(င)-ရပ်စောက်-နောင်ချိုကားလမ်းမှ သာစည်-နောင်ရမ်း-နောင်လုံမြေသားလမ်းနှင့် နောင်လုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာချင်း ဆက်သွယ်ထားသောလမ်းပိုင်းများနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၉.၁၂. ၂၀၁၈)

 

ရပ်စောက်-နောင်ချိုကားလမ်းမှ သာစည်-နောင်ရမ်း-နောင်လုံမြေသားလမ်း ၁၅ မိုင် ၃ ဖာလုံကို ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် နောင်လုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာချင်း ဆက်သွယ်သွားလာရသောလမ်းပိုင်းများကို မြေသားအမာခံလမ်းများအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ နောင်လုံကျေးရွာအုပ်စုတွင် နောင်လုံ၊ ကုန်းညောင်၊ နောင်ရမ်း၊ ပင်ပိန်၊ ပန်ဟိုင်း၊ သာစည်၊ ကုန်းဆာ၊ ညောင်ပင်သာ၊ ခဲချဉ် စသည့်ကျေးရွာပေါင်း ကိုးရွာတွင် ဓနုတိုင်းရင်းသားကျေးရွာများ၊ ရှမ်းတိုင်းရင်းသားကျေးရွာများ၊ ပလောင်တိုင်းရင်းသား ကျေးရွာများ ရှိပြီး အိမ်ခြေအိမ်ထောင်စု ၁၃၂၃ စု၊ လူဦးရေ ၆၃၁၈ ဦး နေထိုင်လျက်ရှိပါကြောင်း၊ ၎င်းကျေးရွာအချင်းချင်း ဆက်သွယ်သွားလာ၍ ဒေသထွက်စိုက်ပျိုးသီးနှံကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်ရောင်းချရာတွင် အသုံးပြုသောမြေသားလမ်းများကို ကျေးရွာရပ်မိရပ်ဖပြည်သူများက ကိုယ့်အားကိုယ်ကိုးဖောက်လုပ် ဆောင်ရွက်ခဲ့သော်လည်း မိုးတွင်းကာလများတွင် သွားလာရန် ခက်ခဲသည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝများ နောက်ကျ နှေးကွေးလျက်ရှိ ပါကြောင်း၊ ၎င်းအုပ်စုအတွင်းရှိ ကျေးရွာများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကျေးရွာအချင်းချင်း ဆက်သွယ်သွားလာနိုင်မည့် အမာခံမြေသားလမ်းများကို ရွာစဉ်အလိုက် ဖောက်လုပ်ဆောင်ရွက်ပေးရန်လည်း လိုအပ်လျက်ရှိပါကြောင်း၊

