(င)-ကလေးမြို့နယ်ရှိ အဘက်ဘက်မှ နိမ့်ကျလျက်ရှိသော မြစ်သာမြစ် အရှေ့ဘက်ကမ်းရှိကျေးရွာများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိုင်းနှင့်ပြည်နယ်မြို့တော်ကြီးများကို ခရီးအတိုဆုံးနှင့် အထိရောက်ဆုံး ချိတ်ဆက်နိုင်ပြီး ပြည်ထောင်စုလမ်းမကြီးအဖြစ်ပါ အသုံးပြုနိုင်မည့် မြစ်သာမြစ်ကူးတံတား တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကလေးမြို့နယ်သည် နေအဉ္ဇရာမြစ်၊ မဏိပူရမြစ်နှင့် မြစ်သာမြစ်တို့ပေါင်းဆုံရာ မြစ်ဝှမ်းလွင်ပြင်ဒေသ ဖြစ်ပြီး အရှေ့အနောက် ၁၂ မိုင်၊ တောင်မြောက် ၇၄ မိုင်နှင့် ၉၀၂.၆၁၆ စတုရန်းမိုင်ကျယ်ဝန်းပြီး လူဦးရေ သုံးသိန်းခြောက်သောင်းကျော် နေထိုင်လျက်ရှိပါကြောင်း၊ အနောက်ဘက်တွင် ပေ ၅၀၀၀ ကျော်မြင့်မားသည့် ချင်းတောင်တန်းများရှိပြီး အရှေ့ဘက်တွင် ပေ ၂၀၀၀ ကျော်မြင့်မားသော မြစ်သာ ရေဝေရေလဲတောင်တန်းများ ရှိပါကြောင်း၊ တောင်ဘက်နှင့်မြောက်ဘက်တွင် ချင်းတောင်တန်းနှင့် မြစ်သာမြစ် ရေဝေရေလဲတောင်တန်းများနှင့်ပိတ်ထားသော အနေအထားဖြစ်ပါကြောင်း၊ မြို့၏ တည်နေရာက တောင်ဘက်မှ မြောက်ဘက်ကိုစီးလာသော မြစ်သာမြစ်နှင့် မြောက်ဘက်မှ တောင်ဘက်ကိုစီးလာသည့် နေအဉ္ဇရာမြစ်ဆုံ၏အနောက်ဘက် နှစ်မိုင်ခန့်တွင်တည်ရှိပါကြောင်း၊ ကျေးရွာများတည်ရှိနေမှုက မြစ်နှစ်မြစ်၏ဘေးဝဲယာတွင် အများစုတည်ရှိနေပါကြောင်း၊ တမူး-ကလေး-ဂန့်ဂေါပြည်ထောင်စုလမ်းမကြီးနှင့် ကလေးဝ၊ ကလေး၊ ချင်းပြည်နယ်နှင့် ဆက်စပ်သော ပြည်ထောင်စုလမ်းမကြီးရှိပါကြောင်း၊ ကျေးရွာချင်းဆက်လမ်းများအနေဖြင့် ကျေးရွာပေါင်း ၁၅၇ ရွာရှိရာ ငါးရွာသည် နွေရာသီ ဆိုင်ကယ်လမ်းမရှိသေးပါကြောင်း၊ ၎င်းရွာများသည် မြစ်သာမြစ် အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ကလေးမြို့နယ်ကို စတင်ထူထောင်စဉ်ကတည်းက ရှိခဲ့ကြသော ရှေးရွာဟောင်းကြီးများ ဖြစ်ပါကြောင်း၊ တစ်ချိန်က မြစ်ချောင်းကိုသာ အားပြုသွားလာရတာကြောင့် မြစ်၏ဘေးဝဲယာတွင် နေထိုင်ခဲ့ကြပါကြောင်း၊ ပြည်ထောင်စုလမ်းမကြီးအပေါ်တွင် ၁၀၀ ပေအထက်ရှိ မြစ်ကူးတံတား သုံးစင်းနှင့် ကျေးရွာချင်းဆက်လမ်းပေါ်တွင် အကျယ် ၈ ပေ၊ အလျား ၈၀၀ ပေရှိ သုံးဘီးဆိုင်ကယ်သွားလာနိုင်သော ကြိုးတံတားတစ်စင်းရှိပါကြောင်း၊ ၎င်းတံတားသည် မြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများအနေဖြင့် ကလေးမြို့သို့သွားလာရာတွင် တံတား၏ တည်နေရာကြောင့် အသုံးချနိုင်မှုမှာ အကန့်အသတ်များစွာ ရှိနေသောကြောင့် လုပ်ငန်းရှင်များက နှစ်စဉ် ကူးတို့လေလံကြေး ၃၂၇ သိန်းကို စည်ပင်သာယာသို့ပေးသွင်းပြီး လုပ်ငန်းများအောင်မြင်စွာ လုပ်ကိုင်နေကြဆဲဖြစ်ပါကြောင်း၊ အဆိုပါ ကူးတို့ခဝန်ထုပ်ဝန်ပိုးကို မြစ်အရှေ့ဘက်ရွာများက ထမ်းဆောင်နေကြရပါကြောင်း၊
