ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၉.၁၂. ၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၉၉ )ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

(က)   ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း

(၁)    ဒေါက်တာဦးစောနိုင်၊ တောင်ဥက္ကလာပမဲဆန္ဒနယ်က မေးမြန်းသော တောင်ဥက္ကလာပ မြို့နယ်၊ (၄)ရပ်ကွက်၊ ဗြဟ္မစိုရ်လမ်းပေါ်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနရုံး အဆောက်အဦသည် အလွန်ဟောင်းနွမ်းပျက်စီးနေပါသဖြင့် အသစ်ပြန်လည် တည်ဆောက်ပေးရန်နှင့် သက်ဆိုင်ရာဌာနအနေဖြင့် မည်သို့စီစဉ် ထားသည်တို့ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိဝန်ကြီးဌာနအနေဖြင့် ဟောင်းနွမ်းပျက်စီးနေသောရုံးများ၊ ဌာနပိုင်ရုံးများနှင့် ဝန်ထမ်းအိမ်ရာများအား ရန်ပုံငွေလျာထားခွင့်ပြုချက်ရရှိပါက ဦးစားပေး အစီအစဉ် အလိုက် ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၂)    ဦးအောင်သောင်းရွှေ၊ ဘူးသီးတောင်မဲဆန္ဒနယ်က မေးမြန်းသော ရခိုင်ပြည်နယ်တွင် ဘင်္ဂလီလူမျိုးများ ကမန်လူမျိုးအမည်ခံကာ မြန်မာနိုင်ငံသား စိစစ်ရေးကတ်ထုတ် ပေးနေခြင်းကို ပြန်လည်စိစစ်ပေးရန်နှင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီး ဌာန၏ (၂၅-၁-၂၀၁၇)ရက်စွဲပါ စာအမှတ် ၁၀၂/မ-၆(နငသ-၄)၀၅၈၄/အမတအရ နောက်ကြောင်းပြန် စိစစ်ခြင်းမပြု(မပြု)ရန် အမိန့်ညွှန်ကြားစာအား ရုပ်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဝန်ကြီးဌာနမှ ပြန်လည်စိစစ်ရန် အစီအစဉ်ရှိပါကြောင်းနှင့် စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေးလုပ်ငန်းမှာ အများ ပြည်သူအား လွယ်ကူလျင်မြန်ထိရောက်အောင် ဆောင်ရွက်ပေးနိုင်ဖို့ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆန့်ကျင်ခြင်းမပြုဘဲ အကောင်အထည်ဖော် ဆောင်ရွက် ရမည့်နည်းလမ်းအဖြစ် ထုတ်ပြန်ထားခြင်းဖြစ်သည့်အတွက် အဆိုပါညွှန်ကြားလွှာ ကို ပြန်လည်ရုပ်သိမ်းရန် အစီအစဉ်မရှိပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

(၃)    ဦးသန်းလင်းလင်း၊ မယ်စဲမဲဆန္ဒနယ်က မေးမြန်းသော မယ်စဲမြို့နယ်၊ မယ်ဆည်နန် ကျေးရွာအုပ်စုရှိ ကျောက်စုကျေးရွာ၌ မြစ်ရေတင်စနစ်ဖြင့် ရာသီမရွေး သောက်သုံးရေ ရရှိရန် အစီအစဉ် ရှိ၊ ရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ကယားပြည်နယ်အစိုးရအဖွဲ့က ကွင်း ဆင်းပြီး ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်၍ နည်းပညာ၊ ခန့်မှန်းကုန်ကျစရိတ်နှင့် တကွ ရန်ပုံငွေစိစစ်တင်ပြလာပါက ပြည်ထောင်စု သို့မဟုတ် ပြည်နယ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ(၅)နှစ်စီမံကိန်းတွင် ဦးစားပေးဆောင်ရွက်မည့် အစီအစဉ်အရ ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။

