(ဂ)-ကျန်းမာရေးဝန်ထမ်းများ ပြည်ပမသွားရောက်မီ ငွေကျပ်သိန်း(၅၀)ကောက်ခံသည့် ကတိခံဝန်ချက်ကို ပြင်ဆင်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၁) ရက်မြောက်နေ့ (၄-၁၀-၂၀၁၁)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ ကြွရောက်လာသောဝန်ကြီးများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဂါရဝတရား‌ရှေ့ထားပြီး လေးစားစွာနဲ့ နှုတ်ခွန်းဆက်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ ဗဟန်းမဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်မောင်ဝင့်ဖြစ်ပါတယ်။ ကျွန်တော်မေးချင်တဲ့ မေးခွန်းက တော့ နိုင်ငံခြားသွားရောက်မယ့် ဝန်ထမ်းဆရာဝန်၊ သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများထံမှ ကြိုတင်၍ ကျပ်သိန်း ၅၀ တောင်းခံခြင်းနဲ့စပ်လျဉ်းသည့် မေးခွန်းဖြစ်ပါတယ်ခင်ဗျား။ ယင်းမေးခွန်းနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်မှုရှိတဲ့အချက်အလက်အ‌ကြောင်းအရာလေးတချို့ကို အနည်းငယ် အကျဉ်းချုံးပြီး ရှင်းပြခွင့်ပြုပါခင်ဗျား။ ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဘွဲ့ရဆရာဝန်များ၊ သူနာပြုဝန်ထမ်းများ၊ ကျွမ်းကျင်ဝန်ထမ်းများ ပြည်ပနိုင်ငံများသို့ အကြောင်းကိစ္စ အမျိုးမျိုးကြောင့် ရက်အနည်းငယ်ပင်ဖြစ်သော်လည်း သွားရောက်ရတဲ့အခါမှာ လေ့လာရေးဖြစ်စေ၊ ဆေးကုသမှုဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့်သွားတဲ့အခါမှာဖြစ်စေ သွားရောက်လိုပါက ထုတ်ပြန်ထားတဲ့ ကတိခံဝန်ချုပ် Bond များမှာ လက်မှတ်ထိုးရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့စွဲပါစာအမှတ်၊ ၂ /မကသ/၂၀၀၂/ ၁၇၅/ပြည်ပခွင့်/ Ex-Myanmar Leave လျှောက်ထားသူများအတွက် ကတိခံဝန်ချုပ်ဆိုခြင်းကိစ္စ ထိုကတိခံဝန်ချုပ်မှာ မိသားစုအဖွဲ့ဝင်နှစ်ဦး၊ ပြန်တမ်းဝင် အရာရှိသုံးဦးတို့က ပြည်ပသွားရောက်မည့်သူသည် သတ်မှတ်ထားသောနေ့ရက်များတွင် ပြန်လည် ရောက်ရှိမလာပါက ကိုယ်တိုင်ဖြစ်စေ၊ တစ်ဦးချင်းမှဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ဒဏ်ကြေးငွေ ကျပ်သိန်း ၅၀ တိတိကိုပေးဆောင်ရမည်ဖြစ်ကြောင်း၊ ပေးဆောင်နိုင်သော အခြေအနေလည်း ရှိပါ ကြောင်း ဖော်ပြ၍သဘောတူလက်မှတ်ရေးထိုးရပါတယ်။ ဒီကိစ္စဟာကျွန်တော်တို့ နိုင်ငံခြားသွားပြီး ပညာသင်ခါစ ၁၉၇၀ ခုနှစ်လောက်က ဒီ Bond ဆိုတာရှိခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ပညာရှင် များ ဆိုက်ဆိုက်မြိုက်မြိုက် ကိုယ့်နိုင်ငံအတွင်းကို ပညာသင်ယူပြီး အကြောင်းအမျိုးမျိုးကြောင့် သွားရှိပြီးတဲ့နောက်မှာ ပြန်ရောက်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းနဲ့ အလေအလွင့်မရှိအောင်ထားတဲ့ Bond ဖြစ်ပါတယ်။ ဒီ Bond ကို ကျင့်သုံးတဲ့အခါမှာလည်း  ကျွန်တော်တို့ အတွေ့အကြုံအရတွေ့ ရတာကတော့ ရေရှည်မှာအထူးတလည် အောင်မြင်မှုတော့မရှိပါဘူး။ ပြန်လာမယ့် သူတွေဟာလည်း ပြန်လာကြတာပါပဲ။ ထို့နည်းတူ ပြန်မလာမယ့်သူတွေကလည်း ပြန်မလာကြပါဘူး။ သူတို့အကြောင်း တွေနဲ့သူတို့ရှိကြပါတယ်။ ဒီနေရာမှာကျွန်တော်တင်ပြချင်တဲ့ အချက်ကလေးက အချက်နှစ်ခုရှိပါတယ်။ ပထမတစ်ချက်ကတော့ ဆရာဝန်အမျိုးမျိုးအစားစား ရှိပါတယ်။ လူနာကိုဆေးကုတဲ့ပညာနဲ့ လူနာဆေး ကုတဲ့ပညာရပ်မှာ ဘွဲ့ဒီဂရီအတွေ့အကြုံများစသည်ရှိလို့ ဆေးရုံများ၊ဆေးခန်းများမှာ အလုပ်လုပ်နေတဲ့  ဆရာဝန်များလည်း ရှိပါတယ်။ ထို့နည်းတူပဲ ကျွန်တော်တို့ ဆေးတက္ကသိုလ်ကြီးများ၊ သုတေသနအဆောက်အဦကြီးများ၊ သုတေသနဌာနများမှာ ဆေးကုသခြင်းအလုပ်ကို မလုပ်ဘဲနဲ့ ပညာရှင်အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်များလည်း အများကြီးရှိပါတယ်။ သူတို့တွေဟာ M.B.B.S ရပြီးတဲ့နောက်မှာ သက်ဆိုင်ရာ ဘွဲ့လွန်ဒီဂရီများရရှိထားခြင်းဟာ ဆေးကုသခြင်းနဲ့ဆိုင်တဲ့ ပညာရပ်မဟုတ်ဘဲနဲ့ တခြားအခြေခံပညာရပ်တွေမှာသာ M.Sc, Ph.D စသည်ဖြင့် ဘွဲ့များရထားတဲ့ ပညာရှင်များ ဖြစ်ပါတယ်။ သူတို့တစ်တွေဟာ ဆေးကုသခြင်းအလုပ်ကို လုပ်ပင်လုပ်ငြားသော်လည်း ကုသတဲ့ဘက်မှာ ကျွမ်းကျင်လိမ္မာမှုရှိပြီး၊ ဒီအတွက်သင်ယူထားတဲ့ Clinicianများနဲ့တော့ သူတို့ကို တစ်ပြေးညီထားပြီး စဉ်းစားလို့မရတဲ့ အခြေအနေအချိန်အခါလေးတွေရှိပါတယ်။ ဒီလိုဆရာဝန်မျိုးတွေ၊ ဘွဲ့ရထားတဲ့သူနာပြုတွေ အခြားကျွမ်းကျင်ပညာရှင်တွေအတွက် နိုင်ငံခြားသွားခါနီးမှ လတ်တလော သိန်း ၅၀ ရအောင်ရှာပေး Deposit အဖြစ်နဲ့ကြိုတင်ပေးဖို့ရာ အခက်အခဲလေးတွေရှိပါတယ်။ အထူးသဖြင့် မလွဲမသွေပြန်လာမယ့်လူများမှာ အခက်အခဲလေးတွေရှိပါတယ်။ ပြန်မလာဘူးလို့ ဆုံးဖြတ်ထားတဲ့လူတွေကတော့ သူတို့အကြောင်းနဲ့သူတို့၊ သူတို့နည်းနဲ့သူတို့ သူတို့ကြံဖန်လုပ်ဆောင် ထားတာလေးတွေရှိတဲ့အတွက် သူတို့အတွက်တော့ သိပ်မထောင်းသာလှဘူးလို့ ကျွန်တော်တို့မြင်ပါ တယ်။ ဒီထက်ပိုပြီးတော့ အရေးကြီးတဲ့အချက်လေးတစ်ချက်က ကျွန်တော်တို့ဒီ Bond ထိုးတဲ့အခါမှာ ဒီခံဝန်ချုပ်ချုပ်ဆိုတဲ့အခါမှာ ခုနပြောသလို