၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သော ဆက်သွယ်ရေး ဥပဒေကိုပြဋ္ဌာန်းခဲ့သော်လည်း နိုင်ငံတစ်ဝန်းလုံးတွင် ပြည်ပကတင်သွင်းလာသော (၈)ပေ စလောင်းများ၊ ဂြိုလ်တုစလောင်းများ အများအပြားတပ်ဆင်ထားသည်ကို တွ့ရှိရမည်ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၄ တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးနည်းပညာအထောက်အကူပြုရန် ရည်ရွယ်ထားသော်လည်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်သူများနှင့် အသုံးပြုသူများကို ဥပဒေနှင့်အညီ ကာကွယ်ပေးဖို့လိုအပ်ပါကြောင်း။ နိုင်ငံခြားမှ တရားမဝင်တင်သွင်းလာသော စလောင်းများသည် အခွန်အကောက်စီးပွားရေးထိခိုက်သည့်အပြင် နိုင်ငံတကာ အကြမ်းဖက်ဝါဒအစွန်းရောက် အယူအဆများ အားပေးသည့် ဘာသာရေးဆိုင်ရာတင်ပြချက်များသည်လည်း စလောင်းမှတစ်ဆင့် တော်တော်များများပါဝင် သည်ကိုကြားသိရပါကြောင်း၊ ထို့ကြောင့် (က) ဥပဒေမဲ့ခိုးသွင်းလာသည့် စလောင်းများအပေါ် မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည်။ (ခ) အဆိုပါ ခိုးသွင်းစလောင်းများကြောင့် ဥပဒေနှင့်အညီ တည်ထောင် လုပ်ကိုင်မှုများကို ထိခိုက်စေ၍ မည်ကဲ့သို့ကာကွယ်ပေးမည်နည်း။ (ဂ) နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အများပြည်သူ လုံခြုံရေးအတွက် မည်ကဲ့သို့ကြီးကြပ်ဆောင်ရွက်သွားပါမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အိမ်နီးချင်းနိုင်ငံများနှင့် မိုင်ပေါင်း ၂၆၃၁.၇၄၇ မိုင် ထိစပ်လျက်ရှိပြီး နယ်စပ်ကုန်သွယ်ရေးများမှတစ်ဆင့် အပြန်အလှန်နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်သကဲ့သို့ ပုံမှန်ကုန် သွယ်ရေး လမ်းကြောင်းမှတစ်ဆင့်လည်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း။
ဆက်သွယ်ရေးပစ္စည်းများ ပြည်ပမှတင်သွင်းခြင်းနှင့်ပတ်သက်၍ ဆက်သွယ်ရေးမူဝါဒဆိုင်ရာ ကြီးကြပ်မှု လုပ်ငန်းကော်မတီကို တင်ပြခွင့်ပြုချက်နှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထောက်ခံချက် ထုတ်ပေးသော ဆက်သွယ်ရေးစက်ပစ္စည်းများစာရင်းတွင်ပါဝင်သော ဂြိုလ်တုရုပ်မြင်သံကြားဖမ်း (၈)ပေစလောင်း၊ JPM ခေါ် လိမ္မော်ရောင်ဗန်း၊ PSI ခေါ် အမည်ရောင်ဗန်းတို့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ သွင်းကုန်လိုင်စင် လျှောက်ထား၍ ဝယ်ယူတင်သွင်းနိုင်ကြောင်း၊ အလားတူ ရှမ်းပြည်နယ်၊ တာချီလိတ် နယ်စပ် အမှတ်(၁)ချစ်ကြည်ရေး တံတားတွင် ထိုင်းနိုင်ငံဘက်မှ တင်သွင်းလာသော ဂြိုလ်တုရုပ်မြင် သံကြားဖမ်းစက်များဖြစ်သည့် (၈)ပေ စလောင်း၊ လိမ္မော်ရောင်ဗန်း၊ အမည်ရောင်ဗန်းတို့ကို အခြား လူသုံးကုန်ပစ္စည်းများနှင့်အတူ အခွန်သုံးရာခိုင်နှုန်းကောက်ခံ၍လည်း ရှမ်းပြည်နယ်အစိုးရမှ တင်သွင်းခွင့်ပြုလျက်ရှိသည်ကိုလည်း သိရှိရပါကြောင်း။
