(က)-ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ကော်မရှင်ဖွဲ့စည်းပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၆-၉-၂၀၁၁)

နိုင်ငံတော်အတွင်း နယ်စပ်ဒေသများတွင် မငြိမ်းချမ်းမှု၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုများကြောင့် ပြည်သူများ၏ဘဝ လုံခြုံမှုမရှိဘဲ လွန်စွာ စိတ်ဆင်းရဲ ဒုက္ခရောက်လျက်ရှိနေကြပါတယ်။ စစ်ပြေးဒုက္ခသည်များဘဝသို့ ကျရောက်လျက်ရှိပြီး ပညာသင်ယူခွင့်၊ ကျန်းမာရေးဆေးကုသခွင့်များ ဆုံးရှုံးလျက် နိုင်ငံတော်ရဲ့ လူသားအရင်းအမြစ်များလည်း အများကြီး    နစ်နာ ဆုံးရှုံးလျက်ရှိပါတယ်ရှင်။ ဒါကြောင့် ပြည်သူများက တိုင်းရင်းသားများ ပြန်လည်သွေးစည်း ညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို မျှော်လင့်စောင့်စားနေကြပါတယ်ရှင်။ ကျွန်မမေးလိုတဲ့ မေးခွန်းကတော့ () ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက တိုင်းရင်းသားများ ပြန်လည် သွေးစည်းညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် မည်ကဲ့သို့ အစီအစဉ်ရှိပါသနည်း။ ()ယခင် အစိုးရမှ ချမှတ်ခဲ့သော တိုင်းရင်းသားများသွေးစည်းညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးမူဝါဒကို ပြည်သူသို့ ထုတ်ပြန်ပေးနိုင်ပါသလား။ () တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံညှိနှိုင်းရန်အတွက် တိုင်းရင်းသားများ ယုံကြည်ကိုးစားသည် တိုင်းရင်းသားပြည်သူများပါဝင်သော စေ့စပ်ညှိနှိုင်းရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းကော်မရှင်အဖွဲ့ Peace Commission အဖွဲ့ကို တရားဝင်ဖွဲ့စည်းပေးရန် ဆန္ဒရှိပါသလား။ ဆန္ဒရှိပါက မည်ကဲ့သို့ ဖွဲ့စည်း ပေးမည်နည်း။ မည်သည့်အချိန်တွင် ဖွဲ့စည်းပေးမည်နည်း။ မဖွဲ့စည်းပေးနိုင်ဟုဆိုပါက အဘယ်ကြောင့် နည်းကို သိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးကျော်ဆန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိငြိမ်းချမ်းမှုအခြေအနေကို ကြည့်မယ် ဆိုရင် ၁၉၈၈ ခုနှစ်မတိုင်ခင်က အခြေအနေထက် များစွာတိုးတက်ကောင်းမွန်တဲ့အခြေအနေရှိတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ကနေ့အခါမှာ နယ်စပ်ဒေသမှာ လက်နက်ကိုင် ဆန့်ကျင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့လည်း ကျန်ရှိနေပါသေးတယ်။ အလားတူပါပဲ အခြေခံဥပဒေနဲ့ အညီ အသွင်ကူးပြောင်းမှုကို လက်မခံသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့လည်း ရှိနေ ပါသေးတယ်။ ကျွန်တော်တို့ နိုင်ငံတော်အစိုးရအဖွဲ့အနေနဲ့ကတော့ လက်နက်ကိုင်ပဋိပက္ခကို မလိုလား ပါဘူး။ သွေးထွက်သံယိုမှုတွေကိုလည်း မလိုလားပါဘူး။ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှုကိုပဲ လိုလား ပါတယ်။ အလားတူပါပဲ ပြည်သူများရဲ့ အလိုချင်ဆုံးသောအရာဟာ ငြိမ်းချမ်းရေးဖြစ်တယ်ဆိုတာကိုလည်း နိုင်ငံတော်အစိုးရအနေနဲ့ သိရှိပါတယ်။ ထို့အတူ တက်ရောက်လာကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအားလုံးကလည်း ငြိမ်းချမ်းရေးကို လိုချင်ကြတယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရ နိုင်ငံ့တာဝန်ကို စတင်ယူတဲ့ အချိန်ကတည်းက နိုင်ငံတော်သမ္မတကြီးက ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် အားလုံးကို ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတကြီးကဖိတ်ခေါ်ကမ်းလှမ်းတဲ့ ကမ်းလှမ်းမှုကို ကျွန်တော်ပြောပြရရင် မူဝါဒလမ်းစဉ်ခုနှစ်ရပ်ကို သံသယရှိနေကြသေးတဲ့ အခြေခံဥပဒေကိုလည်း လက်မခံနိုင်ကြသေးတဲ့ သူများအတွက်ကို သံသယများပပျောက်ပြီး အများအကျိုးအတွက် မိမိတို့နဲ့ ပူးပေါင်းဆောင်ရွက်လာအောင် မိမိတို့ရဲ့ မှန်ကန်တဲ့စေတနာများကို ပြသလုပ်ဆောင်သွားမှာဖြစ်ကြောင်း သဘောထားအမြင်များ ကွဲပြားမှု ရှိကြတဲ့ကြားမှာ တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက် သဘောတူညီတဲ့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက် ကြဖို့ ဖိတ်ခေါ်ကြောင်း အခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်များ အတွက်လည်းပဲ တိုင်းပြည်နဲ့ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးကိုရှေးရှုပြီး ငြိမ်းချမ်းရေးတံခါး          ဖွင့်ထားကြောင်း အတိအလင်းကမ္ဘာသိ၊ မြန်မာသိကမ်းလှမ်း ဖိတ်ခေါ်ပြောကြားခဲ့ပြီး ဖြစ်ပါ        တယ်။ ဒီကမ်းလှမ်းချက်ကို ကြည့်မယ်ဆိုရင်  အမြင်သဘောထားမတူကြတဲ့ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများအတွက်လည်း ပါဝင်သလို နယ်စပ်ဒေသမှာ လက်နက်ကိုင်ဆန့်ကျင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ အခြေခံဥပဒေနဲ့ အညီ အသွင်ကူးပြောင်းမှုကို လက်မခံနိုင်ကြသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အတွက်လည်း ပါဝင်တာတွေ့ရှိရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ကတော့ မိမိကြေညာ ပြောဆိုထားတဲ့ အတိုင်း အခြေခံဥပဒေနဲ့အညီ ပေါ်ပေါက်လာတဲ့လွှတ်တော်များ၊ အစိုးရ အဖွဲ့များ၊ တရားစီရင်ရေး အဖွဲ့များနဲ့ ကနေ့အခါမှာ အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံကို စတင်အကောင်အထည်ဖော်တည်ဆောက် နေပြီဖြစ်ပါတယ်။ အဲဒီလိုတည်ဆောက်တဲ့အခါမှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ၊ Macro စီးပွားရေးမူဝါဒတွေ ပြုပြင်ပြောင်းလဲနိုင်အောင် ဆောင်ရွက်နေမှုတွေ၊ Macro စီးပွားရေးအတွက် လုပ်ငန်းစဉ်ရှစ်ရပ် ချမှတ်ဆောင်ရွက်နေမှုတွေ ပြုလုပ်နေတာကို တွေ့မြင်နိုင်ပါတယ်။ ဥပဒေရေးနဲ့ ပတ်သက်လို့လည်း ပြုပြင်ပြောင်းလဲသင့်တဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့၊ ပယ်ဖျက်ပြီး အသစ်ရေးဆွဲဖို့ လိုအပ်တဲ့ဥပဒေတွေကို   ပယ်ဖျက်အသစ်ရေးဆွဲဖို့လည်း ဆောင်ရွက်နေပြီဖြစ်ပါတယ်။ လူမှုရေးနဲ့ ပတ်သက်လို့ ကြည့်မယ်ဆိုရင်လည်းပဲ ဝန်ထမ်းများရဲ့ အငြိမ်းစားလစာတိုးမြှင့်ပေးမှုအပါအဝင် ပညာရေး၊ ကျန်းမာရေးကိစ္စများမှာလည်း ပြုပြင်ပြောင်းလဲ ဆောင်ရွက်ပေးနေတာ အားလုံးအသိပါပဲ။ နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်လို့လည်း ပိုမိုကျယ်ပြန့်စွာ ထိတွေ့ဆက်ဆံလျက်ရှိပါတယ်။ နိုင်ငံရေးနဲ့ကြည့်ရင်လည်း အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ပေးနေသလို တူညီတဲ့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါ တယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့လည်း ကချင်ပြည်နယ်မှာ KIO KIAနဲ့ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် ဆွေးနွေးပွဲလုပ်တဲ့အခါမှာ နိုင်ငံတော်အစိုးရအနေနဲ့ မှန်ကန်တဲ့စေတနာ၊ နားလည် စာနာတဲ့ စိတ်ထား၊ မျှော်မြင်တဲ့အသိများနဲ့ ဆွေးနွေးညှိနှိုင်းပြီး အလိုက်လျောနိုင်ဆုံး လိုက်လျောဆောင်ရွက်ခဲ့ တာလည်း အားလုံးသိကြပြီးဖြစ်ပါတယ်။ ဒီအခြေအနေတွေကိုလည်းပဲ ၁၂--၂၀၀၈ နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင်ယနေ့အခါမှာ KIO KIA အပါအဝင် နယ်စပ်ဒေသမှာရှိတဲ့ ဆန့်ကျင်နေကြသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်များ၊ အခြေခံ ဥပဒေနဲ့အညီ အသွင်ပြောင်းလဲမှုကို လက်မခံနိုင်ကြသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်များ အားလုံး အတွက် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို အစိုးရအဖွဲ့ရဲ့ ကြေညာချက် /၂၀၁၁နဲ့ ၁၈--၂၀၁၁ နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ဒီကြေညာချက်မှာပါရှိတာတွေကို ကျွန်တော်ဖတ်ပြရမယ်ဆိုရင်-

()     နိုင်ငံတော်အစိုးရဟာ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းပြီးအေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကိုတည်ဆောက်ရန်အတွက် နိုင်ငံတော်အတွင်း ရှိ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ကာ နေရာဒေသအနှံ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံး ပူးပေါင်းတည်ဆောက်သွားရန် အထူးပင်လိုအပ်သည်ဟု ယုံကြည်ပါကြောင်း။

()     လက်နက်ကိုင်ပဋိပက္ခများဖြေရှင်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်လိုသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဟာမိမိတို့တစ်ဖွဲ့ချင်းအလိုက် ပထမအဆင့်အနေဖြင့် ပဏာမဆောင်ရွက်ရန်လိုအပ်သော လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက် နိုင်ပါကြောင်း။ ဒီနံပါတ်နှစ် အချက်နဲ့ပတ်သက်လို့လည်း သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများမှာ ငြိမ်းချမ်းရေးလက်ခံဆွေးနွေးဖို့အဖွဲ့များ ဖွဲ့စည်းနေပြီဖြစ်ပါတယ်။

()     ပဏာမဆောင်ရွက်ဖွယ်ရာများ ဆောင်ရွက်ပြီးပါက နိုင်ငံတော်အစိုးရဘက်မှ ဆွေးနွေး မယ့် အဖွဲ့အစည်းများဖွဲ့စည်းပြီး သက်ဆိုင်ရာငြိမ်းချမ်းရေးဖော်ဆောင်မယ့်အဖွဲ့အစည်း နဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမှာဖြစ်ကြောင်းဖြင့် အတိအလင်း ဖော်ပြထားပါတယ်။