မြစ်ကိုအားပြုသွားလာနေရသည့်အချိန်တွင် ဖွံ့ဖြိုးခဲ့သော်လည်း ဆက်သွယ်မှုပုံစံပြောင်းလဲခဲ့သော ယခုနှစ်များတွင် ခေတ်နှင့်အညီ ပြောင်းလဲပေးနိုင်မှုအားနည်းခဲ့သောကြောင့် ဖွံ့ဖြိုးမှုနိမ့်ကျလျက် ရှိနေပါကြောင်း၊ ၎င်းအခြေအနေကို ကျော်လွှားနိုင်ရန် အချက်အချာကျသည့်နေရာတွင် မြစ်သာမြစ်ကူး တံတားတစ်စင်းတည်ဆောက်ပေးရန် အဓိကလိုအပ်ချက်ဖြစ်ကြောင်း မိမိ၏မဲဆန္ဒနယ်သူ/ နယ်သားများ၊ ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး လိုလားသဘောတူကြပါကြောင်း၊ တံတားသာ တည်ဆောက်နိုင်ခဲ့မည်ဆိုပါက အိမ်ခြေ ၃၂၈၉ ရှိ လူဦးရေ ၁၄၁၁၄ ဦးသည် မြစ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများနှင့် ကျေးရွာအချင်းချင်းဆက်သွယ်နိုင်ကြပြီး လယ်စိုက်ဧက သုံးသောင်းကျော်အတွက်ရရှိလာမည့် ကောက်ပဲသီးနှံများကိုလည်း အချိန်နှင့်တစ်ပြေးညီ ရောင်းဝယ် ဖောက်ကားနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံအနောက်ဘက်ခြမ်းတွင် အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ပါက အထိရောက်ဆုံး ထောက်ပံ့ရေးလမ်းကြောင်းတစ်ခုလည်း ရရှိလာမည်ဖြစ်ပါကြောင်း၊ ဒုတိယကမ္ဘာစစ်တွင် အင်္ဂလိပ်နှင့် ဂျပန်ပါ ၎င်းလမ်းကြောင်းကို အသုံးပြုခဲ့သည်ကို မှတ်တမ်းများအရ သိရပါကြောင်း၊ ယခုအချိန်တွင် မုံရွာ-ရွာကြီးလမ်းနှင့် ဟားခါး-ဖလမ်း-နတ်ချောင်းလမ်းများကို အခိုင်အမာဖောက်လုပ်ပြီးဖြစ်သောကြောင့် တင်ပြပါတံတားသာထိုးနိုင်ပါက မုံရွာနှင့်ဟားခါးကို တိုက်ရိုက်ချိတ်ဆက်နိုင်မည်ဖြစ်သည့်အတွက် ကျေးရွာချင်းဆက်လမ်းသာမက ပြည်ထောင်စု လမ်းမကြီးအဖြစ်ပါ အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဘက်ဘက်ကနိမ့်ကျလျက်ရှိသော မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့တော်ကြီးများကို အတိုဆုံးနှင့် အထိရောက်ဆုံး ချိတ်ဆက်နိုင်ပြီး ပြည်ထောင်စုလမ်းမကြီးအဖြစ်ပါ အသုံးပြုနိုင်မည့် မြစ်သာမြစ်ကူးတံတားထိုးပေးရန် အစီအစဉ်ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြစ်သာမြစ်ကူးတံတားသည် သာယာဝတီ-ထိုမာ-ပေါက်တောကျေးရွာများနှင့် ကလေး-ဂန့်ဂေါ လမ်းမကြီးကို ဆက်သွယ်ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက စီမံခန့်ခွဲသောလမ်းပေါ်တွင် တည်ရှိသည့်တံတားဖြစ်ပါကြောင်း၊ သာယာဝတီ-ထိုမာ-ပေါက်တောလမ်းအရှည် ၈ မိုင် ၁ ဖာလုံအနက် ၁ မိုင် ၃ ဖာလုံက ကျောက်ချောလမ်းဖြစ်ပြီး ကျန် ၂ မိုင် ၆ ဖာလုံသည် သဲကျောက်လမ်းနှင့် ၄ မိုင်သည် မိုးရာသီတွင် ရေဝင်သည့်ဧရိယာ ဖြစ်ပါကြောင်း၊ အဆိုပါတံတားကို တည်ဆောက်ပေးပါက မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာ ၁၉ ရွာ၊ အိမ်ခြေ ၃၁၅၄ အိမ်၊ လူဦးရေ ၁၄၂၀၀ ခန့်ကို အကျိုးပြုမည် ဖြစ်ပါကြောင်း၊ မြစ်သာမြစ်ကူးတံတား တည်ဆောက်မည့်လမ်းသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class A ဦးစားပေးအဆင့်(၁)တွင် ပါဝင်သည့်အတွက် တံတားတည်ဆောက်မှုနှင့်ပတ်သက်ပြီး သံကူကွန်ကရစ် ကမ်းကပ်ခုံများနှင့် ရေလည်တိုင်များ၊ သံဘောင်ဘေလီတံတား ဆောင်ရွက်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ရန်ပုံငွေထည့်သွင်းလျာထားသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
