးတော့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် အထိ နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ ၄၃၅.၂၂၇ သန်းနဲ့ မြန်မာကျပ်ငွေ ၂၃၀ ဘီလီယံကို သုံးစွဲခဲ့ရပါတယ်။ တစ်နိုင်ငံလုံး အသုံးပြုလျက်ရှိတဲ့ လျှပ်စစ်ဓာတ်အားများအနက် ရေအားလျှပ်စစ်က ၇၂ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့စက်ရုံက ၂၀ ရာခိုင်နှုန်းနဲ့ ရေနွေးငွေ့ဓာတ်အားပေးစက်ရုံက ၇.၇ ရာခိုင်နှုန်း၊ ဒီဇယ်အင်ဂျင်စက်များက ဝ.၃ ရာခိုင်နှုန်းအသီးသီး ထုတ်လုပ်ပေးလျက်ရှိပါတယ်။ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၄ ရုံနှင့် တီကျစ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတို့မှ ၂၀၁၀-၂၀၁၁ ခုနှစ်မှာ ပျမ်းမျှကီလိုဝပ်နာရီသန်းပေါင်း ၄၇၄၂ သန်း ထုတ်လုပ်ယူနိုင်ခဲ့ပြီးတော့ တစ်ယူနစ်ရဲ့ကုန်ကျစရိတ်ဟာ ၂၁ ကျပ်နဲ့ ၈၇ ပြားဖြစ်ကြောင်း သိရှိရပါတယ်။ ၂၀၁၀-၂၀၁၁ အတွင်းမှာ ခန့်မှန်းကျပ်သန်းပေါင်း ၈၈၇၀ ခန့်အရှုံးခံပြီးတော့ ဓာတ်အားထုတ်လုပ်ပေးခဲ့ရကြောင်းလည်း သိရှိရပါတယ်။
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟာ လျှပ်စစ်ဓာတ်အားရောင်းချရတဲ့ငွေနဲ့ လစာတွေ၊ လုပ်ခတွေစက်လည်ရန် လောင်စာဖိုးတွေ၊ စက်ပစ္စည်း ဓာတ်အားလိုင်းတွေနဲ့ ခွဲရုံတွေစတဲ့ ပြုပြင် ထိန်းသိမ်းရေးတွေကို ဆောင်ရွက်ရပါတယ်။ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟာ ရွှေလီ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကဝယ်ယူတဲ့ ဓာတ်အားခ၊ သဘာဝဓာတ်အားပေးစက်ရုံများ အတွက် ဓာတ်ငွေ့များကိုရောင်းချပေး၍ရတဲ့ အခွန်အခများ၊ အသုံးစရိတ်များအတွက်ပေးချေခြင်း စတာတွေကိုသုံးစွဲရပါတယ်။ ဓာတ်အားဝယ်ယူရာမှာ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တစ်ယူနစ်ကို ၂၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေလီ အမှတ်(၁) ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်မှ တစ်ယူနစ်ကို ဝ.၁၈၉ ရင်မီယွမ်ဖြင့်လည်းကောင်း ဝယ်ယူရပါတယ်။ သဘာဝဓာတ်ငွေ့သုံးစက်ရုံများမှ စက်လည်ပတ်ရန်အတွက် သဘာဝဓာတ်ငွေ့များကို စွမ်းအင်ဝန်ကြီးဌာနက ဝယ်ယူပြီးတော့မှ စက်ရုံများကို ထုတ်လုပ်တဲ့အခါမှာ ကုန်ကျစရိတ်ဟာ တစ်ယူနစ်ကို ၁၂၁.၁၉ ကျပ်ကုန်ကျပါတယ်။ ဒါကြောင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု တစ်ယူနစ်ပျမ်းမျှ ကုန်ကျစရိတ်ဟာ ၇၂ ကျပ်ခန့်ရှိကြောင်း တွေ့ရှိရပါတယ်။ အဲဒီကုန်ကျစရိတ်ဟာ လက်ရှိ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဓာတ်အားဝယ်မှုနှုန်းထားအပေါ်မှာ အခြေခံပြီးတွက်ချက် ထားတာဖြစ်ပါတယ်။ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ဓာတ်အားတစ်ယူနစ်ရောင်းဈေး အပေါ်မူတည်ပြီး ကုန်ကျစရိတ်ဟာလည်း ပြောင်းလဲသွားမှာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ဓာတ်အားခကောက်ခံတဲ့နှုန်းထားဟာ အိမ်သုံးတစ်ယူနစ်ကို ရောင်းဈေး ၂၅ ကျပ်၊ စက်မှုသုံးတစ်ယူနစ် ကိုရောင်းဈေးနှုန်း ၅၀ ကျပ်နှုန်းဖြစ်ရာ ပျမ်းမျှတစ်ယူနစ်ရောင်းဈေး ၃၇.