မြန်မာနိုင်ငံအနှံ့အပြားတွင် မြို့နှင့်တစ်ဆက်တည်းရှိသော လယ်ယာမြေ၊ မြေလွတ်နှင့် မြေရိုင်းများတွင် ပိုင်ဆိုင်ထားသူများမှ မိမိတို့သဘောဖြင့် အိမ်ခြံအလွတ်များ ဖော်ထုတ်ရောင်းချခြင်း၊ မြေလွတ်၊ မြေရိုင်းများကို စက်ကြီးများနှင့်ဖြိုချကာ မြေညှိပြီး အိမ်ခြံကွက်များ ရောင်းချခြင်းများကို တွေ့ရှိနေရ သည့်အပြင် လယ်ယာမြေများပေါ်တွင် ဓာတ်ဆီဆိုင်များ၊ စားသောက်ဆိုင်များ၊ ယာဉ်ရပ်နားစခန်းများ စသဖြင့် ပုံစံမျိုးစုံဖြင့်အသုံးပြုလျက်ရှိနေပါကြောင်း၊ တောင်ကုတ်မြို့၏တစ်ဖက်ကမ်း ကမ်းခြေဘေးက လယ်ယာမြေပေါ်တွင် မြေကြီးများဖို့ထားသည့်အတွက် မြောင်းများပိတ်ဆို့ရေလျှံနေပါကြောင်း၊ အဆိုပါကိစ္စများသည် တစ်နိုင်ငံလုံးတွင်အများအပြားဖြစ်နေပါကြောင်း၊ မိမိမဲဆန္ဒနယ်တွင် မြေစာရင်းမှ တစ်ဆင့် စုံစမ်းကြည့်သည့်အခါ တောင်ဖြိုချထားသည်များမှာ မြေလွတ်၊ မြေရိုင်းများဟု သိရှိ ရပါကြောင်း၊
အထက်ဖော်ပြပါအခြေအနေများကို လေ့လာကြည့်ပါက လယ်ယာမြေအား အခြားနည်းသုံးစွဲခွင့် လျှောက်ထားခြင်း၊ ခွင့်ပြုမိန့်ရထားခြင်းရှိသူများမှာ အလွန်နည်းပါးပါကြောင်း၊ အမှန်တကယ် လူဦးရေ တိုးတက်မှုကြောင့် မြို့ကွက်ချဲ့ထွင်ရမည်ဆိုပါက Town Plan ကို စနစ်တကျရေးဆွဲပြီးမှသာ ရေရှည်တွင် စနစ်တကျမြို့ကွက်သစ်များ ပေါ်ထွက်လာမည် ဖြစ်ပါကြောင်း၊ ထိုအခါမှသာ ပြည်သူများ အနေဖြင့်လည်း လက်လှမ်းမီသောအိမ်ရာဈေးနှုန်း၊ ရေ၊ မီး၊ လမ်း၊ ရေစီးရေလာစနစ်များပါရှိသော မြို့ကွက်များတွင် အဆင်ပြေစွာ နေထိုင်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုအတိုင်းသာ ဆက်လက်လုပ်ကိုင် နေကြပါက လူနေမှုအဆင့်အတန်းမှာလည်း ဆက်လက်နိမ့်ကျနေမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်ပြီးလည်း အလားအလာမကောင်းနိုင်ပါကြောင်း၊ မီးဘေးအန္တရာယ် ကြုံကြိုက်မည်ဆိုပါက အလွန်အန္တရာယ်ရှိသည့် အနေအထားဖြစ်လာနိုင်ပါကြောင်း၊ ထို့ကြောင့် ၎င်းတို့ကိုအရေးယူ ဆောင်ရွက်ခြင်းမရှိပါက ထိုတရားမဝင်မြေကွက်များကို ဝယ်ယူမိသော ပြည်သူများမှာ ဆုံးရှုံးနစ်နာမှု များကို ရင်ဆိုင်ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှလည်း အခွန်ဘဏ္ဍာမရရှိဘဲ လူနည်းစု အတွက်သာ အကျိုးရှိနေပါကြောင်း၊
အရေးကြီးဆုံးအချက်များမှာ မိမိတို့မြန်မာနိုင်ငံတွင် မြေအမျိုးအစားသတ်မှတ်ချက်အမျိုးမျိုးရှိပြီး စီမံခန့်ခွဲခွင့်နှင့် အခွင့်အာဏာကိုလည်း ဝန်ကြီးဌာနအလိုက် သက်ဆိုင်ရာဥပဒေများဖြင့် စီမံခန့်ခွဲ ကြပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက် ရပါကြောင်း၊ လယ်ယာမြေကိုလည်း ၎င်းဌာနကသာ လယ်ယာမြေဥပဒေနှင့်အညီ စီမံခန့်ခွဲပါကြောင်း၊ မည်သည့်နေရာစီမံခန့်ခွဲမှုမဆို အမိန့်တစ်ရပ်လိုအပ်ပါကြောင်း၊ အဆိုပါ ထုတ်ပြန်ထားသော အမိန့် သည်လည်း စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ဝန်ကြီးဌာနမှထုတ်ပြန်ထားသောအမိန့်ဖြစ်ရပါမည် ဖြစ်ပါကြောင်း၊ ထုတ်ပြန်သောအမိန့်သည်လည်း ရုံးလုပ်ထုံးလုပ်နည်းနှင့်ညီညွတ်မှုရှိရမည်ဖြစ်ပြီး မြေတည်နေရာ၊ မြေမျိုး၊ အကိုးအကားဥပဒေ၊ ရည်ညွှန်း၊ အစည်းအဝေးဆုံးဖြတ်ချက် စသည်တို့သည်လည်း မှန်ကန်မှု ရှိရမည် ဖြစ်ပါကြောင်း၊ စီမံခန့်ခွဲမှုမရှိသောဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အမိန့်သည် စီမံခန့်ခွဲမှု နယ်ပယ်တွင် တရားဝင်မှုမမြောက်ပါကြောင်း၊ ထို့ကြောင့် မိမိတင်ပြသော မြေကွက်များမှာ ထိုသို့ ဥပဒေ လုပ်ထုံးလုပ်နည်း မှန်ကန်မှုမရှိသည့်အတွက် တရားမဝင်အိမ်ရာဖော်ထုတ်မှုများသာ ဖြစ်ပါ ကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများမနစ်နာစေရန် ဥပဒေနှင့်ညီညွတ်မှုမရှိသော မြေယာစီမံခန့်ခွဲမှုများကို မည်ကဲ့သို့အရေးယူမည်နည်း၊ မည်ကဲ့သို့ အရေးယူဆောင်ရွက်မှုများ ရှိနေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ယနေ့ကာလတွင် နိုင်ငံအလိုက်တိုးပွားလာသည့် လူဦးရေအတွက် နေရာထိုင်ခင်းနှင့်အခြား လိုအပ်ချက်များကြောင့် မလွှဲမသွေနေရာဖော်ထုတ်ဆောင်ရွက်သွားမှုလုပ်ငန်းများ ရှိလာပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဆိုပါကိစ္စရပ်များကိုဆောင်ရွက်ရာတွင် တိုးပွားလာသည့်လူဦးရေအတွက် နေထိုင်မှု၊ နေရာဖော်ဆောင်ပေးရမည့်ကိစ္စများအပေါ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့ပြနှင့် မြေယာဖွံ့ဖြိုးရေးဦးစီးဌာနတို့က စီမံချက်ချပြီး ဥပဒေလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်ရမှု ရှိပါကြောင်း၊ ယင်းအခြေအနေပေါ်အကြောင်းပြုပြီး ဒေသအသီးသီးတွင် လယ်ယာဥယျာဉ်ခြံမြေများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ဆန့်ကျင်စွာဖြင့် စည်းကမ်းမဲ့စွာအကွက်ဖော်ရောင်းစားသည့်ကိစ္စရပ်များ၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာမှုများကို တွေ့ကြုံရခြင်းဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံအောက်ပိုင်း မြို့နှင့်ကျေးရွာ မြေယာလက်စွဲဥပဒေတွင် မြို့မြေတိုးချဲ့ခြင်းနှင့်စပ်လျဉ်းပြီး အမိန့်ဆင့်ဆိုချက် ၃၄ နှင့် ၃၅ တို့တွင် စီမံချက်ရေးဆွဲဆောင်ရွက်ရန် နည်းလမ်းများ အတိအကျ ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသများ သို့မဟုတ် မြို့ပြဒေသများတွင် တိုးတက်လာ သော လူဦးရေနှင့် တိုးပွားလာသောအိမ်ထောင်စုများအတွက် ရွာမြေ၊ မြို့မြေများတိုးချဲ့ရန်လိုအပ်ပါက Town Plan ၊ Village Plan များကို သက်ဆိုင်ရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က လိုအပ်သည့်လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီးမှ စနစ်တကျအစီအမံများ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ၎င်းကဲ့သို့ဆောင်ရွက်ခြင်း ဖြင့်သာ သတ်မှတ်စံနှုန်းများနှင့်လျော်ညီသည့် မြို့သစ်၊ ရွာသစ်များကို ဖော်ထုတ်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊
စိုက်ပျိုးမြေများ အလျင်အမြန်လျော့နည်းလာခြင်း၊ မြေလွတ်များပျောက်ဆုံးခြင်းစသည်တို့ကို ထိန်းညှိ နိုင်ရန်အတွက် ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လယ်ယာမြေဥပဒေတွင်လည်း ယင်းအချက်နှင့် စပ်လျဉ်းပြီး ထည့်သွင်းပြဋ္ဌာန်းထားပါကြောင်း၊ ယင်းဥပဒေပုဒ်မ ၁၉ တွင် စည်းကမ်းချက်များ အားလုံးကိုဖြစ်စေ၊ စည်းကမ်းချက်တစ်ခုကိုဖြစ်စေ လိုက်နာမှုပျက်ကွက်ပါက မည်သို့အရေးယူ ဆောင်ရွက်ရမည်ကို အတိအလင်းပြဋ္ဌာန်းထားပြီးလည်း ဖြစ်ပါကြောင်း၊ တရားဝင်စိုက်ပျိုးမြေအဖြစ် တည်ရှိနေသည့် လယ်ယာမြေများအပေါ် အခြားနည်းသုံးခွင့်မရှိဘဲ လူနေအိမ်ရာကွက်များနှင့် အခြား လုပ်ငန်းများ ကျူးကျော်အသုံးပြုမှုနှင့်ပတ်သက်ပြီး ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ ၁၂ တွင် လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရဟု အတိအလင်းပြဋ္ဌာန်းထားသည့် အလျောက် လယ်ယာမြေများအပေါ် အခြားနည်းအသုံးပြုမှုကို ဝန်ကြီးဌာနက ခန့်အပ်ရသော လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က စစ်ဆေးပြီး အခြားနည်းကိုခွင့်ပြုချက်မရဘဲ သုံးပါက ပြစ်ဒဏ် ချမှတ်ဖွယ် ရှိပါကြောင်း၊ ပြစ်ဒဏ်ချမှတ်မှုအနေဖြင့် သတ်မှတ်ထားသောဒဏ်ကြေးငွေပေးခြင်း၊ သတ်မှတ်ထားသောနည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊ လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သည်ကို နှင်ထုတ်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ ဆောက်ထားသော အဆောက်အဦများကို ဖယ်ရှားခြင်းစသည့် ပြစ်ဒဏ်များအနက် တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပိုသော ပြစ်ဒဏ်ဖြစ်စေ ချမှတ်ပြီး ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ ထို့ကြောင့် ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက် သွားနိုင်ရန်နှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာမြေပေါ်တွင် အခြားနည်းအသုံးပြုခွင့်လျှောက်ထားခြင်းမပြုဘဲ လူနေအိမ်ရာကွက်များနှင့် အခြားလုပ်ငန်းများ ဆောင်ရွက်စေခြင်းမရှိစေရန်အတွက် မိမိတို့ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးများတွင် လည်း ဖြစ်ပေါ်လာနေသောကိစ္စများအလိုက် ထည့်သွင်းဆွေးနွေးပြီး စီမံခန့်ခွဲအရေးယူ ဆောင်ရွက်ရမှုများလည်း ရှိနေပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း မိမိတို့ ဒေသအလိုက် စီမံခန့်ခွဲမှုအဖွဲ့များအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်ထားမှုရှိသည့်အလျောက် ယခုကဲ့သို့ ကိစ္စရပ်များတွင် အနီးကပ်ဆက်စပ်စီမံမှုနှင့် ကြီးကြပ်မှုအားကောင်းကောင်းဖြင့် ဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေ ဖြစ်ပါကြောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့်လည်း ကျူးလွန် ဆောင်ရွက်မှုများအပေါ် တားမြစ်မှု၊ အရေးယူမှုများကို ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်ရန် အတွက် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ များသို့လည်း အကြောင်းကြားကြပ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊
ခွင့်ပြုမိန့်မရှိသော လယ်ယာမြေပေါ်တွင် အိမ်ခြံကွက်ဖော်ထုတ်နေမှုနှင့် အနှစ်သာရတူညီသော လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများပေါ်တွင် စည်းကမ်းမဲ့ဆောင်ရွက်မှုမရှိစေရန် ထိရောက်စွာ ထိန်းညှိပေးနေသော အစီအမံတစ်ရပ် အလျင်အမြန်ရေးဆွဲအကောင်အထည်ဖော်ပေးရန် အဆို တစ်ရပ်ကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ်အမှတ်(၈) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက တင်သွင်းခဲ့သောအဆိုကို ၂၉-၈-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၁၃) ရက်မြောက်နေ့အစည်းအဝေးတွင် အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါအတည်ပြုသောအဆိုကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ မိမိတို့အကောင်အထည်ဖော်နိုင်ရန်အတွက် မြေအမျိုးအစားအလိုက် စီမံ ခန့်ခွဲဆောင်ရွက်ရသော ပြည်ထဲရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့များနှင့်ပေါင်းစပ်ညှိနှိုင်းပြီး အစီအမံ တစ်ခု ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မေးခွန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာစီမံခန့်ခွဲမှုပြုရသည့်အလျောက် အခြားနည်းကိုခွင့်ပြုချက်မရရှိဘဲ သုံးစွဲသည့်ကိစ္စရပ်များ တွင် မိမိတို့၏လယ်ယာမြေစီမံခန့်ခွဲမှုအဆင့်ဆင့်တို့က ထိရောက်စွာတားမြစ်အရေးယူရေးကို ကြီးကြပ် ညွှန်ကြားဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စည်းကမ်းမဲ့ဆောင်ရွက်မှုမပြုစေရန်အတွက် ထိန်းညှိပေး နိုင်မည့် အစီအမံတစ်ခုကိုလည်း သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းပြီး ချမှတ်အကောင် အထည်ဖော်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်နီနီမေမြင့်(တောင်ကုတ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
လူဦးရေတိုးပွားလာသည့်အပေါ် စနစ်တကျဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် အထူး လိုအပ်ပါကြောင်း၊ အဆိုပါကိစ္စများ မိမိမဲဆန္ဒနယ်ပြန်သည့်အခါတိုင်း သက်ဆိုင်ရာဌာနများကို မေးသည့်အခါတိုင်း ၎င်းတို့က တားပါကြောင်း၊ တားထားသည့်ကြားထဲက ယခုကဲ့သို့ဖြစ်သွားတာပါဟု ဖြေပါကြောင်း၊ ထို့ကြောင့် မည်ကဲ့သို့ပုံစံမျိုးဖြင့် တားသနည်း၊ ယနေ့အထိဖြစ်နေဆဲ ဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူများနှင့် ဌာနဆိုင်ရာကြားတွင် ပေါင်းစပ်ညှိနှိုင်း ပေးပါကြောင်း၊ ပြည်သူများတိုင်ကြားလာသည့်အပေါ် မိမိတို့က ဌာနဆိုင်ရာလုပ်ရမည့်အလုပ်ကို ဝင်လုပ်၍မရပါကြောင်း၊ ထိုအခါ မလိုလားအပ်သည့်ကိစ္စများ ဖြစ်လာပါကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများက တာဝန်အရ၊ ဥပဒေအရမလုပ်ခြင်းကို ဥပဒေအသက်ကိုမဝင်စေရန် လုပ်နေ သူများကို မည်ကဲ့သို့အရေးယူမှုများ ပြုလုပ်သွားမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အကယ်၍ မိမိတို့၎င်းကိစ္စအပေါ် ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်ရန်အတွက် အားနည်းချက်ရှိ၍ သော်လည်းကောင်း၊ ဆောင်ရွက်ခြင်းမရှိသော်လည်းကောင်း ဖြစ်ပေါ်လာပါက မိမိတို့ဝန်ကြီးဌာနကို တိုက်ရိုက်တိုင်ကြားဆောင်ရွက်ပေးပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