နိုင်ငံခြားသို့သွားရောက်သောသူသည် သတ်မှတ်ထားသော နေ့ရက်တွင်ပြန်လည်ရောက်ရှိမလာပါက ဆိုတဲ့အချိန်ကျမှ ကျွန်တော်တို့ သိန်း ၅၀ လျော်ကြေးပေးရ တာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လက်ရှိကျင့်သုံးနေတဲ့ အခြေအနေမှာတော့ ဒဏ်ကြေး ငွေသိန်း ၅၀ ကိုကြိုတင်ကောက်ခံနေခြင်းဖြစ်တဲ့အတွက်ကြောင့် ခံဝန်ချုပ်ပါ ပြဋ္ဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့် ညီညွတ်မှုမရှိကြောင်းကိုလည်းတွေ့ရှိရပါတယ်။ ဒါဟာ ခုလို အခြေအနေအချိန် အခါမျိုးမှာ ကျွန်တော်တို့အတွက် အထူးတလည်စဉ်းစားပေးရမယ့်ကိစ္စဖြစ်တယ်လို့ ကျွန်တော်ယူဆ တဲ့အတွက် အများရဲ့စိတ်ဝင်စားမှုနဲ့အညီ ကျွန်တော်ကမေးပေးရခြင်းဖြစ်ပါတယ်။ သို့ဖြစ်၍ နိုင်ငံခြား သို့သွားရောက်မည့် ဆရာဝန်၊ ကျွမ်းကျင်ဝန်ထမ်းများထံမှ မသွားမီ ကြိုတင်၍ ကျပ်သိန်း ၅၀ ကောက်ခံနေခြင်းကို ကတိခံဝန်ချက် Bond နဲ့ ဖော်ပြထားသည်နဲ့အညီ ပြင်ဆင်တင်သွင်းရန် အစီ အစဉ်ရှိ၊မရှိ သိလိုပါကြောင်း ကျွန်တော်လေးစားစွာနဲ့ မေးမြန်းရခြင်းဖြစ်ပါတယ်ခင်ဗျား။ ကျေးဇူးတင် ပါတယ်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
အဖြေ

ဆရာကြီး ဦးမောင်မောင်ဝင့်တို့အနေနဲ့ကတော့ ကျန်းမာရေးဝန်ကြီးဌာနမှာလည်း ထမ်းဆောင်ခဲ့တဲ့အတွက် ဒါတွေကတော့ အသေးစိတ်သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ နားလည်ဖို့နဲ့ ပြည်သူများလည်း အမြင်ရှင်းလင်းသွားဖို့ကို ကျွန်တော့်အနေနဲ့ တင်ပြရမယ်ဆိုရင် ဒီသိန်း ၅၀ ကောက်တဲ့ကိစ္စမှာ နိုင်ငံတော်အစိုးရက ပြည်ပနိုင်ငံသို့စေလွှတ်တာ အစိုးရရဲ့အစီအစဉ် မဟုတ်ဘဲနဲ့သွားတာ အမျိုးအစားအကြမ်းအားဖြင့် လေးမျိုးလောက်ခွဲခြားလို့ရပါတယ်။  အဲဒီတော့ ဦးစီးဌာနအသီးသီးမှာ ထမ်းဆောင်နေကြတဲ့ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျွမ်းကျင်သူတွေစတဲ့ ဝန်ထမ်းများက မိမိအစီအစဉ်ဖြင့် ကာလတိုအစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲ၊ လေ့လာရေးများ  သွားရောက်ရန် သွားကြတာမျိုးရှိပါတယ်။ ဆေးကုမ္ပဏီများ အစီအစဉ်နှင့် နိုင်ငံခြားက ဆက်သွယ် ထားတဲ့ တက္ကသိုလ်ချင်းညှိနှိုင်းမှုအစီအစဉ်နှင့် နိုင်ငံတော်က ကျန်းမာရေးဝန်ကြီးဌာနကစေလွှတ် တာမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ်သွားကြတဲ့ တစ်အုပ်စုရှိပါတယ်။ နောက်တစ်ခုကတော့ ဝန်ထမ်း ကိုယ်တိုင်နှင့် မိသားစုဝင်များပြည်ပနိုင်ငံများမှာ ဆေးကုသမှုခံဖို့အတွက် သွားကြတာရှိပါတယ်။ နောက်အုပ်စုတစ်စုကတော့ ပြည်ပမှာ အကြောင်းအမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်နေတဲ့ ဇနီး၊ ခင်ပွန်း၊ မိဘစသည်တို့ကိုလိုက်ပါဖို့ အလည်အပတ်သွားရောက်ဖို့သွားကြတဲ့ အမျိုးအစားကလည်း တစ်မျိုးရှိ ပါတယ်။ နောက်တစ်ခုကတော့ အခြားလူမှုရေးကိစ္စ‌တွေ ဗုဒ္ဓဂါယာဘုရားဖူးသွားတာတို့၊ ဟာ့ချ်သွား တာတို့စသည်ဖြင့်ဆိုတော့ အဲဒီလို လူတွေအတွက်ကို ပြည်ပသွားခွင့်ကို လုပ်ထုံးလုပ်နည်းနဲ့အညီ လျှောက်ထားခံစားခွင်‌့ရှိပါတယ်။ ဒီလျှောက်ထားချက်များအပေါ် ခွင်‌့ပြုလို့ရှိရင် ကျန်းမာရေး     ဝန်ကြီးဌာနမှ နေပြီးတော့ ၇-၁-၂၀၀၃ ရက်စွဲပါစာအမှတ်၊ ၂ မက(၁၁)၂၀၀၂/၁၇၅ အရပြည်ပခွင့်            (Ex-Myanmar Leave) လျှောက်လို့ရတယ်။ အဲဒီမှာ ကတိခံဝန်ချုပ်မှာ လက်မှတ်ရေးထိုးကြရပါ တယ်။ ခံဝန်ချုပ်မှာ မိသားစုဝင်နှစ်ဦး၊ ပြန်တမ်းဝင် အရာရှိသုံးဦးတို့က ပြည်ပသွားခွင့်တာဝန်ခံယူ သူဟာ မြန်မာနိုင်ငံမှထွက်ခွာတဲ့နေ့မှစပြီး သတ်မှတ်ရက်အတွင်း ပြန်လာခြင်းမရှိပါက ဦးစီးဌာနကို ဒဏ်ကြေးကျပ်သိန်း ၅၀ ကိုတာဝန်ခံယူသူကိုယ်တိုင်ဖြစ်စေ၊ တာဝန်ခံယူသူရဲ့ အမွေစား၊ အမွေခံများ ကဖြစ်စေ၊ တရားဝင်ကိုယ်စားလှယ်များကဖြစ်စေ ကောင်းမွန်ကျေနပ်စွာ ပေးဆောင်ပါမည့်အကြောင်း ပေးဆောင်ရန်ပျက်ကွက်ပါက အာမခံသူများက ပူးတွဲ၍သော်လည်းကောင်း တစ်ဦးတည်းသော် လည်းကောင်း၊ စိုက်ထုတ်ပေးလျော်ရန်နှင့် ထို့သို့စိုက်ထုတ်ပေး‌နိုင်ရန်အတွက် ပစ္စည်းအလုံအလောက် ရှိကြောင်း အထောက်အထားများဖော်ပြပြီးတော့ အဆိုပါပုဂ္ဂိုလ်များက သဘောတူလက်မှတ်ရေးထိုး ကြရပါတယ်။

၂၀၁၁ ခုနှစ်၊ သြဂုတ်လအထိ ကျင့်သုံးခဲ့တာကတော့ အဲဒီအဆိုပါ ကတိခံဝန်ချုပ်ချုပ်ဆိုခြင်း အပြင် ခံဝန်ချုပ်ပါစည်းကမ်းချက်များကို တိကျစွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ပခွင့်ခံစားလိုတဲ့ဝန်ထမ်းက အာမခံစပေါ်ကြေးငွေကျပ် သိန်း ၅၀ ကို သက်ဆိုင်ရာဦးစီးဌာန ရုံးချုပ်ရဲ့ ငွေစာရင်းခေါင်းစဉ်ဖွင့်လှစ်ထားတဲ့ မြန်မာ့စီးပွားရေးဘဏ်ကို ကြိုတင်ပေးသွင်းရဖို့ လုပ်ငန်းလိုအပ်ချက်အရ ကျန်းမာရေးဝန်ကြီးဌာနကစီစဉ်ခဲ့ပါတယ်။ ဦးစီးဌာနက ငွေသိမ်းထားခြင်း မဟုတ်ဘဲနဲ့ ကာယကံရှင်များက ဘဏ်မှာအပ်ပြီးတော့ ချလန်ကိုပဲ ဦးစီးဌာနကို တင်ပြတာဖြစ်ပါ တယ်။ ဒါဘာကြောင့် ပြောရသလဲဆိုတော့ အခြားမေးခွန်းတစ်ခုမှာ ဒီလွှတ်တော်မှာပါပဲ။ အဲဒီငွေတွေကို ဘယ်လိုသုံးစွဲသလဲဆိုတာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကမေးထားလို့ ကျွန်တော် တစ်ပါတည်းပြောတာပါ။ ကျွန်တော်တို့ မသုံးစွဲပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနမှာလည်း အဲဒီပိုက်ဆံက ရောက်မလာပါဘူး။ ဒါသည် ဘဏ်မှာရှိပါတယ်။ ပြီးတော့ ဒီဦးစီးဌာနက ငွေသားသိမ်းဆည်းထားခြင်း မဟုတ်ဘဲနဲ့ ကာယကံရှင်ကိုယ်တိုင် ဦးစီးဌာနရဲ့ချလန်နဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ အပ်နှံထားခြင်း ဖြစ်တယ်။ ပြည်ပခွင့်ခံစားပြီးတဲ့ ဝန်ထမ်းဟာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ပြီးတဲ့နောက်မှာ  မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှာ နိုင်ငံကူးစာအုပ်ကို Passport ကို ပြန်အပ်ပြီးတဲ့အခါ ပြန်အပ်ပြီးကြောင်းအထောက်အထားနဲ့ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ သက်ဆိုင်ရာ ဦးစီးဌာနများသို့ တင်ပြတဲ့အခါမှာ အဲဒီကနေ စပေါ်ငွေကို ကာယကံရှင်ကိုယ်တိုင်ပဲ ဦးစီးဌာနနဲ့ဘဏ် နဲ့ ပြန်လည်ထုတ်ယူဖို့ဖြစ်ပါတယ်။ အဲဒီတော့ ဘဏ္ဍာရေးစာရင်းများကိုလည်း နှစ်စဉ်စာရင်းစစ်အဖွဲ့နဲ့ စစ်ဆေးခံတာကိုလည်း ပြုလုပ်ဆောင်ရွက်ထားရှိပါတယ်။

အဲဒီတုန်းက ဘာဖြစ်လို့ အဲဒီလိုလုပ်ခဲ့ရတာလဲဆိုတော့ နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှု မရှိစေရန် ရည်ရွယ်သည်ကလည်းတစ်ကြောင်းပေါ့လေ။ နိုင်ငံခြားသွားရောက်ပြီးတော့ စည်းကမ်းချက် အတိုင်းပြန်မလာလို့ရှိရင် ကာယကံရှင် ဒါမှမဟုတ် အာမခံသူများထံမှ ဒဏ်ကြေးရယူရန် လက်တွေ့ မှာအခက်အခဲအများကြီးရှိတာကတစ်ကြောင်း၊ ဒဏ်ကြေးမပေးသွင်းလျှင်လည်း ထိရောက်စွာအရေး ယူနိုင်တဲ့ လုပ်ထုံးလုပ်နည်းများ ခံဝန်ချုပ်မှာမပါပါဘူး။ အဲဒီမှာ အားနည်းချက်ကလေးရှိပါတယ်။ ဒါကြောင့်မို့လို့ ဝန်ကြီးဌာနမှဝန်ထမ်းများဟာ နိုင်ငံတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနက စေလွှတ်တာ မဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ရေးကိုယ်တာကိစ္စများနဲ့ သွားတဲ့အခါမှာ အချိန်တိုအတွင်း ဆောင်ရွက် နိုင်စေရန်အတွက် ဒီစပေါ်ငွေပေးသွင်းတဲ့ကိစ္စ လုပ်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီလိုလုပ်ခဲ့တဲ့ ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့အထိ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပခွင်‌့ သွားရောက်တဲ့ ပုဂ္ဂိုလ်များအားလုံးဟာ ပြန်လည်ရောက်ရှိခဲ့ပြီးတော့ အာမခံစပေါ်ငွေ ဒဏ်ကြေးအဖြစ် သိမ်းဆည်းခဲ့ရခြင်းမရှိပါဘူး။ ဒီနေရာမှာလည်း ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနက တခြား ဝန်ကြီးဌာနများထက်စာရင် တော်တော်လေးနိုင်ငံခြားသွားတာ အသွားအလာတော်တော်များပါတယ်။ ဝန်ထမ်းအနေနဲ့ တရားဝင်စေလွှတ်တာကို ပြည်ထောင်စုအစိုးရအဖွဲ့ ကိုတင်ပြတဲ့အခါမှာ အပတ်စဉ် ၂၀၊ ၂၅၊ ၃၀ ဟာ အမြဲလိုလိုရှိပြီးတော့ ဒါတွေကတော့ အစိမ်းခေါ် တာပေါ့လေ။ အနီနဲ့ သွားတာ ကတော့ အဲဒီထက်အဆပေါင်းများစွာ အပတ်စဉ်သွားနေကြတာဖြစ်ပါတယ်။ နောက်ပြီးတော့လည်း ပြန်မလာနိုင်တဲ့ အရေးကိစ္စတွေကလည်း ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းများက ဥပမာ- အထူးသဖြင့် ဆရာဝန်ကြီးများက ဟိုမှာသွားလို့ရှိရင် အလုပ်ရဖို့က တခြားဝန်ထမ်းများထက် ပိုလွယ် တယ်။ ပိုလွယ်တဲ့အခါကျတော့ ပြန်မလာဖို့ Chance တွေရှိတဲ့အတွက်ကြောင်‌့မို့လို့ ဒီလိုလေး လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်အခါက တာဝန်ရှိပုဂ္ဂိုလ်များက၊ ဒါပေမယ့်လည်း ကံကောင်း ထောက်မစွာဖြင့်ဒီစပေါ်ငွေကိုသိမ်းဆည်းခဲ့ရတာမရှိပါဘူး။ဒါပေမယ့်ခြွင်းချက်အနေနဲ့ ကျွန်တော်တို့က ပြည်ပနိုင်ငံကိုသွားရောက်တဲ့အခါမှာလစာနည်းဝန်ထမ်းတွေဖြစ်စေ၊ ဒါမှမဟုတ်လို့ရှိရင် သွားရောက်သူ ဝန်ထမ်းက ကျန်းမာရေးအ‌ြခေခံနဲ့နိုင်ငံခြားဆေးကုဖို့သွားရောက်တဲ့အခါမှာ ကျွန်တော်တို့က ခြွင်းချက် အနေနဲ့ Exemption ပေးပါတယ်။ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များက ထောက်ခံပြီးတော့ Exemption ပေးပါတယ်။ ဆေးကုသွားဖို့ ပိုက်ဆံကုန်ရတဲ့အထဲမှာ ကျွန်တော်တို့က သိန်း ၅၀ ထပ်ကောက်ထားတယ်ဆိုတာ မဖြစ်အောင်လည်း ကျွန်တော်တို့ လုပ်ခဲ့ကြပါတယ်။ ဒီလိုလုပ်ခဲ့ပေမယ့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ၂၆-၈-၂၀၁၁ ရက်စွဲပါစာအမှတ်၊ ၃ /၂၃၀ (အထွေထွေ)/အဖရ/၂၀၁၁ ဖြင့်ညွှန်ကြားချက်အရ ၁-၉-၂၀၁၁ မှ စပြီးတော့ အာမခံစပေါ်ကြေးကို ကောက်ခံခြင်းမပြုတော့ဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဘာကိုလိုလားလည်းဆိုတော့ ဒီ Bond ဖြစ်ပေါ်လာပုံပေါ့။ ဒီအာမခံ စာချုပ်ဖြစ်ပေါ်လာပုံက နိုင်ငံခြားပညာတော်သင်ကိစ္စနဲ့ အ‌ြခေခံပြီးဖြစ်ပေါ်လာတာပါ။ သိန်း ၅၀ ဆိုတဲ့ကိစ္စက ၅ နှစ် သိန်း ၅၀ Bond။ အဲဒီတော့ တစ်ချိန်က MRCP, FRCS သင်တန်းများကို နိုင်ငံတော်က အစအဆုံးအပြီးအစီး ငွေကြေးအကုန်အကျ ကျခံပြီးပို့ခဲ့တဲ့ ခေတ်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ပညာရေးဌာန၊ ကျန်းမာရေးဌာနမှမဟုတ်ပါဘူး။ တစ်ချိန်တုန်းက