၆ ကျပ်ခန့်ရှိပြီးတော့ အမေရိကန်ဒေါ်လာနဲ့ တွက်မယ်ဆိုရင် ၄.၇ ဆင့်ခန့်ရှိပါတယ်။ အိမ်နီးချင်း ပတ်ဝန်းကျင်နိုင်ငံများနဲ့ တိုးတက်ပြီးနိုင်ငံများရဲ့ လျှပ်စစ်ဓာတ်အားခပျမ်းမျှတစ်ယူနစ် ရောင်းဈေးများ ဟာ ထိုင်းနိုင်ငံမှာ ၈.၉၁ ဆင့်၊ ၇၁.၂၈ ကျပ်၊ ဗီယက်နမ်နိုင်ငံ မှာ ၅.၄၂ ဆင့်၊ ၄၃.၃၆ ကျပ်၊ လာအိုနိုင်ငံမှာ ၆.၃၉ ဆင့်၊ ၅၁.၁၂ ကျပ်၊ ကမ္ဘောဒီယားနိုင်ငံမှာ ၂၀.၅၄ ဆင့်၊ ၁၆၄.၃၂ ကျပ်၊ အိန္ဒိယနိုင်ငံမှာ ၇၂.၄၂ ဆင့်၊ ၅၉.၃၆ ကျပ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ၇.၆၆ ဆင့်၊ ၆၁.၂၈ ကျပ်၊ ဂျပန်နိုင်ငံမှာ ၁၈.၉၁ ဆင့်၊ ၁၅၂.၂၈ ကျပ်နဲ့ ကိုရီးယားနိုင်ငံမှာ ၅.၉၆ ဆင့်၊ ၄၇.၆၈ ကျပ် အသီးသီး ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ဓာတ်အားခ ပျမ်းမျှတစ်ယူနစ်ရောင်းဈေးမှာ အသက်သာဆုံးနဲ့ အနည်းဆုံးဖြစ်ပါတယ်။ ၎င်းဈေးနှုန်းထားဖြင့် ရောင်းချရသဖြင့် တစ်နှစ်လျှင် မြန်မာကျပ်ငွေ ၂၆၁.၃၂၄ ဘီလီယံခန့်အရှုံးခံ ပြီးဓာတ်အားရောင်းချ နေကြောင်း တွေ့ရှိရပါတယ်။
ဒါကြောင့် ဓာတ်အားခရောင်းရငွေများဟာ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးချဲ့ ရင်းနှီးမြှုပ်နှံမှုအား ဆောင်ရွက်နိုင်ခြင်းမရှိသည်သာမက လက်ရှိလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနဲ့ ပြည်သူများသို့ ပုံမှန်ဖြန့်ဖြူးခြင်း လုပ်ငန်းများအတွက်ပင် နိုင်ငံတော်မှအရှုံးခံ၍ ဆောင်ရွက်နေရတာ ကိုတွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတော်အတွင်း လျှပ်စစ်ဓာတ်အား တစ်နေ့တစ်ခြားတိုးတက် အသုံးပြုလာ နေသဖြင့် ရေအားလျှပ်စစ်စီမံကိန်းများ၊ မဟာဓာတ်အားလိုင်းများ၊ ပင်မဓာတ်အားခွဲရုံများ၊ ဓာတ်အား ဖြန့်ဖြူးရေးလိုင်းများ၊ ဓာတ်အားဖြန့်ဖြူးရေးဓာတ်အားခွဲရုံများကိုလည်း မဖြစ်မနေအကောင်အထည် ဖော်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ်ဘဏ္ဍာရေးနှစ်မှာ ငွေလုံးငွေရင်းနဲ့သာမန် အသုံးစရိတ် စုစုပေါင်း မြန်မာငွေကျပ် ၂၈၁.၈၈၂ ဘီလီယံနဲ့နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၅၇၀.၈၉၄ သန်းခန့်သုံးစွဲရ ပြီးတော့ ပြန်လည်ရရှိတဲ့ဝင်ငွေမှာ မြန်မာကျပ်ငွေ ၂၄၂.၇၆၇ ဘီလီယံနဲ့ အမေရိကန်ဒေါ်လာ ၂၀.၀၂၃ သန်းသာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏ မြောက်မြားစွာရင်းနှီး မြှုပ်နှံရသဖြင့် နိုင်ငံတော်ရဲ့ရန်ပုံငွေမျှဖြင့် လုံလောက်မှုမရှိတာကြောင့် ပြည်ပအကူအညီအထောက် အပံ့များကိုလည်း ရရှိရန်စီစဉ်ဆောင်ရွက်ရပါတယ်။ နိုင်ငံတော်အနေနဲ့ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၅၉.၆၄ သန်းရယူဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို ဆောင်ရွက်ခဲ့တာကြောင့်လည်း ယခုကာလအတွင်း ပြည်သူတို့လျှပ်စစ်ဓာတ်အားကို လုံလောက်စွာ အသုံးပြုနေနိုင်ခြင်း ဖြစ်ပါတယ်။ လာမည့်ဘဏ္ဍာရေးနှစ်များမှာလည်း ပြည်ပချေးငွေ အမေရိကန် ဒေါ်လာ ၉၂.