ယခင်က ဂြိုလ်တုမှတစ်ဆင့် ရုပ်မြင်သံကြားအစီအစဉ်များကို တိုက်ရိုက်ဖမ်းယူနိုင်သော ဂြိုလ်တု ရုပ်မြင်သံကြားဖမ်းစက်များကို ဆက်သွယ်ရေးစက်ပစ္စည်းများတွင်ပါဝင်ကြောင်း သတ်မှတ်ပြီး တရား ဝင်ခွင့်ပြုချက် ရရှိပြီးမှသာ ပြည်ပမှတင်သွင်းခြင်း၊ လက်ဝယ်ထားခြင်း၊ အသုံးပြုခြင်း၊ လွှဲပြောင်းရောင်းချခြင်း များပြုလုပ်နိုင်သည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၏ ၂၉-၉-၁၉၉၃ ရက်စွဲပါစာဖြင့် ဂြိုလ်တုရုပ်မြင်သံကြားဖမ်းစက်ဆိုင်ရာ အမိန့်အမှတ်(၁/၁၉၉၃) ကိုလည်း ပြဋ္ဌာန်း ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်း အဝေးအမှတ်စဉ်(၂၃/၂၀၁၄)ဖြင့် ဂြိုလ်တုရုပ်မြင်သံကြားဖမ်းစက်ဆိုင်ရာ အမိန့်အမှတ်(၁/၁၉၉၃) ကိုလည်း ပယ်ဖျက်ခဲ့ပြီးဖြစ်ပါကြောင်း။
ထို့နောက် ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်(၁၇) ပို့ကုန်သွင်းကုန်ဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ပြီး ဂြိုလ်တုရုပ်မြင် သံကြားဖမ်းစက်များအပါအဝင် ပြည်ပသွင်းကုန်များကို ယခင်က ပြဋ္ဌာန်းခဲ့သော ၁၉၄၇ ခုနှစ်၊ သွင်းကုန် ထုတ်ကုန်ကြီး ကြပ်ရေး(ယာယီ) အက်ဥပဒေအရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ သွင်းကုန်လိုင်စင်လျှောက် ထား၍ ပြည်ပမှဝယ်ယူ တင်သွင်းနိုင်သကဲ့သို့ အသစ်ပြဋ္ဌာန်းလိုက်သော ၂၀၁၂ ခုနှစ်၊ ပို့ကုန်သွင်းကုန်ဥပဒေအရလည်း သွင်းကုန်လိုင်စင် များလျှောက်ထား၍ တင်သွင်းခွင့်ပြုထားသည်ကိုသိရှိရပါကြောင်း။
ပြည်ပ နိုင်ငံများမှ ကုန်ပစ္စည်းများ တရားမဝင်တင်သွင်းခြင်း၊ နိုင်ငံတော်ပြင်ပသို့ ကုန်ပစ္စည်းများ တရားမဝင် တင်ပို့ခြင်းများကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုမရှိစေရန် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်(၉၇/၂၀၁၂)ဖြင့် တရားမဝင် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေးဗဟိုကော်မတီကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ကာ လုပ်ငန်းတာဝန်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊၊
အဆိုပါ ကော်မတီ၏ ကြီးကြပ်မှုဖြင့်ကူးသန်းရောင်းဝယ်ရေးနှင့် Mobile Team အဖွဲ့များကို ဖွဲ့စည်းကာ တရားမဝင်သယ်ဆောင်ရန် လမ်းကြောင်းများ၌ စစ်ဆေးအရေးယူမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၅တွင် ကန့်သတ်တားမြစ် ပိတ်ပင်ထားသော ကုန်ပစ္စည်းများကို တင်ပို့ခြင်း၊ တင်သွင်းခြင်းမပြုရဟု လည်းကောင်း၊ ယင်းဥပဒေပုဒ်မ ၆ တွင် ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်ရယူခြင်းမပြုဘဲ တင်ပို့ခြင်း၊ တင်သွင်းခြင်းမပြုရဟုလည်းကောင်း ပြဋ္ဌာန်းထားရှိပြီး ဖော်ပြပါဥပဒေပုဒ်မ ၅ နှင့် ပုဒ်မ ၆ တို့အရ ဖောက်ဖျက်ကျူးလွန်ပါက ယင်းဥပဒေပုဒ်မ ၈ အရ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်ငွေနှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်း ထားရှိသောကြောင့် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများအနေဖြင့် ဂြိုလ်တု ရုပ်မြင်သံကြားဖမ်းစက်ဆိုင်ရာပစ္စည်းများအား တရားမဝင်တင်သွင်းလာပါက ၂၀၁၂ ခုနှစ်၊ ပို့ကုန်သွင်းကုန် ဥပဒေဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်သွားခြင်းမည်ဖြစ်ပြီး နိုင်ငံတော်သို့ ကျသင့်သည့် အခွန်များ တရားဝင် ပေးဆောင်၍ တည်ထောင်လုပ်ကိုင်လျက်ရှိသော ပြည်တွင်း ရုပ်သံလိုင်းများကိုလည်း အကာအကွယ် ပေးနိုင်မည်ဖြစ်သည့်အပြင် ပြည်တွင်းရုပ်သံလိုင်းများမှ ၎င်းတို့၏ နစ်နာချက်များကို တိုင်ကြားလာပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် အကာအကွယ်ပေးမှုများကိုလည်း ဆောင်ရွက်သွား လျက်ရှိပါကြောင်း၊ ပြည်ပနိုင်ငံများမှ တရားမဝင် တင်သွင်းလာသော (၈)ပေစလောင်း၊ လိမ္မော်ရောင်ဗန်း နှင့် အမည်းရောင်ဗန်းများမှ ထုတ်လွှင့်မှုများသည် မြန်မာ့ယဉ်ကျေးမှုနှင့်မကိုက်ညီသော ဘာသာရေး ပဋိပက္ခဖြစ်စေရန် လှုံဆော်ခြင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ကို ထိပါးစော်ကားခြင်းများ ပါဝင်လာပါက နိုင်ငံတော်တည်ငြိမ်ရေးနှင့် အများပြည်သူလုံခြုံရေးတို့အတွက်ကို တည်ဆဲဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်ကြီးကြပ်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးသိန်းညွန့်(သင်္ဃန်းကျွန်း) မှ ထပ်ဆင့် မေးခွန်းမေးမြန်းပါသည်။
ဆက်သွယ်ရေးဥပဒေနှင့် ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သွင်းကုန်/ထုတ်ကုန်အရ အဓိပ္ပာယ်ဖွင့်၍ ပြည်ထဲရေးဌာနများအနေဖြင့် တိုင်ကြားသူ ရှိမှသာ အရေးယူပြီး မီဒီယာဥပဒေဖြစ်နေသည့်အတွက်လည်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့်အတွက် ဝန်ကြီးဌာန လေးခုခန့်နှင့် သက်ဆိုင်သည့် ပြဿနာဖြစ်နေပါကြောင်း၊ ထို့ကြောင့် အဆိုပါ ဥပဒေတွင် ပါဝင်သော ပြည်တွင်းအသံလွှင့်သူများ၊ အသုံးပြုသူများကိုကာကွယ်ရန်နှင့် လိုင်စင်ရပြီးမှသာ ဆောင်ရွက်နိုင် မည်ဆိုသည့်အချက်ကို ဆက်သွယ်ရေးဥပဒေပေါ်ပေါက်လာပြီးနောက် မည်သည့် ဝန်ကြီးဌာနကနေ အဓိက တာဝန်ယူ ဆောင်ရွက်သွားမည်ဆိုသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးသိန်းညွန့် တင်ပြခဲ့သည့်အချက်များကို