ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအား ၂၀၁၀ ခုနှစ် သြဂုတ်လမှစတင်ပြီး ၂၀၁၂ တိုင်အောင် PCO ဖုန်းများကို ကနဦးသွင်းဈေး ၁၂၀၀၀၀ ကျပ်၊ ၁၃၀၀၀၀ ကျပ် စသဖြင့် ပေးသွင်းရပြီး လစဉ် KA ၏ ၁၀ ရာခိုင်နှုန်းကို အခွန်အဖြစ် ပေးသွင်းရပါကြောင်း၊ ထို့မှတစ်ဆင့် နောက်ပိုင်းတွင် ၅ ရာခိုင်နှုန်း ထပ်လျော့ပြီး ယနေ့အချိန်ကာလအထိ လစဉ် ၃၀၀၀ ကျပ် ပေးသွင်းနေရပါကြောင်း။
ယခုအခါ တန်ဖိုးနည်း SIM Card များမှာ နေရာအနှံ့အပြား ရရှိနေပြီဖြစ်သည့်အတွက် PCO လုပ်ကိုင်နေသူများအတွက် အခွင့်အလမ်းနည်းသွားပြီး ဝင်ငွေများလည်း နည်းပါးသွားရပါကြောင်း၊ သို့ဖြစ်ပါ၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ကောက်ခံလျက်ရှိသော PCO အခွန် ၃၀၀၀ ကျပ်အား လျော့ပေါ့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် စတင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဦးမင်းဆွေ (ဒိုက်ဦး) ကိုယ်စား ဦးညီညီမြင့် (အုတ်တွင်း) က မေးမြန်းပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ပြည်သူများ၏ ဆက်သွယ်မှု လွယ် ကူချောမောစေရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် အများပြည်သူသုံး PCO တယ်လီဖုန်းစခန်းများကို ဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးခဲ့ပါကြောင်း။ PCO တယ်လီဖုန်းများ၏ ဝန်ဆောင်ခကို ယခင်က ပြောဆိုသည့်မိနစ်ပေါ် မူတည်၍ ကောက်ခံ ခဲ့ပြီး ယင်းမှတစ်ဆင့် အချိန်ကာလ ရှုပ်ထွေးမှုနှင့် အားနည်းချက် တွေ့ရှိရသည့်အတွက် ဝန်ဆောင်ခကို ၅၀၀၀ ကျပ်နှုန်းဖြင့် ကောက်ခံရန် သတ်မှတ်ပေးခဲ့ပါကြောင်း၊ ထိုမှတစ်ဆင့် ၂၀၁၂ ခုနှစ် အောက်တိုဘာက စတင်ပြီး ၃၀၀၀ ကျပ် နှုန်းဖြင့်ကောက်ခံရန် ထပ်မံလျော့ချ ဆောင်ရွက်ပေးခဲ့ပါကြောင်း။
ယခုလောလောဆယ်အနေဖြင့် မိုဘိုင်း PCO တယ်လီဖုန်းများအားကောက်ခံသည့် ၃၀၀၀ ကျပ်ကို ဝန်ဆောင်ခ အဖြစ် ကောက်ခံသွားမည်ဖြစ်ပြီး လောလောဆယ် ပယ်ဖျက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် PCO တယ်လီဖုန်းကိစ္စများကို သီးခြားအစီအစဉ်အနေဖြင့် စီမံဆောင်ရွက်လျက် ရှိပြီး ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြီးစီးချိန်တွင် ပြည်သူများအားလုံးသိရှိနိုင်ရန် ထုတ်ပြန်ကြေညာပေး သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
