(ခ)-မိုးကုတ်-မိုးမိတ်-မြစ်ဆုံ-မဘိမ်း-စီပိန်း-စီအူ-ဗန်းမော်လမ်းမကြီးကို အဆင့်မြှင့်တင်ပေးရန်နှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၄၁) ရက်မြောက်နေ့ (၂၅-၁၀-၂၀၁၁)

မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်သို့ ဆက်သွယ် ထားသော မိုးကုတ်-မိုးမိတ်-မြစ်ဆုံ-မဘိမ်း-စီပိန်း-စီအူ-ဗန်းမော်လမ်းမကြီးကို နှစ်စဉ်ပြုပြင်ထိန်းသိမ်းမှု ရှိသော်လည်း မိုးရာသီတွင် ဆက်သွယ်သွားလာရေးအတွက် အလွန်ခက်ခဲလှပါတယ်။ အထူးသဖြင့် မြစ်ဆုံ-မဘိမ်း-စီပိန်း-စီအူလမ်းပိုင်းတွင် သွားလာရေးပိုခက်ခဲပါတယ်။ ဤလမ်းမကြီးနှင့် ပတ်သက်၍ ရာသီမရွေးသွားလာနိုင်ပါရန် အဆင့်မြှင့်တင်ပေးဖို့ အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နည်းကို မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မန္တလေး-မိုးကုတ်-မိုးမိတ်-မြစ်ဆုံ-မဘိမ်း-စီပိန်း-စီအူ-ဗန်းမော်လမ်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၈၈ မိုင်၊ ၆ ဖာလုံပါဝင်ပါတယ်။ ၃၁-၅-၂၀၁၁ ခုနှစ် နေ့အထိ လမ်းအ‌ြခေအနေကတော့ ကတ္တရာလမ်း ၂၄ မိုင်၊ ကျောက်လမ်း ၄၈ မိုင်၊ အမာခံလမ်း ၁၅ မိုင်  ၂ ဖာလုံ၊  မြေလမ်း ၁ မိုင် ၄ ဖာလုံ၊ စုစုပေါင်း ၈၈ မိုင် ၆ ဖာလုံ ရှိပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် မှာကျောက်မဲခရိုင် အင်ဂျင်နီယာမှူးအဖွဲ့နှင့် မိုးမိတ်မြို့နယ်၊ လက်ထောက်အင်ဂျင်နီယာအဖွဲ့တို့မှ ခွဲဝေရရှိတဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေနဲ့လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ဆောင်ရွက်ထားတဲ့လုပ်ငန်းများကတော့ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၂ မိုင်၊ ကျောက်ချောလမ်း ခင်းခြင်း ၃ မိုင်၊ ပေ ၅၀  အောက်သစ်သားတံတားများ၏ ယက်မ၊ ကြမ်းခင်း၊ ဘီးလမ်း၊ လက်ရန်းများ ပြုပြင်လဲလှယ်ခြင်း ၇၃ စင်း၊ ပေ ၅၀ မှ ပေ ၁၀၀  အောက်သစ်သားတံတားများ၏ ယက်မ၊ ကြမ်းခင်း၊ ဘီးလမ်း၊ လက်ရန်းများပြုပြင်လဲလှယ်ခြင်း ၆ စင်း၊ ၁၀၀ ပေအထက် သစ်သားတံတားများ၏ ယက်မ၊ ကြမ်းခင်း၊ ဘီးလမ်း၊ လက်ရန်းများ ပြုပြင်လဲလှယ်ခြင်း ၂ စင်းတို့ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ လမ်းတံတားအဆင့်မြှင့်တင်ဆောင်ရွက်ရန်  ငွေလုံးငွေရင်းနဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေများ တင်ပြတောင်းခံထားပြီး ဦးစားပေးအဆင့် အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။