သိပ္ပံမောင်ဝတို့၊ ဘာတို့ခေတ်ကသွားခဲ့တာတွေကို နိုင်ငံတော်ကအစအဆုံးကျခံပါတယ်။ ကျွန်တော် တို့တွေခေတ်မှာ ကျတော့ နိုင်ငံတော်က အစအဆုံးကျခံတာမဟုတ်တော့ဘဲနဲ့ မိမိကိုယ်ပိုင်ငွေကို နိုင်ငံခြားငွေနဲ့ လဲလှယ်ပြီးတော့ ကျခံတဲ့စနစ်ဖြစ်သွားပါတယ်။ ပညာတော်သင်လို့ဆိုပေမယ့် ကိုယ့်စရိတ်နဲ့ကိုယ်သွား ရတာဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်ကအစိုးရနှုန်းထားနဲ့ ငွေလဲပေးပါတယ်။ ကျပ်ငွေကို ပေါင်ဆိုရင်လည်းပေါင်၊ ဒေါ်လာဆိုရင်လည်း ဒေါ်လာပေါ့ လဲပေးပါတယ်။ အဲဒီစနစ်ဖြစ်လာပါတယ်။ အဲဒီအခါမှာ သိန်း ၅၀ ဆိုတာ အဲဒီအချိန်မှာ ပေါ်လာခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ နိုင်ငံခြားပညာတော်သင်တွေကို လွတ်လပ်စွာဖွင့်ပြီးတဲ့အချိန်မှာ အဲဒီလို လဲပေးတဲ့စနစ် မရှိတော့ ပါဘူး။ လေယာဉ်ပျံခရော၊ စာမေးပွဲ ဝင်ကြေးရော၊ နေရေးထိုင်ရေးစရိတ်ရော အားလုံးကို သက်ဆိုင်ရာ ပညာတော်သင်‌ကျောင်းသားက အစအဆုံး ကိုယ်တိုင်ကျခံရတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်က အစစအရာရာစိုက်ထုတ်ခဲ့တဲ့ အချိန်တုန်းက အသုံးပြုခဲ့တဲ့စာချုပ်သည် အခုအချိန်မှာ ကာယကံရှင်ကိုယ်တိုင် အစစအရာရာ ကိုယ်တိုင်အကုန်အကျခံပြီးသွားရတဲ့ခေတ်မှာ ခေတ်စနစ်နဲ့ အံဝင်ခြင်းမရှိတော့ဘူးဆိုတာ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ နားလည်ပါတယ်။ အဲဒီအတွက် Bond ကို ပြန်လည်သုံးသပ်ပြီးတော့ စနစ်တကျ ဥပဒေနည်းလမ်းကျအောင် ခိုင်မာအောင် ပြုပြင် ဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ နောက်တစ်ချက်က စောစောက ကျွန်တော်တင်ပြသွားခဲ့ သလိုပဲ နိုင်ငံခြားကိုထွက်တဲ့အခါမှာ ပညာတော်သင်ကိစ္စချည်းပဲမဟုတ်ဘူးခင်ဗျ။ ကိုယ့်အစီအစဉ်နဲ့ ကိုယ် WorkShop တွေ သွားတက်တာ၊  Meeting တွေသွားတာ၊  Short Course ကလေးတွေ သင်တန်းတက်တာရှိသလို ဆေးကုသသွားဖို့လည်းရှိတယ်။ အလည်အပတ်သွားတာလည်းရှိတယ်။ နောက် အခြားလူမှုရေးကိစ္စတွေပေါ့လေ။ ဗုဒ္ဓဂါယာတို့၊ ဟာ့ချ်တို့သွားတာ တွေလည်းရှိတော့သွား ရခြင်းအကြောင်းအရင်းတွေမတူညီတဲ့အတွက် မတူညီတဲ့ကိစ္စများကိုတူညီသော Bond တစ်ခုတည်း ထားတာကကော သဘာဝကျပါ့မလားဆိုတာလည်း ကျွန်တော်တို့ ရှေ့နေချုပ်ရုံးနဲ့ ပြန်လည်စဉ်းစား သုံးသပ်ပြီးတော့ ခံဝန်ချုပ်ကို ဥပဒေနဲ့အညီ လက်ရှိကျင့်သုံးနေတဲ့စနစ်နဲ့အညီ ခိုင်မာအောင် ပြင်ဆင် ဖြည့်စွက်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားပါသည်။