နောင်လုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ အဓိကဆက်သွယ်သွားလာရသည့် ရပ်စောက်-နောင်ချိုကားလမ်းမှ သာစည်ကျေးရွာသို့ ၆ မိုင် ၅ ဖာလုံ၊ သာစည်ကျေးရွာမှ နောင်ရမ်းကျေးရွာသို့ ၄ မိုင် ၄ ဖာလုံ၊ နောင်ရမ်းကျေးရွာမှ နောင်လုံကျေးရွာသို့ ၄ မိုင် ၅ ဖာလုံ စုစုပေါင်း ရပ်စောက်-နောင်ချိုကားလမ်းဆုံမှ နောင်လုံကျေးရွာအထိ မြေသားလမ်း ၁၅ မိုင် ၃ ဖာလုံကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးမည်ဆိုပါက ရာသီမရွေးသွားလာနိုင်ပြီး ပညာရေး၊ ကျန်းမာရေး စသည့်ကိစ္စရပ်များအပြင် ဒေသ၏လူမှုစီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ရပ်စောက်မြို့နယ်၊ နောင်လုံကျေးရွာအုပ်စု ရပ်စောက်-နောင်ချိုကားလမ်းမှ သာစည်-နောင်ရမ်း-နောင်လုံ မြေသားလမ်း ၁၅ မိုင် ၃ ဖာလုံကို ကျောက်ချောလမ်းအဖြစ် ဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိနှင့် နောင်လုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအချင်းချင်း ဆက်သွယ်သွားလာရသောလမ်းပိုင်းများကို မြေသားအမာခံလမ်းများအဖြစ် နှစ်အလိုက် စီမံချက်များ လျာထားချမှတ်ကာ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိတို့ကို သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပထမပိုင်းမေးခွန်းသည် ရပ်စောက်-နောင်ချို ကားလမ်းမှ သာစည်-နောင်ရမ်း-နောင်လုံ လမ်း ကြောင်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းကြောင်းသည် ရပ်စောက်-နောင်ချိုကားလမ်းမှ သာစည် ကျေးရွာ အထိကို (၇/၇)မိုင်နှင့် သာစည်-နောင်ရမ်း(၄/၄)မိုင်၊ နောင်ရမ်းကျေးရွာမှ နောင်လုံရွာ(၄/၄)မိုင် စုစုပေါင်း(၁၆/၇)မိုင် ရှည်လျားပါကြောင်း၊ လမ်းပိုင်းများ၏ ပျမ်းမျှအကျယ်သည် ၁၀ ပေခန့်သာ ရှိသဖြင့် သတ်မှတ်လမ်းအကျယ်ရရှိအောင် မြေဖြတ်လမ်းချဲ့ခြင်း လုပ်ငန်းကို ဦးစွာဆောင်ရွက်ရ မည်ဖြစ်သည့်အပြင် အဆိုပါ လမ်းပိုင်း၏ (၁၆/၇)မိုင်ပေါ်တွင် ၂၅ ပေနှင့် ၃၀ ပေ ကွန်ကရစ် တံတားနှစ်စင်း၊ Box Culvert ၁၃ စင်းကိုလည်း ထည့်သွင်းဆောင်ရွက်ရန်လိုအပ်သည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊

ဒုတိယမေးခွန်းနှင့်စပ်လျဉ်းပြီး နောင်လုံကျေးရွာအုပ်စုအတွင်းရှိ နောင်လုံ-ညောင်ပင်သာသည် လမ်းအရှည် (၅)မိုင် ရှိပါကြောင်း၊ ညောင်ပင်သာ-ကုန်းညောင်(၃/၂)မိုင် ရှိပါကြောင်း၊ ကုန်းညောင်-ပင်ပိန်(၂)မိုင်ရှိပြီး ပင်ပိန်-သာစည်(၄/၆)မိုင်သည် စုစုပေါင်း(၁၅)မိုင် ရှိပါကြောင်း၊ လမ်းပိုင်းများအနေဖြင့် ပျမ်းမျှလမ်းအကျယ်သည် ၁၀ ပေခန့်သာရှိသဖြင့် သတ်မှတ်လမ်း အကျယ်ရှိသည့် မြေလမ်းများအဖြစ် ဦးစွာဆောင်ရွက်ပြီးမှသာ ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း၊

ရပ်စောက်မြို့နယ်၊ နောင်လုံကျေးရွာအုပ်စု၊ ရပ်စောက်-နောင်ချိုကားလမ်းမှ သာစည်-နောင်ရမ်း-နောင်လုံလမ်းပိုင်း(၁၆/၇)မိုင်နှင့် နောင်လုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ အချင်းချင်း ဆက်သွယ်သည့်လမ်းပိုင်း (၁၅)မိုင် စုစုပေါင်းလမ်းကို (၃၁/၇)မိုင်ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ အဆိုပါလမ်းများကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးမည် ဆိုပါက နောင်လုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာကိုးရွာ၊ အိမ်ခြေ ၁၅၉၃ အိမ်နှင့် လူဦးရေ ၇၁၅၁ ဦး တို့၏ လူမှုစီးပွားဘဝတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ကိုလည်း စစ်ဆေးတွေ့ရှိရ ပါကြောင်း၊ မေးမြန်းချက်တွင်ပါဝင်သော လမ်းများကို မြေသားလမ်းချဲ့ခြင်း၊ ကျောက်ချော လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရေးနှင့်စပ်လျဉ်းပြီး ဒေသအတွက် အမှန်တကယ်လိုအပ်မှုရှိကြောင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ခံတင်ပြလာမည်ဆိုပါက  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ပြည်နယ် ရန်ပုံငွေများတွင် ဦးစားပေးဆောင်ရွက်မည့် အစီအစဉ်အဖြစ် အပိုင်းလိုက် အဆိုပြုလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။