ဒီအပိုဒ်သုံးမှာ ဖော်ပြထားတဲ့အတိုင်း နိုင်ငံတော်အစိုးရဘက်က ဆွေးနွေးမယ့်အဖွဲ့များ ဖွဲ့စည်းတဲ့အခါမှာလည်း ဒေါ်နန်းဝါနုမေးခွန်းမှာပါသလို သင့်တော်တဲ့ တိုင်းရင်းသားများကို ထည့်သွင်းဖွဲ့စည်းပေးမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကမ်းလှမ်း လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းရေးကို ဆက်လက် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးညှိနှိုင်းတည်ဆောက်တဲ့အခါမှာတော့ ကြေညာချက် /၂၀၁၁ ပါအတိုင်း လက်ခံဆွေးနွေးညှိနှိုင်းပြီး ပထမအဆင့် ယာယီအပစ်အခတ်ရပ်စဲရေးရရှိအောင်၊ ၎င်းကမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

တကယ်တော့ ငြိမ်းချမ်းရေးတည်ဆောက်ကြတယ်ဆိုတာဟာ တစ်ဖက် တည်းက တစ်ဖက်သတ်ဆောင်ရွက်လို့ ရနိုင်တဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ နှစ်ဖက်စလုံးက အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားပြီးရိုးရိုးသားသားနဲ့ အပေးအယူ အလျှော့အတင်းများနဲ့ ဆောင်ရွက်နိုင်မှသာ ရရှိအောင်မြင်နိုင်တဲ့ လုပ်ငန်းစဉ်မျိုး ဖြစ်ပါတယ်။ မကြာခင်က ပြုလုပ်ခဲ့တဲ့ KIOKIA နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတည်ဆောက်မှုကို ကြည့်ရင်နိုင်ငံတော် အစိုးရဘက်က လိုက်လျောနိုင်သမျှ အစွမ်းကုန် လိုက်လျောဆောင်ရွက်ပေးခဲ့ပေမယ့် KIO KIA အဖွဲ့အစည်းက ၎င်းတို့လိုချင်တဲ့ အချက်များကိုချည်းတစ်ခုပြီးတစ်ခု တောင်းဆိုနေတာဖြစ်တဲ့အတွက် အခက်အခဲများဖြစ်ပြီး ကနေ့အထိ ငြိမ်းချမ်းရေး ဖော်ဆောင်မှု မအောင်မြင်သေးတာ ဖြစ်ပါတယ်။ အလားတူပါပဲ အတိတ်ကဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်များကို ကြည့်ရင်လည်း နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးစဉ် ကာလအတွင်းမှာနိုင်ငံတော်အစိုးရက စစ်ဆင်ရေးဆောင်ရွက်မှုများ ရပ်ဆိုင်းထား တာကို အခွင့် ကောင်းယူပြီး တစ်ဖက် အဖွဲ့အစည်းများက နယ်မြေတိုးချဲ့ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ လူသစ် စုဆောင်းခြင်း၊ ဆန့်ကျင်တဲ့ လှုပ်ရှားမှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ခြင်းစတဲ့မရိုးသားတဲ့ ပြုမူ ဆောင်ရွက်မှု များကို လုပ်ဆောင်ကြတာမို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားခဲ့တဲ့သာဓကများ အများအပြား ရှိခဲ့ပါတယ်။ ဒါ့အပြင် အချို့သောငြိမ်းချမ်းရေး ဆွေးနွေးတဲ့အဖွဲ့များကလည်း အမှန်တကယ်ငြိမ်းချမ်းရေးကို လိုလားလို့ ရိုးရိုး သားသားဆွေးနွေးကြတာမဟုတ်ဘဲ ၎င်းတို့ လတ်တလောရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စစ်ရေး အကြပ် အတည်းတွေကို ဖြေရှင်းနိုင်ဖို့ရာအတွက် ဟန်ဆောင်ငြိမ်းချမ်းရေး ဆွေးနွေးမှုမျိုးတွေကို လုပ်ခဲ့ကြတာမို့ ငြိမ်းချမ်းရေး မအောင်မြင်ခဲ့တဲ့ သာဓကများလည်း ကျွန်တော်တို့ အများအပြားတွေ့ရှိခဲ့ရပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်နန်းဝါနု အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးကြမယ့် တိုင်းရင်းသား အဖွဲ့များကို အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားပြီး ရိုးရိုးသားသားနဲ့ အပေးအယူ အလျှော့အတင်း များနဲ့ဆွေးနွေးနိုင်အောင် စည်းရုံးတိုက်တွန်းဆွေးနွေးဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။

