နောင်မွန်းမြို့နယ်မှာ နိုင်ငံတော်ပိုင် အခြေခံ ပညာမူလတန်းကျောင်း ၃၈ ကျောင်းကိုဖွင့်လှစ်ပေးပါတယ်။ ၃၈ ကျောင်းအနက်မှ ၂၉ ကျောင်းဟာ ဆိုလို့ရှိရင် မိဘလူထုမှဝါးနဲ့ဆောက်လုပ်ထားတဲ့ တောင်ယာတဲပုတ်သာသာရှိတဲ့ နေရာများမှာ သင်ကြားပေးလျက်ရှိနေကြပါတယ်။ မိမိတို့ဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဆင်းရဲနွမ်းပါး တဲ့ဒေသဖြစ်နေတဲ့အတွက်ကြောင့် မိဘများအနေဖြင့် ကျောင်းဆောင်ကောင်းများကို ဆောက်လုပ် ပေးနိုင်တဲ့အနေအထားမရှိပါဘူး။ ဒါ့ကြောင့် ပညာရေးဌာနကနေ သတ်မှတ်ထားတဲ့ ဥပဓိရုပ် မကောင်းတဲ့ကျောင်းမှ ဥပဓိရုပ်ကောင်းတဲ့ကျောင်းကို ရောက်ရှိဖို့မလွယ်ကူကြောင်း လေ့လာတွေ့ရှိ ရပါတယ်။ ဒါ့ကြောင့် ပညာရေးဌာနကနေပြီးမှ ရန်ပုံငွေမရသေးသောကျောင်းများနဲ့ ဥပဓိရုပ် မကောင်းတဲ့ကျောင်းများကို ပညာရေးဌာနမှ ဆောင်ရွက်ပေးသွားမယ့် အစီအစဉ်ကို သိလိုပါကြောင်း လေးစားစွာ မေးမြန်းပါသည်။
အခြေခံပညာကျောင်းများ၏ အဆောက်အဦများကို နိုင်ငံတော်၏ခွင့်ပြုရန်ပုံငွေ ဖြင့်လည်းကောင်း၊ နိုင်ငံတော်နှင့် မိဘများပူးပေါင်း၍သော်လည်းကောင်း၊ စေတနာရှင် အလှူရှင် များ၏လှူဒါန်းမှုဖြင့်လည်းကောင်း ကျောင်းအဆောက်အအုံများ ဆောက်လုပ်ပြုပြင်ခြင်းတို့ကို နှစ်စဉ် ဆောင်ရွက်လျက်ရှိပါတယ်။ ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဆောက်လုပ်ပြုပြင် ရန်အတွက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေမှ ကျပ်သန်းပေါင်း ၆၈၂.၈ သန်းဖြင့် အခြေခံပညာကျောင်းပေါင်း ၃၀ ကျောင်းကိုလည်းကောင်း၊ ပြင်ဆင်ထိန်းသိမ်းစရိတ်ရန်ပုံ ငွေမှ ကျပ် ၃၉.၄၇ သန်းဖြင့် အခြေခံပညာကျောင်းပေါင်း ၁၀ ကျောင်းကိုလည်းကောင်း၊ ခွဲဝေခွင့်ပြုပြီး ကျောင်းဆောင်ဆောက်လုပ်ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ကချင်ပြည်နယ်၊ နောင်မွန်း မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းများ၏ ကျောင်းဆောင်များကို ခွင့်ပြုရန်ပုံငွေအတွင်းမှ ပြုပြင်ဆောက်လုပ်ပေးခဲ့ပါတယ်။ ကျန်အခြေခံပညာ မူလတန်းကျောင်း ၂၅ ကျောင်းဆောက်လုပ်ပြုပြင်ရန် ကိစ္စနှင့်ပတ်သက်၍ လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ရရှိလာမည့်ဘဏ္ဍာငွေအရ တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးရှိ ဆောက်လုပ် ပြုပြင်ရမည့်ကျောင်းများနှင့်တစ်ပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
