(င)-တောင်းရမ်းစားသောက်သူများ ပပျောက်နေ‌ရေးနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၅-၈-၂၀၁၁)

နိုင်ငံတော်အစိုးရမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ဆောင်ရွက်နေ ချိန်တွင် ရန်ကုန်မြို့အပါအဝင်မြို့ကြီးများ၌ တောင်းရမ်းစားသောက်သူများမှ အုပ်စုဖွဲ့၍မီးပွိုင့်များ၊ ဈေးများနှင့် လူစည်ကားရာနေရာများတွင် ကျယ်ကျယ်ပြန့်ပြန့် တောင်းရမ်းစားသောက်နေကြပါ တယ်။ ထိုအပြုအမူများသည် လူငယ်၊ လူရွယ်များ စာရိတ္တမဏ္ဍိုင်ပျက်ပြားစေခြင်း၊ မြို့အင်္ဂါရပ်ကို ထိခိုက်စေခြင်းများ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရမှ ချမှတ်ဆောင်ရွက်နေတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအစဉ်တွင် ‌တောင်းရမ်းစားသောက် သူများပပျောက်ရေးအတွက် ခေါင်းစဉ်တစ်ခုအနေဖြင့် ထပ်မံတိုးချဲ့ထည့်သွင်း ဆောင်ရွက်ပေးနိုင်မယ့် အစီအစဉ် ရှိ၊ မရှိ။ ရှိပါက မည့်သည့်ကာလမှစတင်ပြီး ဆောင်ရွက်နိုင်မည်၊ မရှိပါက မည်သည့် အတွက်ကြောင့် မဆောင်ရွက် ပေးနိုင်သည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

