(ခ)-လယ်ဝေးမြို့နယ်အတွင်းအထက်တန်းကျောင်းများတိုးမြှင့်ဖွင့်လှစ်ပေးရေးနှင့်စပ်လျဉ်းသည်‌့မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၀-၉-၂၀၁၁)

လယ်ဝေးမြို့နယ်အတွင်းရှိ မင်းပြင်၊ ဒလန့်ချွန်၊ ချောင်းခွ၊ အေးချမ်းသာကျေးရွာ များဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသဖြစ်ပါတယ်။ မင်းပြင်နှင့် ဒလန့်ချွန်ကျေးရွာများမှာ အလယ်တန်းကျောင်းခွဲများရှိပြီးတော့ ချောင်းခွကျေးရွာနှင့် အေးချမ်းသာကျေးရွာတို့တွင်လည်း မူလတန်းလွန်ကျောင်းများသာရှိပါတယ်။ ယင်းဒေသကျေးရွာများရှိ ကျောင်းသား၊ ကျောင်းသူများဟာ အလယ်တန်းကျောင်းအဆင့်အောင်မြင်ပြီးလျှင် အထက်တန်းကျောင်းရှိရာသို့ သွားရောက်ပညာ သင်ကြားရန်အခက်အခဲရှိသည့်အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ၎င်းကျေးရွာများမှာ အထက်တန်းကျောင်း သို့မဟုတ် အထက်တန်းကျောင်းခွဲများအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ အခြေခံပညာအလယ်တန်းကျောင်း အဆင့်သို့တိုးမြှင့်ဖွင့်လှစ်ရေးအတွက် အလယ်တန်းအဆင့်တွင် တက်ရောက်နေသော ကျောင်းသား ဦးရေ၊ ၎င်းကျောင်းကိုဝန်းရံထားသော မူလတန်းကျောင်းများတွင် တက်ရောက်နေသော ကျောင်းသား ဦးရေ၊ လမ်းပန်းဆက်သွယ်မှုအခြေအနေနှင့် ကျောင်းဥပဓိရုပ်တို့ကိုစိစစ်၍ ၎င်းအခြေအနေတို့နှင့် ကိုက်ညီသောကျောင်းများကို အဆင့်တိုးမြှင့်ဖွင့်လှစ်ရေးအတွက် အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန၊ စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့ တင်ပြထောက်ခံမှုရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့တင်ပြပြီး အဆင့်တိုးမြှင့်ဖွင့်လှစ်ရေးဆောင်ရွက်လျက် ရှိပါတယ်။ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ မင်းပြင်၊ ဒလန့်ချွန်၊ ချောင်းခွ၊ အေးချမ်းသာ စသည့်ကျေးရွာများ၌ အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် အခြေခံပညာ မူလတန်းလွန်ကျောင်းများသာ ဖွင့်လှစ်ထားပါတယ်။ အဆိုပါ အခြေခံပညာကျောင်းများအား အခြေခံ ပညာအလယ်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပြီးမှသာလျှင် အခြေခံပညာ အထက်တန်း ကျောင်းခွဲအဆင့်သို့လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲအဆင့်မှ အခြေခံပညာ အထက်တန်းကျောင်းအဆင့်သို့လည်းကောင်း တိုးမြှင့်ဖွင့်လှစ်ရေးအဆင့်ဆင့် ဆောင်ရွက်ပေးမည်ဖြစ် ပါကြောင်းဖြေကြားပါသည်။