(က)-ရွှေပြည်သာမြို့နယ်အတွင်း ဖြတ်သန်းမြှုပ်နှံထားသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းများနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၁) ရက်မြောက်နေ့ (၄-၁၀-၂၀၁၁)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံးမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး ဖြစ်ပါတယ်။ ကျွန်တော် မေးမြန်းတဲ့မေးခွန်းကို မအားလပ်တဲ့ကြားက လာရောက်ဖြေကြားပေးတဲ့ ဝန်ကြီးအား ကျေးဇူးတင်ရှိပါကြောင်း ဦးစွာတင်ပြလိုပါတယ်။ ကျွန်တော့်အနေနဲ့ မေးမြန်းလိုတဲ့ မေးခွန်းကတော့ နိုင်ငံအတွင်းဒေသအနှံ့အပြားမှာ သွယ်တန်းမြှုပ်နှံထားတဲ့  ဓာတ်ငွေ့ပိုက်လိုင်းများ လုံခြုံမှုကိစ္စပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ရွှေပြည်သာမြို့နယ်အတွင်းမှာလည်း အလားတူလိုအပ်ချက် အရ   ဓာတ်ငွေ့ပိုက်လိုင်းများကို   လူနေရပ်ကွက်များအတွင်းမှာ  မြှုပ်နှံထားရှိပါတယ်။   ဓာတ်ငွေ့ပိုက် 
လိုင်းများမြှုပ်နှံရာမှာ ပိုက်ချရန် ကျင်းများတူးခြင်း၊ ပိုက်ဆက်ခြင်း၊ ဆေးသုတ်ခြင်း၊ ပိုက်ချခြင်း၊ မြေဖို့ခြင်းစသည်ဖြင့် အဆင့်ဆင့်သောလုပ်ငန်းများကို စနစ်တကျလုပ်ကိုင်ကြဖို့ ညွှန်ကြားထား ကြောင်းလည်းသိရှိရပါတယ်။ သို့ပါသော်လည်း ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ည သန်းခေါင်ယံအချိန်မှာ ကြီးမားပြင်းထန်တဲ့ ပေါက်ကွဲသံနဲ့အတူ ကောင်းကင်ယံမှာ ကြီးမားသော မီးလုံးကြီးများ‌ရွေ့လျားနေပြီး လေယာဉ်ပျံတွေပျံသန်းရင် ကြားရတဲ့အသံမျိုးလို စတင်ပြီးတော့တွေ့မြင် ကြားသိကြရပါတယ်။ တချို့လည်း လေယာဉ်ပျံပျက်ကျတာလို့ ထင်ကြေးနဲ့ပြောတဲ့သူတွေကလည်း ပြောကြပါတယ်။ အဲဒီညဟာ ရွေးကောက်ပွဲပြုလုပ်တဲ့ညဖြစ်တဲ့အတွက်ကြောင့် လူတွေကလည်း အုပ်စု အစုအဖွဲ့တွေနဲ့သွားလာနေတဲ့အချိန်ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဖြစ်တာနဲ့ တစ်မြို့လုံးနီးပါးဟာ မိမိနေအိမ် တွေကို တံခါးတောင်မပိတ်နိုင်ဘဲနဲ့ ကိုယ်လွတ်ရုန်းပြီးတော့ စွန့်ခွာထွက်ပြေးကြပါတယ်။ ဘာဖြစ်မှန်း မသိတဲ့အတွက်ကြောင့် စိုးရိမ်ထိတ်လန့်မှုကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ဖြစ်စဉ်ဖြစ်ပွားပြီး တစ် နာရီ လောက်ကြာတဲ့အခါကျမှ ရွှေပြည်သာမြို့နယ်အမှတ် (၄) လမ်းမကြီးဘေးမှာရှိတဲ့ ဓာတ်ငွေ့ပိုက်ဆက် တဲ့နေရာကနေ စတင်မီးလောင်ပေါက်ကွဲမှု ဖြစ်တာကိုသိရပါတယ်။ ဖြစ်စဉ်ဟာ သာမန်မီးလောင် တာမျိုးနဲ့မတူဘဲ ထူးခြားတဲ့ဖြစ်ပျက်မှုဖြစ်တာကြောင့် စိုးရိမ်ထိတ်လန့်မှုကို ပိုမိုဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီဖြစ်ခဲ့တဲ့ဖြစ်စဉ်ကြောင့် ပြည်သူလူထုဟာ မိမိအိမ်ရှေ့မှာ မြှုပ်နှံထားတဲ့ ဒီပိုက်တွေရဲ့လုံခြုံမှု ရှိ၊မရှိ တွေးပြီးတော့ စိတ်ပူနေကြပါတယ်။ အချို့ပိုက်တွေဟာ မြေပေါ်မှာပေါ်နေတာကိုလည်း တွေ့ရှိကြရတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်း အကြောင်းလေ့လာကြည့်တော့ ဓာတ်ငွေ့ပိုက်များ ဆက်သွယ်မြှုပ်နှံရာမှာ အားနည်းချက်များရှိခြင်း၊ ဆက်သွယ်မြှုပ်နှံပြီးခဲ့တဲ့ကာလရဲ့ နောက်ပိုင်းမှာ စစ်ဆေးကြပ်မတ်ပြုပြင်မှု အားနည်းချက်များရှိခြင်းတို့ကြောင့် ယခုကဲ့သို့ဖြစ်ပွားရတယ်လို့ သုံးသပ်ရရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့မြို့နယ်လို အခြားမြို့နယ်များမှာ မဖြစ်ပေါ်စေဖို့နဲ့ ဒီလိုဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားဖို့ အတွက် မေးခွန်းကိုမေးမြန်းရခြင်းဖြစ်ပါတယ်။ မေးခွန်းကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်တွင်ဖြတ်သန်း၍ မြှုပ်နှံသွယ်တန်းထားသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းများရှိနေခြင်းဟာ ၎င်း ပိုက်လိုင်းများမှစိမ့်ထွက်သော ဓာတ်ငွေ့များမှတစ်ဆင့်ကြီးမားသော မီးလောင်မှုဖြစ်စေသဖြင့် ရွှေပြည်သာမြို့နယ်အတွင်း အမှတ် (၄) လမ်းမကြီးပေါ်တွင် ရွေးကောက်ပွဲကျင်းပပြုလုပ်သည့်   ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ည သန်းခေါင်ယံအချိန်တွင်ဖြစ်ပွားခဲ့ရာ တစ်မြို့လုံးနီးပါး စိုးရိမ် ကြောက်လန့်၍ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။ သို့ဖြစ်၍ နောင်အလားတူမဖြစ်ပေါ်စေရေး ပိုက်ချ မည့်နေရာများ မြေကြီးတူးခြင်း၊ ပိုက်များဆေးသုတ်ခြင်း၊ ပိုက်ချခြင်း၊ ပိုက်ဆက်ခြင်း၊ မြေဖို့ခြင်း လုပ်ငန်းများနှင့် မြှုပ်နှံပြီးစီးထားသော ပိုက်လိုင်းများအခြေအနေ စစ်ဆေးထိန်းသိမ်းကြပ်မတ်ခြင်း လုပ်ငန်းများကို ဌာနအနေဖြင့် မည်သို့စီမံဆောင်ရွက်ထားရှိသည်ကို သိရှိလိုပါသဖြင့် မေးမြန်းခြင်း ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။



 

ဖြေကြားသူ
ဦးသန်းဌေး(ပြည်ထောင်စုဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန)
အဖြေ