အလားတူပါပဲ အဲဒီလို ငြိမ်းချမ်းရေးဆွေးနွေးကြတဲ့အခါမှာ ငြိမ်းချမ်းရေးကို အောင်မြင်အောင် မဆွေးနွေးနိုင်စေဖို့အတွက် နောက်ကွယ်ကနေ ကြိုးကိုင်ထိန်းချုပ်နေတဲ့ အခြေအနေများကိုလည်း ကိုယ်စားလှယ်ကြီးများ သိရှိနိုင်အောင် လေ့လာသုံးသပ်ပြီး အဲဒီကြိုးကိုင်ထိန်းချုပ်မှုတွေကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လွတ်မြောက်ပြီး မှန်မှန်ကန်ကန်ရိုးရိုးသားသားနဲ့ ငြိမ်းချမ်းရေး ကိုလိုလိုလားလား အောင်အောင်မြင်မြင် ဆွေးနွေးနိုင်အောင်လည်း ဆွေးနွေး၊ ထောက်ပြ၊ စည်းရုံး၊ ဆန္ဒများဖော်ထုတ်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်လို့ တိုက်တွန်းမှာကြားလိုပါတယ်။ အလားတူပါပဲ ပြည်သူများအနေနဲ့လည်း မိမိတို့ရဲ့ငြိမ်းချမ်းရေး လိုလားမှုကိုဖော်ထုတ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေနဲ့ ငြိမ်းချမ်းရေးစားပွဲကို ရောက်ရှိလာအောင် တိုက်တွန်း၊ နှိုးဆော်၊ တွန်းအားပေးဖို့ လိုအပ်ပါတယ်။ ထို့အတူပါပဲ ဆွေးနွေးကြတဲ့အခါမှာလည်းပဲ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပြီး ရိုးရိုးသားသားနဲ့ အပေးအယူအလျှော့အတင်းများနဲ့ ဆွေးနွေးနိုင်အောင် နောက်ကွယ်ကထိန်းချုပ်နေတဲ့ ထိန်းချုပ်ခံရမှုများကနေ လွတ်မြောက်အောင် ပြည်သူများကလည်း မိမိတို့ရဲ့ဆန္ဒများ၊ သဘောထားများကို ဖော်ပြပြီး တိုက်တွန်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းပြော ကြားလိုပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှန်သမျှနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်အောင် ဆွေးနွေးဆောင်ရွက် သွားမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ငြိမ်းချမ်းရေးတည်ဆောက်နိုင်အောင် ဆွေးနွေးဆောင်ရွက်တဲ့အခါမှာတော့ ၂၀၀၈ အခြေခံဥပဒေနဲ့ အညီ ဒို့တာဝန်အရေးသုံးပါးကို အာမခံနိုင်တဲ့ မူဘောင်အတွင်းကနေ လိုက်လျော့နိုင်သမျှ လိုက်လျောပြီး ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ဒါကြောင့် နိုင်ငံတော် အစိုးရအနေနဲ့ရော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများအပါအဝင် ပြည်သူများအားလုံးကပါ ငြိမ်းချမ်းရေးတည်ဆောက်နိုင်အောင် အားလုံးပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့တစ်တွေ မျှော်မှန်းထားတဲ့၊ မျှော်မှန်းနေတဲ့ငြိမ်းချမ်းရေးကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင် မည်ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။