ကျောက်စုကျေးရွာသည် နှစ်စဉ်နှင့်အမျှ ရေရှားပါးမှုပြဿနာနှင့် ရင်ဆိုင် ကြုံတွေ့နေရပြီး အထူးသဖြင့် ဆောင်းနှင့်နွေရာသီများတွင် ရေလုံးဝမရရှိပါကြောင်း၊ ယခုအခါ ပွင့်လင်းရာသီ ရောက်သည်နှင့် ရေပြဿနာကို စတင်ရင်ဆိုင်ကြုံတွေ့နေရပါပြီဖြစ်ပါကြောင်း၊
ယနေ့ နိုင်ငံတော်အနေဖြင့် ရေရှားပါးသောဒေသများမှာ ရေရရှိရေးအတွက် မြေအောက်တွင် ရေ ရှိ/မရှိ စမ်းသပ်တိုင်းတာသောကိရိယာများဖြင့် တိုင်းတာကာ အဝီစိတွင်းများကို စက်ယန္တရား များဖြင့် တူးဖော်နေသည်ကို အားရဝမ်းသာမြင်တွေ့နေရပါသော်လည်း ရေအနည်းငယ်သာရှိခြင်း၊ ရေလုံးဝမထွက်ရှိခြင်း စသည့်ပြဿနာများနှင့် ကြုံတွေ့နေရသည် သာမက တိုင်းပြည်၏ ဘဏ္ဍာငွေများကို ဖြုန်းတီးဘိသကဲ့သို့ ဝမ်းနည်းဖွယ်ရာမြင်တွေ့နေရပါကြောင်းနှင့် သဘာဝရေအရင်းအမြစ် မည်သို့မည်ပုံထိန်းသိမ်းရမည်၊ ကာကွယ်ရမည်၊ စောင့်ရှောက်ရမည် ဆိုသည့် အချက်ကို မေ့လျော့နေသည်ဟု ထင်မြင်ယူဆမိပါကြောင်း၊ ထို့ကြောင့် သဘာဝရေ သယံဇာတကို ထိန်းသိမ်းမည့့််နည်းလမ်းသာမကဘဲ ရေသယံဇာတကို မည်ကဲ့သို့အသုံးပြုမည့် နည်းလမ်းကို ထည့်သွင်းစဉ်းစားပေးစေလိုပါကြောင်း၊
ရေဆိုသည်မှာ မြင့်ရာမှနိမ့်ရာသို့ စီးဆင်းသည့်သဘောရှိသော်ငြားလည်း ယနေ့ နည်းပညာ တိုးတက်နေသည့် ခေတ်ကြီးတွင် နိမ့်ရာမှမြင့်ရာသို့ ပေးပို့နိုင်မည့် နည်းလမ်းကောင်း ရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း စီးဆင်းနေသောမြစ်၊ ချောင်းများသည် ရေရှားပါးသောအရပ်ဒေသများကို ရေကွန်ရက်သဖွယ် ပိုက်လိုင်းများဖြင့် ဆက်သွယ် သွယ်တန်းပေးစေလိုပါကြောင်း၊
ယခင် မြန်မာနိုင်ငံ၏လူဦးရေသည် မြန်မာနိုင်ငံရှိတွင်း ရေစိမ့်စမ်းရေနှင့် လုံလောက်မှု ရှိသော်ငြားလည်း လူဦးရေထူထပ်ပေါများလာသည့် ယခုအချိန်တွင် ရေမလုံလောက် သည့်ပြဿနာကို စတင်ရင်ဆိုင်ကြုံတွေ့နေရသည့်အပြင် အနာဂတ်ကာလတွင် ယခင်ထက်ပိုမို၍ အခက်အခဲ ကြုံတွေ့လာရဖွယ်ရှိပါသောကြောင့် ကြိုတင်ပြင်ဆင်မှုများကို မဖြစ်မနေဆောင်ရွက် ရန် လိုအပ်လျက်ရှိကြောင်း၊ ပထဝီအနေအထားအရ ဖြစ်တည်နေသော ရေရှားပါးသော ဒေသ များတွင် နေထိုင်ကြသော ပြည်သူများ၏ ဘဝအခက်အခဲကို ကိုယ်ချင်းစာတရားရှေ့ထားပြီး ရေကိုရေလိုသုံးစွဲနိုင်ရန်အတွက်လည်း ရေတိုရေရှည်စီမံကိန်း ချမှတ်သင့်ပါကြောင်း၊
ကျောက်စုကျေးရွာတွင် ရေရရှိအောင် နှစ်စဉ်နှစ်တိုင်း စမ်းသပ်မှုများပြုလုပ်သော်လည်း ယနေ့အထိ ရေကို မရရှိသေးကြောင်း၊ ထိုသို့ ဘဏ္ဍာငွေများ အကုန်အကျခံပြီး စမ်းသပ်နေမည့် အစား သေချာမြင်တွေ့နိုင်သည့် မြစ်ရေတင်စနစ်ကိုသာ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ထို့ကြောင့် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ မယ်ဆည်နန်ကျေးရွာအုပ်စုရှိ ကျောက်စုကျေးရွာ၌ မြစ်ရေတင်စနစ်ဖြင့် ရာသီမရွေး သောက်သုံးရေရရှိစေရန် အစီအစဉ်ရှိ/မရှိကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