မှန်ကန်ပါကြောင်း၊ အဆိုပါစလောင်းများနှင့် (၁)အချက်သည် မိမိတို့နိုင်ငံအနေဖြင့် ကြည့်ရှုရန်မသင့်သော လိုင်းများပါဝင် ပါကြောင်းနှင့် ၎င်းတို့ကို ထိန်းသိမ်းရန်အတွက် ဝန်ကြီးဌာနများအကြားမှာ ပေါင်းစပ်ညှိနှိုင်းရန် လိုအပ်သည်ကို မိမိတို့အနေဖြင့် လက်ခံပါကြောင်း၊ ဂြိုလ်ထုကထုတ်လွှင့်ခြင်းဖြစ်ခြင်းကြောင့်လည်း မိမိတို့ နိုင်ငံက ဖမ်းယူကြည့်ရှုနိုင်ခြင်းဖြစ်သည့်အတွက်လည်း စလောင်းများတင်သွင်းခြင်းကို မိမိတို့အနေဖြင့် တိတိကျကျ ကိုင်တွယ်ရန် လိုအပ်သည်ဆိုသည်ကို မိမိ ထောက်ခံပါကြောင်း၊ ဆက်သွယ်ရေးဥပဒေ၊ ထို့နောက် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း မိမိတို့ ရေးဆွဲစဉ်က ထည့်သွင်း မတွက်ချက်ခဲ့ခြင်း၊ စလောင်းများ တင်သွင်းလာပါက ဥပဒေအရ မိမိတို့နိုင်ငံတွင် လိုင်စင်မရှိဘဲ ထုတ်လို့မရကြောင်း အချက်များ ပါဝင်သော်လည်း တခြားနိုင်ငံ ကထုတ်လွှင်သည့်လိုင်းများ မြန်မာနိုင်ငံထဲသို့ ရောက်ရှိနေပါက နည်းပညာ လျှံကျပြီး ဖမ်းယူရရှိသော စလောင်းများကို တင်သွင်းပါက မည်သို့ အရေးယူဆောင်ရွက်မည်ဆိုသည့် အချက်များ မပါရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် တင်ပြချင်သည့်အချက် ၂ ခုရှိပါကြောင်း၊ ပထမအချက်အနေဖြင့် ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းဥပဒေကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရာ၌ အဆိုပါ Receiver ကိစ္စများကို Cover ဖြစ်စေရန်အတွက် မိမိတို့ ထည့်သွင်းရန် သင့်/မသင့် ဥပဒေကြမ်းကော်မတီအနေဖြင့် စဉ်းစားပေးရန်နှင့် ဒုတိယအချက်အနေဖြင့် ပြန်ကြားရေး၊ ဆက်သွယ်ရေး ရယ်၊ စီးပွား/ကူးသန်း၊ ပြည်ထဲရေးဝန်ကြီးမျးာ ပူးပေါင်းပြီး အဆိုပါကိစ္စရပ်များကို မည်သူက တာဝန်ယူ၍ လက်ရှိမည်သည့်ဥပဒေဖြင့် စတင် ထိန်းသိမ်း ကိုင်တွယ်မည်ဆိုသည်ကို ဆွေးနွေးရန်လိုအပ်သည်ကို တင်ပြလိုပါကြောင်း ပြန်လည်ဖြေကြားသွားပါသည်။
ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုပါ မေးမြန်းဖြေကြားအပေါ် မှတ်ချက်ပြု ပြောကြားပါသည်။
ယခု ပြန်ကြားရေးဝန်ကြီး၏ ရှင်းလင်းတင်ပြချက်နှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်တွင် မီဒီယာ ဥပဒေကြမ်းရောက်ရှိနေသည့်အတွက် ဥပဒေကြမ်းကော်မတီ ထို့နောက် အခြားသက်ဆိုင်သော အားကစား၊ ယဉ်ကျေးမှု၊ လူမှုဆက်ဆံရေးဆိုင်ရာကော်မတီများက အလေးအနက်ထား စဉ်းစားရန်လိုအပ်ပါကြောင်း၊ ထိုနည်းတူစွာ အဆိုပါဥပဒေကို ပြန်လည်သုံးသပ်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပူးပေါင်းဆောင်ရွက်၍ ပြည့်စုံသောဥပဒေတစ်ခုဖြစ်စေရန် ဆောက်လုပ်ရန် တိုက်တွန်းအပါသည်။