အဖြေ

ရန်ကုန်မြို့အပါအဝင် မြို့ကြီး အချို့မှာရှိတဲ့ မီးပွိုင့်တွေ၊ ဈေးတွေ၊ လူစည်ကားရာနေရာတွေမှာ တောင်းရမ်းစားသောက်တဲ့သူတွေ ရှိနေတာနဲ့ပတ်သက်ပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ တောင်းရမ်းစားသောက်သူများ ပပျောက်ရေး ကို သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေးကော်မတီကနေပြီးတော့ စီမံချက်တွေ ချမှတ်ဆောင်ရွက် လျက်ရှိပါတယ်။ အလားတူပဲအခြားမြို့ကြီးတွေမှာလည်း သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့အစည်း တွေက စီမံချက်တွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်မြို့မှာ တောင်းရမ်းစားသောက်နေကြတဲ့ အခြေအနေမဲ့ လေလွင့်ကလေးသူငယ်များပပျောက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့ အခြေအနေမဲ့များနဲ့ မိဘမဲ့ လေလွင့်ကလေးသူငယ်များပပျောက်ရေးအဖွဲ့ကို ၂၀၁၁ခုနှစ်၊ ဇွန်လ ၆ရက်နေ့က အသစ်ပြန်လည် ပြင်ဆင်ဖွဲ့စည်းပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီအဖွဲ့ဟာ ရန်ကုန်မြို့ရဲ့ လူစည်ကားတဲ့ နေရာတွေမှာ၊ လမ်းဆုံလမ်းခွတွေ၊ မီးပွိုင့်တွေမှာ အဖွဲ့တွေခွဲပြီး လှည့်လည်စိစစ်ခြင်း၊ အခြေအနေမဲ့ ကလေးသူငယ်တွေကို တွေ့ရှိတဲ့အခါ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ဆက်သွယ်ညှိနှိုင်းကာ အသက်အပိုင်းအခြားအလိုက် သက်ဆိုင်တဲ့သင်တန်းကျောင်းတွေကို ပို့ဆောင်ထိန်းသိမ်းစောင့်ရှောက် လျက်ရှိပါတယ်။ ဒီသင်တန်းကျောင်းတွေကတော့ မွေးစကနေ သုံးနှစ်အထိ ကျားနဲ့မအတွက် ရွှေဂုံတိုင် ကလေးပြုစုရေး၊ သုံးနှစ်ကနေ ငါးနှစ်အထိ ကျားနဲ့မ ထောက်ကြန့်ကလေးပြုစုရေးဌာန၊ ငါးနှစ်ကနေ ၁၀ နှစ်အထိ ယောက်ျားလေးကို ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ ၁၀ နှစ်ကနေ ၁၂ နှစ်အထိ ယောက်ျားလေးကို ကမ္ဘာအေးလူငယ်သင်တန်း၊ ၁၂ နှစ်ကနေ ၁၆ နှစ်အထိ ယောက်ျားလေးတွေကို ကမ္ဘာအေးလူငယ်သင်တန်း၊ ငါးနှစ်ကနေ ၁၂ နှစ်အထိ အမျိုးသမီးတွေကိုတော့ အမျိုးသမီးသက်ငယ် သင်တန်းကျောင်း၊ ၁၂ နှစ်ကနေ ၁၆ နှစ်အထိအမျိုးသမီးတွေကို သက်မွေးသင်တန်းကျောင်း၊ ၁၆ နှစ် အထက် ကျားနဲ့မကိုတော့ ဝါးနက်ချောင်း လူမှုစောင့်ရှောက်ရေးဌာနတွေမှာ ပို့ဆောင်ပါတယ်။ ကိုယ်လက်အင်္ဂါ သန်စွမ်းမှုရှိပေမယ့် တောင်းရမ်းစားသောက်နေတာတွေကို တွေ့ရှိရတဲ့အခါမှာတော့ ဖမ်းဆီးအရေးယူပါတယ်။ တရားရုံးကနေပြီးတော့ ရဲအက်ဥပဒေပုဒ်မ ၄၀ (ရန်ကုန်ရဲအက်ဥပဒေ ပုဒ်မ ၄၁-ခ)အရ အခြားကိုပြောင်းရွှေ့နေထိုင်ဖို့ အမိန့်ချမှတ်ပါတယ်။ အဲဒီအမိန့်ကိုမနာခံဘဲ ပြန်လည် ဝင်ရောက်လာရင်တော့  ရဲအက်ဥပဒေ ပုဒ်မ ၄၁ (ရန်ကုန်ရဲအက်ဥပဒေ ပုဒ်မ ၄၁- ဂ) အရ တရားစွဲဆို အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ အခြားမြို့ကြီးတွေမှာလည်း ကိုယ်လက်အင်္ဂါ မသန်စွမ်းတဲ့သူ တွေကို လူမှုဝန်ထမ်းဦးစီးဌာနနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေပူးပေါင်းပြီး စောင့်ရှောက် ကျွေးမွေးတာတွေလုပ်ခဲ့သလို တောင်းရမ်းစားသောက်သူတွေကိုလည်း ဒီဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိပါတယ်။ ၂၀၁၀ ခုနှစ်ကနေပြီးတော့  ၂၀၁၁ ခုနှစ် ဇွန်လကုန်အထိ အမျိုးသား ၆၄ ဦး၊ အမျိုးသမီး ၁၀၇ ဦး၊ စုစုပေါင်း ၁၇၁ ဦးကိုတရားစွဲအရေးယူခဲ့ပါတယ်။ အမျိုးသား ၁၄၇၃ ဦး၊ အမျိုးသမီး ၅၉၁ ဦး၊ စုစုပေါင်း ၂၀၆၄ ဦးကိုတော့ လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်း ကျောင်းတွေ၊ ဆေးရုံတွေနဲ့နေရပ်တွေကို ပြန်လည်ပို့ဆောင်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။ တောင်းရမ်းစားသောက်တဲ့ အမျိုးသား ၉၀ ဦး၊ အမျိုးသမီး ၁၁၀ ဦး၊ စုစုပေါင်း ၂၀၀ ဦးကိုတော့ နေ့စားဝန်ထမ်းအဖြစ် ခန့်အပ်ပေးနိုင်ခဲ့ပါတယ်။ အခြေအနေမဲ့တွေ၊ တောင်းရမ်းစားသောက်သူတွေ ပပျောက်စေဖို့အတွက် ထိန်းသိမ်းရေးစခန်းတွေ၊ သင်တန်းကျောင်းတွေ ဖွင့်လှစ်ပြီး ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးတာ အလုပ်အကိုင်ရှာဖွေပေးတာတွေ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတွေ သင်ကြားပေးတာတွေစတဲ့လုပ်ငန်းတွေကို လူမှုဝန်ထမ်းဦးစီးဌာန၊ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းတွေနဲ့အတူ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့အစည်း UNICEF အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ဖြေကြားပါသည်။