မယ်စဲ့မြို့နယ်၊ မယ်ဆည်နန်ကျေးရွာအုပ်စု၊ ကျောက်စုကျေးရွာသည် အိမ်ခြေ ၁၄၄ နှင့် လူဦးရေ ၆၈၂ ဦးရှိပါကြောင်း၊ ကျောက်စုကျေးရွာ သောက်သုံးရေရရှိရေးအတွက်လည်း ယခင်ဆောင်ရွက်ခဲ့ သည့် အခြေအနေများကို တင်ပြရမည်ဆိုပါက ၁၉၉၈-၁၉၉၉ ဘဏ္ဍာရေးနှစ်တွင် စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်းကို UNICEF ကလည်းကောင်း၊ အုတ်ရေကန်နှင့် ရေပိုက်လိုင်း အစားထိုးပြုပြင်ခြင်းလုပ်ငန်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် လည်းကောင်း၊ ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် စိမ့်စမ်းရေခမ်းခြောက် သဖြင့် ရေရရှိနိုင်ခြင်းမရှိသည်ကို သိရှိရပါကြောင်း၊
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ပန်မခေ ချောင်းကနေ စက်ရေတင်စနစ်ဖြင့်(၃/၄)မိုင် ရေသွယ်တန်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ရာတွင် လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေပိုက်လိုင်း များ၊ အင်ဂျင်စက်များ ရေမျောပျက်စီးခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီး ဌာနက ရန်ပုံငွေကျပ် ၂၃ သန်းဖြင့် ကျောက်စုကျေးရွာ သောက်သုံးရေအတွက် အဝီစိတွင်းနက် တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး ၎င်းအဝီစိတွင်းမှ တစ်နှစ်ပတ်လုံးရေရရှိပါက နွေရာသီသောက်သုံးရေအတွက် အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ မယ်ဆည်နန်ကျေးရွာအုပ်စု၊ ကျောက်စုကျေးရွာအတွက် မြစ်ရေတင်စနစ်ဖြင့် သောက်သုံးရေရရှိရေးဆောင်ရွက်မည်ဆိုပါက မြေမျက်နှာပြင်ပြေပြစ်သည် ဖားဆောင်းမြို့နယ်၊ ကျောက်ပဲညိုကျေးရွာအနီး မြေနိမ့်ပိုင်းရှိ သံလွင်မြစ်ရေကို အမြင့်ပိုင်းတွင် တည်ရှိနေသော ကျောက်ပဲညိုကျေးရွာကို မော်တာ/အင်ဂျင်/ပန့်စက် အဆင့်ဆင့်ဖြင့် တွန်းတင် သည့် စက်ရေတင်စနစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး ၁၀မိုင်ခန့် ကွာဝေးသည်ကိုလည်း သိရှိရပါ ကြောင်း၊ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ မယ်ဆည်နန်ကျေးရွာအုပ်စု၊ ကျောက်စုကျေးရွာ သောက်သုံးရေရရှိရေး မြစ်ရေတင်စနစ်ဖြင့် ဆောင်ရွက်ခြင်းလုပ်ငန်းကို ကယားပြည်နယ် အစိုးရအဖွဲ့က ကွင်းဆင်းပြီး ဖြစ်နိုင်ချေလေ့လာဆန်းစစ်၍ နည်းပညာ၊ ခန့်မှန်းကုန်ကျ စရိတ်နှင့် တကွ ရန်ပုံငွေ စိစစ်တင်ပြလာမည်ဆိုပါက ပြည်ထောင်စု သို့မဟုတ် ပြည်နယ်၏ နယ်စပ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ငါးနှစ်စီမံကိန်းတွင် ဦးစားပေးဆောင်ရွက်မည့်အစီအစဉ်အရ ထည့်သွင်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