၅၉ သန်း ဖြင့်တိုးချဲ့ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ယခုအခါ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ ၁၆၀၀ မဂ္ဂါဝပ်ရှိနေပြီဖြစ် ပါတယ်။ လူဦးရေတိုးတက်မှုနှင့် စီးပွားရေး၊ လူမှုရေးတိုးတက်မှုအခြေအနေများအပေါ်မူတည်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင်တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပမာဏဟာ အနည်းဆုံး ၂၆၀၀ မဂ္ဂါဝပ်ခန့်လိုလာမှာဖြစ်ပါတယ်။
ဒါကြောင့် ငါးနှစ်တာကာလအတွင်း လျှပ်စစ်ဓာတ်အားပမာဏ ၁၀၀၀ မဂ္ဂါဝပ်ခန့် တိုးချဲ့တည်ဆောက်ပြီးတော့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးကို မဖြစ်မနေလိုအပ်လာမှာဖြစ် ပါတယ်။ လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်ရန် မဟာဓာတ်အားလိုင်းများ ပင်မဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း၊ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများ ဓာတ်အားဖြန့်ဖြူးရေးခွဲရုံများ တိုးချဲ့တည်ဆောက် ခြင်းဆောက်ရွက်မှာဖြစ်ပါတယ်။ ခန့်မှန်းတွက်ချက်မှုအရ ၁၀၀ မဂ္ဂါဝပ်ပမာဏရှိတဲ့ လျှပ်စစ်ဓာတ် အားထုတ်လုပ်ရန်နဲ့ ပို့လွှတ်ရန်၊ ဖြန့်ဖြူးရန် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၅၀ ခန့် အနည်းဆုံး လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ငါးနှစ်တာကာလအတွင်း တိုးချဲ့ရမယ့်ဓာတ်အားပမာဏ ၁၀၀၀ မဂ္ဂါဝပ်အတွက် အမေရိကန်ဒေါ်လာသန်းပေါင်း ၂၅၀၀ ခန့် ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါတယ်။ ပြည်သူတို့ရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဆောလျင်စွာ ဖြည့်ဆည်းပေးနိုင်ရန် ရင်းနှီးမြှုပ်နှံမှု ပမာဏမြောက်မြားစွာလိုအပ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏ မြောက်မြားစွာရရှိနိုင်မှသာ လျှပ်စစ် ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရေး၊ ဓာတ်အားစနစ် ပိုမိုကောင်းမွန်လာရေး၊ ကျေးလက်ဒေသအထိ ဓာတ်အားလိုင်းများ ရောက်ရှိနိုင်စေရေးတို့အတွက် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် မန္တလေးတိုင်းဒေသကြီးမှာ တည်ဆောက်ထားတဲ့ စက်တပ်ဆင်အင်အား ၇၉၀ မဂ္ဂါဝပ်ရှိတဲ့ ရဲရွာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်ကစပြီး နိုင်ငံခြားသုံးငွေ အမေရိကန် ဒေါ်လာသန်းပေါင်း ၄၃၀ ခန့်နဲ့ မြန်မာကျပ်ငွေ ဘီလီယံပေါင်း ၃၀၀ ခန့်ရင်းနှီးကြောင်းတွေ့ရှိရပါ တယ်။ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံက ထွက်လာတဲ့ လျှပ်စစ်ဓာတ်အားများကို ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဓာတ်အားသုံးစွဲသူ ပြည်သူတွေရဲ့နေအိမ်ကို ရောက်ဖို့အတွက် မိတ္ထီလာ၊ သပြေဝဓာတ်အားခွဲရုံကတစ်ဆင့် ပင်မဓာတ်အားခွဲရုံပေါင်း ၁၄ ရုံနဲ့ ၂၃၀ ကေဗွီမဟာလိုင်း မိုင်အရှည် ၄၀၀ ခန့်ကိုဖြတ်သန်းလာရပါတယ်။ အဲဒီ ပင်မဓာတ်အားခွဲရုံကြီးရဲ့ ဓာတ်အားလိုင်းတွေကို နိုင်ငံတော် ကနိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄၅ သန်းခန့်နဲ့ မြန်မာကျပ်ငွေဘီလီယံပေါင်း ၄၀ ဘီလီယံခန့်သုံးစွဲပြီး ရင်းနှီးမြှုပ်နှံတည်ဆောက်ခဲ့ရပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မှာလည်း ဓာတ်အားဖြန့်ဖြူးရေးလိုင်း မိုင်ပေါင်း ၅၅၀၀ ခန့်နဲ့ ဓာတ်အားဖြန့်ဖြူးရေးခွဲရုံပေါင်း ၇၉၀၀ ခန့်တို့ကို တည်ဆောက်ပေးရပါတယ်။ အဲဒီဓာတ်အား ဖြန့်ဖြူးရေးလိုင်းတွေ၊ ခွဲရုံတွေကို နိုင်ငံတော်က နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း၂၀၀ ခန့်နဲ့ မြန်မာကျပ်ငွေဘီလီယံပေါင်း ၄၂၀ ရင်းနှီးမြှုပ်နှံပြီးမှသာလျှင် ရန်ကုန်မြို့ကို ဒီလျှပ်စစ်ဓာတ်အားဟာရောက်ရှိပြီးတော့ ပြည်သူသုံးစွဲနိုင် တာကိုတွေ့ရမှာဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါရင်းနှီးမြှုပ်နှံမှုဟာ ပြည်ပအထောက်အပံ့များကိုရယူရတာဖြစ်ပါတယ်။ ဒါကြောင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရင်းအနှီးပမာဏ မြောက်မြားစွာလိုအပ်မှာ ဖြစ်တာကြောင့် ရန်ပုံငွေခွဲဝေပေးနိုင်မှုနည်းပါက စီမံကိန်းများအကောင် အထည်ဖော်ရန်အချိန်ကြာ မြင့်မှာဖြစ်ပါတယ်။ မိမိတို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟာ မိမိတို့ရရှိတဲ့ ဝင်ငွေများဖြင့် တိုးချဲ့ရင်းနှီး မြှုပ်နှံမှုများကိုပြုလုပ်ရန် လုံလောက်မှုမရှိပါက နိုင်ငံတော်အနေဖြင့် နှစ်စဉ်ဘီလီယံပေါင်း ြမောက်မြားစွာအရှုံးခံ၍ ဆောင်ရွက်ပေးရသဖြင့် မိမိတို့ရရှိတဲ့ လျှပ်စစ်ဓာတ်အားရောင်းချရ သည့်ဝင်ငွေများဟာ ဝန်ကြီးဌာနများအနေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သင့်တင့်မျှတတဲ့ဝင်ငွေဖြစ်ရန် လိုအပ်ပါတယ်။ ယခု ကျင်းပပြုလုပ်နေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးနှင့် အမျိုးသားလွှတ်တော် အစည်းအဝေးကာလများမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများရဲ့ မိမိတို့ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လျှပ်စစ်ဓာတ်အားများ တိုးချဲ့တည်ဆောက်ပေးဖို့ တင်ပြချက်များဟာ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်စေရေးကို အထူးစေတနာ ထားတင်ပြချက်များ ဖြစ်တယ်ဆိုတာကိုသိရှိရပါတယ်။
အထက်ပါ အခြေအနေများအား ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် လက်ရှိကောက်ခံနေတဲ့ ဓာတ်အားခနှုန်းထားဟာ အလွန်နည်းပါးနေပါတယ်။ ဓာတ်အားခနှုန်းထားများ တိုးတက်ကောက်ခံ နိုင်ရေးအတွက် ပြင်ဆင်သွားရန် လိုအပ်လာပြီဖြစ်ပါသဖြင့် အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူတို့မှလည်း မိမိတို့ဒေသများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေရေး စေတနာထားတဲ့အလျောက် နိုင်ငံတော်ရဲ့ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း ဝိုင်းဝန်း ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုအပ်မှာဖြစ်ပါကြောင်းဖြေကြားပါသည်။
