ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် အင်းကြီးကတ္တရာလမ်းခွဲမှ ပါယ်ကင်း-သဖန်းပင်-ကျောက်တောသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းသည် ဒေသခံမိဘပြည်သူများမှ ဘိုးစဉ်ဘောင်ဆက် ကိုယ့်အားကိုယ်ကိုးဖောက်လုပ်ထားသော လမ်းဖြစ်ပါကြောင်း၊ သို့သော် ၎င်းလမ်းသည် မိုးရာသီရောက်ရှိပါက မြို့နယ်နှင့်အဆက်အသွယ် ပြတ်သည်အထိ သွားလာရသည့် အခြေအနေဆိုးရွားပါကြောင်း၊ ရွာငံဒေသသည် မိုးများသည့် ဒေသဖြစ်သည့်အတွက် အင်းကြီး-ပါယ်ကင်း-သဖန်းပင်-ကျောက်တောမှ မိဘပြည်သူများအနေဖြင့် ဆရာတော်ဘုရား၏ ဦးဆောင်မှုနှင့် အလှူငွေ၊ လုပ်အားတို့ဖြင့် နှစ်စဉ် လမ်းပြုပြင်နေရ သောကြောင့် ဒေသခံပြည်သူများအတွက်လည်း အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊
အင်ကြီးကတ္တရာလမ်းခွဲမှ ပါယ်ကင်း-သဖန်းပင်-ကျောက်တောလမ်းကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးပါက အင်းကြီးကျေးရွာမှ အိမ်ထောင်စု ၂၁၅ စု၊ လူဦးရေ ၁၂၅၀ ဦး၊ ပါယ်ကင်းကျေးရွာမှ အိမ်ထောင်စု ၁၄၀ စု၊ လူဦးရေ ၇၀၀ ဦး၊ သဖန်းပင်ကျေးရွာမှ အိမ်ထောင်စု ၈၀ စု၊ လူဦးရေ ၄၀၀ ဦး၊ ကျောက်တောကျေးရွာမှ အိမ်ထောင်စု ၁၂၉ စု၊ လူဦးရေ ၅၄၈ ဦးနှင့် ပါယ်ကင်း-သဖန်းပင်ကျေးရွာမှ ကျောင်းသား ၅၀ ဦး စုစုပေါင်း လူဦးရေ ၂၉၀၀ ခန့်တို့၏ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအခက်အခဲများကို ပြေလည်စေမည်ဖြစ်ပါကြောင်း၊
အဆိုပါလမ်း၏ ပေအရှည်သည် အင်းကြီးကျေးရွာ၊ အင်းကြီးကျေးရွာကတ္တရာလမ်းခွဲမှ ပါယ်ကင်းကျေးရွာ စာသင်ကျောင်းအထိ မိုင်အားဖြင့် ၄ မိုင် ၁ ဖာလုံ၊ ရေကျော် ၃၈ ခု၊ တံတားငယ် ၃ စင်း ပါဝင်ပါကြောင်း၊ ဒေသခံမိဘပြည်သူများက လမ်းအဆင့်မြှင့်တင်ပေးရန် တင်ပြကြပြီး လိုအပ်သောလမ်းအကျယ်ကို ဆရာတော်ဘုရား၏ဦးဆောင်မှုနှင့် ဒေသခံ ခြံရှင်များ၊ မိဘ ပြည်သူများ ပေါင်းစပ်ညှိနှိုင်းပြီး ပေးလှူဖြစ်ကြောင်းကို သဘောတူညီမှုလည်း ရရှိပြီးဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ရွာငံမြို့နယ် အင်းကြီးကတ္တရာလမ်းခွဲမှ ပါယ်ကင်း-သဖန်းပင်-ကျောက်တောသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းအဖြစ် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ အဆင့်မြှင့်တင်ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ အင်းကြီး-ပါယ်ကင်း-သဖန်းပင်-ကျောက်တော ကျေးရွာချင်းဆက်လမ်းသည် ၆ မိုင်ရှည်လျားပြီး ဒေသခံ များမှ ကိုယ်ထူကိုယ်ထဖောက်လုပ်ထားသည့် တစ်ကြောင်းထိုး မြေလမ်းဖြစ်ပါကြောင်း၊ လမ်း အကျယ် ၂၀ ပေခန့်နှင့် အကျဉ်းဆုံးနေရာသည် ၁၂ ပေခန့်ရှိပါကြောင်း၊ အဆိုပါမြေလမ်းကို ကျောက်ခင်းလမ်း ဆောင်ရွက်နိုင်ရန် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ရှမ်းပြည်နယ် အစိုးရအဖွဲ့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဒုတိယ ၁၂ လ ပြည်နယ်အစိုးရရန်ပုံငွေတွင် အဆိုပြု တင်ပြထားသော်လည်း ဦးစားပေးအစီအစဉ်အရ ပါဝင်ခြင်းမရှိသေးကြောင်းနှင့် ၎င်းလမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရန် သတ်မှတ်လမ်းအကျယ်ရရှိအောင် ဦးစွာ ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်းကို စိစစ်သိရှိရပါကြောင်း၊
နယ်စပ်ရေးရာဝန်ကြီးဌာန၏ မူဝါဒသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေယာ ကိစ္စများအတွက် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က တာဝန်ခံရှင်းလင်းဆောင်ရွက်ပြီးမှသာ လုပ်ငန်းများ ရန်ပုံငွေခွင့်ပြုချက်ရရှိရေး ဆက်လက်ဆောင် ရွက်ပေးနိုင်မည် ဖြစ်ပါသောကြောင့် အင်းကြီး-ပယ်ကင်း-သဖန်းပင်-ကျောက်တော ကျေးရွာချင်း ဆက်မြေလမ်းကို ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရေးကိစ္စနှင့်စပ်လျဉ်းပြီး သတ်မှတ်လမ်း အကျယ် အနည်းဆုံး ၂၆ ပေခန့်ရှိမှသာ လမ်းများဆောင်ရွက်ပေးနိုင်မည်ဖြစ်သဖြင့် အဆိုပါလမ်းများကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က အသေးစိတ် ကွင်းဆင်းလေ့လာ စိစစ်၍ မြေယာကိစ္စများပြီးပြတ်အောင်၊ သတ်မှတ်လမ်းအကျယ်ရရှိအောင် ဆောင်ရွက်ပြီးဖြစ် ကြောင်း ဒေသဦးစီးအဖွဲ့က တင်ပြလာမည်ဆိုပါက နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက် ပေးပါမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
