ကျွန်တော်တို့ နိုင်ငံမှာ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မည်သည့်ခေတ်ကာလတွင်မဆို အလေးထားဆောင်ရွက်ခဲ့တာကို တွေ့ရှိရပါတယ်။ ယနေ့အချိန်တွင်လည်း ရပ်ကွက်များအတွင်း လောင်းကစားမှုများကို ဖမ်းဆီးအရေးယူမှုများကြောင့် အထိုက်အလျောက် မှုခင်းများလျော့နည်း ကျဆင်းလာပြီ ဖြစ်ပါတယ်။ သို့သော်လည်း ငွေကြေးတတ်နိုင်သူများက လိုင်စင်ရအအေးခန်း ဧည့်ရိပ်သာအမည်ခံ ပြည့်တန်ဆာခန်းများ၊ နိုက်ကလပ်များ၊ ကေတီဗွီ ကာရာအိုကေအမည်ခံများနှင့် အလှပြင်ခန်းအမည်ခံ အနှိပ်ခန်းများကို တိုင်းဒေသကြီးအချို့နှင့် ပြည်နယ်အချို့တွင် ပုံစံအမျိုးမျိုးနှင့် ရှိနေသေးကြောင်း ကြားသိနေရပါတယ်။ ၎င်းလုပ်ငန်းများတွင် အမျိုးသမီးငယ်လေးများ ဘဝပျက်နေ ကြကြောင်း ရင်နာဖွယ် တွေ့ရှိရပါတယ်။ ၎င်းလုပ်ငန်းများ လျော့နည်းပပျောက်အောင် ထိရောက်စွာ အရေးယူတားမြစ်ရန် အစီအစဉ် ရှိ၊ မရှိ။ ရှိပါက မည်သည့် ကာလတွင် ဆောင်ရွက်နိုင်မည်။ မရှိပါက မည်သည့်အတွက်ကြောင့် မဆောင်ရွက်နိုင်သည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
အအေးခန်းဧည့်ရိပ်သာတွေ အပါအဝင် တည်းခိုခန်းတွေ ဖွင့်လှစ်ခြင်းအတွက် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့် ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ ထောက်ခံချက်အရ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဌာနတို့ကနေပြီးတော့မှ လုပ်ငန်းလိုင်စင်တွေ ကို ထုတ်ပေးတာဖြစ်ပါတယ်။ အအေးခန်းဧည့်ရိပ်သာတွေ၊ တည်းခိုခန်းတွေကို ဖွင့်လှစ်ခွင့်လုပ်ငန်း လိုင်စင်လျှောက်ထားရာမှာလည်း ကိုယ်တိုင်လျှောက်လွှာ၊ ရပ်ကွက်ထောက်ခံချက်၊ မီးသတ် ထောက်ခံချက်၊ ရဲစခန်းထောက်ခံချက်၊ မြို့နယ်ကျန်းမာရေးထောက်ခံချက်၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီတဲ့ထောက်ခံချက်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထောက်ခံချက်၊ လုံခြုံရေးစီမံချက်တွေနဲ့ လျှောက်ထားရပါတယ်။ ဒါကြောင့် အအေးခန်းဧည့်ရိပ်သာ အမည်ခံတဲ့ ပြည့်တန်ဆာအခန်းတွေ ရှိနိုင်ပေမယ့် ပြည့်တန်ဆာလုပ်ငန်းကို ခွင့်ပြုထားခြင်းမရှိတဲ့အပြင် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေနဲ့ပါ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။ သာဓကအနေနဲ့ တင်ပြရရင် ၂၀၁၀ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် ဇူလိုင်လအထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ အအေးခန်း ဧည့်ရိပ်သာနဲ့ တည်းခိုခန်းတွေမှာ ပြည့်တန်ဆာအက်ဥပဒေအရ အရေးယူရတဲ့အမှုပေါင်း ၂၉၆၅ မှုရှိ သလို တရားခံအမျိုးသား ၃၆၄ ဦး၊ အမျိုးသမီး ၃၉၃၁ ဦးကို အရေးယူခဲ့ရပါတယ်။
နိုက်ကလပ်တွေကိုဖွင့်လှစ်ဖို့ တရားဝင်ခွင့်ပြုထားတာ မရှိပါဘူး။ စီးပွားရေးသမားတွေဟာ Music Club၊ Bar၊ KTV၊ စားသောက်ဆိုင်၊ ကဖီးစတဲ့နာမည်တွေခံပြီးတော့ စည်ပင်သာယာရေးလိုင် စင်တွေရယူထားတယ်။ ရယူပြီးတော့ ကပွဲခန်းမတွဲဖက်ဖန်တီးတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ ကာရာအိုကေ၊ ကေတီဗွီဆိုင်တွေကို တိုင်းဗွီဒီယိုကြီးကြပ်ရေးအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ စည်းကမ်း သတ်မှတ်ချက်တွေ ပြဋ္ဌာန်းပြီးတော့ ခွင့်ပြုတာရှိပါတယ်။ အချို့သော တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာတော့ ကာရာအိုကေ၊ ကေတီဗွီလုပ်ငန်းတွေကို လုပ်ငန်းလိုင်စင်တွေ မြို့နယ်အလိုက် စစ်ဆေးရေးအဖွဲ့တွေရဲ့ စိစစ်ထောက်ခံချက်၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံ ချက်တွေနဲ့ တိုင်းအုပ်ချုပ်ရေးမှူးရုံးကတစ်ဆင့် အစိုးရအဖွဲ့ကိုတင်ပြပြီးတော့မှ လုံခြုံရေးနဲ့နယ်စပ် ရေးရာဝန်ကြီးဌာန ဝန်ကြီးက ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးက အတွင်းရေးမှူးအဖြစ် ပါဝင်တဲ့အဖွဲ့က စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ ထုတ်ပေးပါတယ်။ ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ညွှန်ကြားချက်တွေအပေါ်မှာ လိုက်နာမှုမရှိတဲ့ ကာရာအိုကေ၊ ကေတီဗွီဆိုင်တွေကိုလည်းပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၁၈၈ အရ အရေးယူဆောင်ရွက်ခဲ့တဲ့နေရာမှာ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် ဇူလိုင်လကုန်အထိ နေပြည်တော်နဲ့ တိုင်းဒေကြီး/ပြည်နယ်တွေမှာ ၂၂ မှုဖမ်းဆီးအရေးယူခဲ့ပါတယ်။ တရားခံအမျိုးသား ၃၀ ဦးနှင့် အမျိုးသမီး ၁၉၂ ဦးကိုလည်းအရေးယူခဲ့ရပါတယ်။ အနှိပ်ခန်းများ ဖွင့်လှစ်ရန်အတွက်တရားဝင် ခွင့်ပြုထားခြင်း မရှိပါဘူး။ အနှိပ်ခန်းအများစုဟာ အလှပြင်ခန်း (ဗြူတီစလွန်း ၊ဗြူတီပါလာ) အမည်ခံပြီးတော့ လုပ်ငန်းဆောင်ရွက်နေကြတာကို တွေ့ရှိရပါတယ်။ အနှိပ်ခန်းဖွင့်လှစ်ခြင်းအတွက် သီးခြားဥပဒေပြဋ္ဌာန်းထားတာ မရှိပေမယ့် ဒေသန္တရတားမြစ်မိန့် ထုတ်ပြန်ပြီး အရေးယူလျက် ရှိပါတယ်။ အလှပြင်ဆိုင်တွေကို စည်ပင်သာယာလျှောက်လွှာ၊ ရပ်ကွက် ထောက်ခံချက်၊ ရဲစခန်းထောက်ခံချက်၊ အိမ်ပတ်ဝန်းကျင်ထောက်ခံချက်၊ အနှိပ်ခန်းမပြုလုပ်ကြောင်း ဝန်ခံချက်၊ အလှပြင်မိန်းကလေးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပေးခြင်းဖြစ်ပါတယ်။ ထုတ်ပြန်ထားတဲ့အမိန့်နဲ့ ညွှန်ကြားချက်တွေအပေါ် လိုက်နာမှုမရှိတဲ့ အလှပြင်ခန်းတွေကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၈ အရ အရေးယူခဲ့တဲ့နေရာမှာ ၂၀၁၀ ခုနှစ်ကနေ ပြီးတော့ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လကုန်အထိ နေပြည်တော်နဲ့ တိုင်းဒေသကြီး/ ပြည်နယ်တွေမှာ ဖမ်းဆီး ရတဲ့အမှုပေါင်းဟာ ၂၀၄ မှု၊ တရားခံအမျိုးသား ၂၄၂ ဦး၊ အမျိုးသမီး ၁၅၉၇ ဦးကို အရေးယူခဲ့ရ ပါတယ်။ ပြောင်းလဲလာတဲ့ မြို့ပြလူနေမှုပုံစံတွေအရ လူမှုရေးလိုအပ်ချက်နဲ့ စိတ်အပန်းဖြေဖို့အတွက် အအေးခန်းဧည့်ရိပ်သာတွေ၊ တည်းခိုခန်းတွေ၊ ကေတီဗွီ၊ ကာရာအိုကေဆိုင်တွေနဲ့ အလှပြင်ခန်းတွေကို မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်မှုမရှိစေဘဲ ဥပဒေစည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပြီးတော့မှ သက်ဆိုင်ရာက ခွင့်ပြုတာပဲဖြစ်ပါတယ်။ ဒီလို ဖွင့်လှစ်ခွင့်ပြုရာက နေပြီးတော့မှ အချို့သော စီးပွားရေး လုပ်ငန်းရှင်တွေက မိမိတို့ရဲ့အကျိုးစီးပွားတစ်ခုတည်းကိုသာကြည့်ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်ပြီး စီးပွားရှာနေကြတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်တာ စိစစ်တွေ့ရှိရတဲ့ အအေးခန်း၊ တည်းခိုခန်းတွေ၊ ကေတီဗွီတွေ၊ ကာရာအိုကေဆိုင် တွေနဲ့ အလှပြင်ခန်းတွေကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသလို နောင်မှာ လည်းဆက်လက်အရေးယူသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