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ ကိုယ်စားလှယ်တော်များခင်ဗျား။ ရွှေပြည်သာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး မေးမြန်းထားတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။ မေးခွန်းမှာဖော်ပြထားတဲ့ အခင်းဖြစ်တဲ့ ပိုက်လိုင်းဟာ  ၁၉၉၂ ခုနှစ်မှာ အဖျောက်ဒေသကထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့များကို ရန်ကုန်ကို ပေးပို့ဖို့အတွက် ၁၀ လက်မအချင်းရှိတဲ့ ရိုးရိုးသံမဏိပိုက်များနဲ့ ဆက်သွယ်ထားတဲ့ ပိုက်လိုင်း      ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပိုက်တွေရဲ့သက်တမ်းဟာ နှစ်ပေါင်း ၂၀ ကျော်လောက် ကြာခဲ့ပြီး သံချေးစားခံရတဲ့အတွက် ပိုက်တွေဟာဆွေးပြီးပါးလာတော့ ဂဟေသားတွေဟာ ဖိအားမြင့်တက်မှု ဒဏ်ကိုမခံနိုင်တဲ့အတွက် ကွဲအက်ပြီး ဓာတ်ငွေ့ပန်းထွက်အားကြောင့် ဓာတ်အားလိုင်းကြိုးတွေနဲ့ ရိုက်ခတ်မှုဖြစ်ပြီးတော့ မီးလောင်မှု ဖြစ်ပွားခဲ့ရခြင်းပဲဖြစ်ပါတယ်။ 
အခင်းဖြစ်ပွားတဲ့အချိန်မှာ ရွာမထိန်းဖြန့်စခန်းကနေပြီးတော့ CNG Filling Station များကို ဖိအားပေါင် ၃၀၀ နဲ့ ပို့လွှတ်နေခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီမီးလောင်တဲ့နေရာမှာ ဖိအားပေါင် ၂၉၀ လောက်ရှိပါတယ်။ ဒီဖြစ်စဉ်နောက်ပိုင်းမှာ ပိုက်လိုင်းကိုပြုပြင်ပေးတဲ့နောက် ပိုက်လိုင်းရဲ့ ဟောင်းမြေ့ နေတဲ့အခြေအနေအရ အလားတူ ဖြစ်ရပ်မျိုးထပ်မဖြစ်အောင် ပိုက်လိုင်းအသစ်ကို လဲလှယ် အစားထိုးဆောင်ရွက်ခဲ့ပြီးတော့ ဖိအားကိုလည်းလျှော့ချပြီး ယခုအချိန်မှာ ပေါင် ၂၀၀ နဲ့ထိန်းချုပ် ပို့လွှတ်လျက်ရှိပါတယ်။ အဲဒီအပြင် အလားတူပိုက်လိုင်းတွေမှာ နောင်ယင်းကဲ့သို့ ဖြစ်စဉ်များမဖြစ် ပေါ်စေရန်အတွက် ပိုက်လိုင်းတစ်လျှောက် မြေသားစမ်းသပ်မှုများ ထပ်မံဆောင်ရွက်ခြင်း၊ သံချေးစား နှုန်းများတဲ့မြေအမျိုးအစားမှာ ပိုက်လိုင်းကို တူးဖော်စစ်ဆေးခြင်း၊ ပိုက်ရဲ့လက်ရှိ အထူ၊ အပါး         တိုင်းတာခြင်း၊ သံချေးစားခွက်တွေ ရှိနေရင်လည်း အဲဒီနေရာတွေမှာ ပိုက်ခြမ်းပြားအုပ်ပြီးတော့ ဂ‌ဟေဆော်ခြင်း၊ အဆိုးဆုံးအပိုင်းတွေမှာ ပိုက်အသစ်နဲ့ အစားထိုးလဲလှယ်ခြင်းများ ဆောင်ရွက်ထားဖို့ စီမံထားရှိ ပါတယ်။ ၎င်းပိုက်လိုင်းကို ရွှေပြည်သာပိုက်လိုင်း ပြုပြင်ထိန်းသိမ်းရေးစခန်းက ယခုအခါမှာ နေ့ည တာဝန်ယူစောင့်ရှောက်လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။ 
အဲဒီအပြင် ၂၀၁၃ ခုနှစ်မှာ ကမ်းလွန်ဓာတ်ငွေ့စီမံကိန်းအသစ် နှစ်ခုကနေ ပြည်တွင်း သုံးသဘာဝဓာတ်ငွေ့အတွက် တစ်နေ့လျှင် ကုဗပေသန်း ၁၆၀ ထပ်မံတိုးမြှင့်ရယူပြီး ဖြန့်ဝေပေး ဖို့ရှိပါတယ်။ အဲဒီအတွက်လည်းကောင်း၊ နောက်တစ်ခါ ၂၀၁၆ လောက်မှာ ထပ်မံတိုးမြှင့်ရရှိလာမယ့် လုပ်ကွက် M-3 အောင်သိင်္ခစီမံကိန်းမှ ဓာတ်ငွေ့တွေကိုလည်း အဆင်ပြေစွာဖြန့်ဝေသုံးစွဲနိုင်ရန် အတွက်လည်းကောင်း လက်ရှိပြည်တွင်း ပိုက်လိုင်းစနစ်များကို Master Plan ရေးဆွဲပြီးတော့ ပြုပြင်သွားဖို့ရှိပါတယ်။ ယခင်က တိုင်းပြည်စီးပွားရေးအခြေအနေများအရ မလွဲမရှောင်သာအသုံးပြု ခဲ့ရတဲ့ ရိုးရိုးသံမဏိပိုက်များအစား PE Coated ခေါ်ပလပ်စတစ်ဖုံး သံမဏိပိုက်တွေကို အစားထိုး လဲလှယ်ခြင်း၊ အသစ်ခင်းကျင်းခြင်းတို့ကို နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၁၂၆ သန်းလောက်နဲ့ မြန်မာငွေကျပ် ၁၇ ဘီလီယံလောက် သုံးစွဲ ပြီးတော့ နှစ်နှစ်အတွင်းမှာ ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 
ပိုက်လိုင်းဟောင်းတွေ အစားထိုးလဲလှယ်ခြင်းလုပ်ငန်းအနေဖြင့် ၂၀၁၁-၂၀၁၂ နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွေမှာ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ သံပေါက်ဒေသမှ ကရင်ပြည်နယ် မြိုင်ကလေး အထိဆက်သွယ်ထားသော သံပေါက်-မြိုင်ကလေး ၂၀ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ နောက် အဲဒီကနေပြီး မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတို့ကိုဖြတ်သန်းပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအထိ ဆက်သွယ်ထားတဲ့ မြိုင်ကလေး-ရန်ကုန် ၂၀ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ဧရာဝတီတိုင်း၊ ညောင်တုန်းကနေပြီးတော့ ရန်ကုန်တိုင်း၊ အင်းစိန်နှင့် မှော်ဘီမြို့နယ်များသို့ ဆက်သွယ်ထားသော    ၁၄ လက်မ၊ ၂၀ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများရဲ့ သက်တမ်းကြာမြင်‌့ပြီး သံချေးစားဆွေးမြေ့ နေတဲ့အပိုင်းတွေကိုလည်း ပလပ်စတစ်ဖုံး သံမဏိပိုက်တွေနဲ့ အစားထိုးလဲလှယ်ခြင်း၊ အဆင့်မြှင့်တင် ခြင်း၊ သံချေးစားမြေနဲ့ ဆားငန်ရေထိတွေ့သော နေရာတွေကို ရှောင်ကွင်းပြီးတော့ လမ်းကြောင်း ပြောင်းဆက်သွယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စီမံထားရှိပြီး ယခုနှစ် နိုဝင်ဘာလကနေပြီး စတင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း လေးစားစွာ ဖြေကြားအပ်ပါတယ်ခင်ဗျား။