(၄)  ဦးဝမ်းလှ၊ နန်ယွန်းမဲဆန္ဒနယ်က မေးမြန်းသော နန်းယွန်းမြို့နယ်၊ နန်းယွန်း-ပန်ဆောင်ကြား နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဆိုင်သော လမ်းအပိုင်းမှ မြေသား လမ်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျောက်ချောလမ်းအဆင့် တိုးမြှင့်ဆောင် ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်သက်ဆိုင်သည့်  လမ်းအပိုင်းတွင် ကျောက်လမ်းခင်းရန် (၇)မိုင် ကျန်ရှိပါကြောင်းနှင့် ၎င်း(၇)မိုင် အနက် ကျောက်လမ်း(၆)မိုင်ကို ဆောင်ရွက်ရန် စတုတ္ထအကြိမ်အိန္ဒိယအထောက် အပံ့တွင် လျာထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၅)    ဦးခင်မောင်မြင့်၊ ရပ်စောက်မဲဆန္ဒနယ်က မေးမြန်းသော  ရပ်စောက်-နောင်ချိုကား လမ်းမှ သာစည်-နောင်ရမ်း-နောင်လုံ မြေသားလမ်း (၁၅)မိုင် (၃)ဖာလုံကို ကျောချော လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် နောင်လုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာချင်းဆက်သွယ်သွားလာရသော လမ်းပိုင်းများကို မြေသားအမာခံလမ်းများ အဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဒေသအတွက် အမှန်တကယ် လိုအပ်မှုရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ခံတင်ပြလာပါက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစတင်၍ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေ တွင် ဦးစားပေးဆောင်ရွက်မည့် အစီအစဉ်ဖြင့် အပိုင်းလိုက် အဆိုပြုလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၆)    ဦးလာမာလေး၊ ဆော့လော်မဲဆန္ဒနယ်က မေးမြန်းသော ချီဖွေ-ပန်ဝါလမ်း(၄)မိုင် စခန်းမှ တောင်သုံးလုံး/မဲ့လိမ်ကော့စုစည်း-လန်းယန်လမ်းပိုင်း မိုင်(၂၀)ခန့်အား အများပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအဆင်ပြေချောမွေ့စွာ ရာသီမရွေး သွားလာနိုင်သော ကျောက်ချောလမ်း အဆင့်ပြုပြင်ဆောင်ရွက်ပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်က ကချင်ပြည်နယ်အစိုးရအဖွဲ့မှ နယ်စပ်ဒေသဖွံ့ဖြိုးရေး(၅)နှစ်စီမံကိန်း လျာထားချက်တွင် တင်ပြလာပါက ဦးစားပေးအစီအစဉ်အရ ၂၀၁၉-၂၀၂၀ ဏ္ဍာရေးနှစ်မှ စတင်၍ အဆိုပြုလျာထား ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၇)    ဦးအောင်စိုးမင်း၊ ရွာငံမဲဆန္ဒနယ်က မေးမြန်းသော ရွာငံမြို့နယ်၊ အင်းကြီး ကတ္တရာ လမ်းခွဲမှ ပါယ်ကင်း-သဖန်းပင်-ကျောက်တောသို့ ဆက်သွယ်ထားသော ကျေးရွာချင်း ဆက်လမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က သတ်မှတ်လမ်းအကျယ် အနည်းဆုံး(၂၆)ပေခန့်ရှိမှသာ လမ်းများ ဆောင်ရွက်ပေး နိုင်မည်ဖြစ်သဖြင့် အဆိုပါလမ်းအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ အသေးစိတ်ကွင်းဆင်း လေ့လာစိစစ်၍ မြေယာကိစ္စများပြီးပြတ်အောင်၊ သတ်မှတ် လမ်းအကျယ်ရရှိအောင် ဆောင်ရွက်ပြီးဖြစ်ကြောင်း ဒေသဦးစီးအဖွဲ့မှ တင်ပြ လာပါက နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(ခ)    အစီရင်ခံစာ (၂) ခု ဆွေးနွေးခြင်းနှင့်လွှတ်တော်၏အတည်ပြုချက်ရယူခြင်း

(၁)     ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်(၄)ဦးက ဆွေးနွေးပြီး သဘောတူလက်ခံရန် အဆိုကို လွှတ်တော်သို့ တင်သွင်းပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

(၂)     ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဆွေးနွေးပြီး သဘောတူလက်ခံရန် အဆိုကို လွှတ်တော်သို့ တင်သွင်းပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

(ဂ)   ဥပဒေကြမ်း (၁) ခု တင်သွင်းခြင်းနှင့်အစီရင်ခံစာဖတ်ကြားခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့က တင်သွင်းသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာတင်သွင်းသည်။ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၁.၁၂.၂၀၁၈ (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

(ဃ)   အဆို (၁) ခု ဆွေးနွေးခြင်းနှင့်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဦးအာမိုးဆီ၊ ခေါင်လန်ဖူးမဲဆန္ဒနယ်က တင်သွင်းသည့် ဝေးလံခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသော ကျေးလက်ဒေသများတွင် နေထိုင်သည့် တိုင်းရင်းသားများဘဝတိုးတက် မြင့်မားလာစေရန်အတွက် စီမံချက်ရေးဆွဲချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ပေး ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၁၅)ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။       အစည်းအဝေးကို ညနေ ၄  နာရီ ၁၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(၁၇)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၀.၁၂.၂၀၁၈ ရက်(ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။