ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စု ရဲတပ်ရင်းအတွက် သိမ်းယူထားသောမြေပေါ်တွင် ကြက်ခြံအတွက် မြေငှားရမ်းခြင်း၊ ကားပျက်များလေလံဆွဲပြီးစုပုံခြင်း၊ ဖြတ်တောက်ခြင်းအတွက် အသုံးပြု နေခြင်းကြောင့် ထိခိုက်နစ်နာမှုအတွက် တိုင်ကြားထားသည်ကို မည်သို့ဖြေရှင်းဆောင်ရွက်ထားကြောင်း သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စုမှ ရဲတပ်ရင်းအတွက် သိမ်းယူခဲ့စဉ်က ရည်ရွယ်ချက်အတိုင်း မဟုတ်ဘဲ အခကြေးငွေယူပြီး လုပ်ငန်းရှင်များကို ငှားရမ်းနေသည့်အတွက် မူလလက်လုပ်တောင်သူများမှာ စီမံကိန်းအကောင် အထည်ဖော်ခြင်း မရှိသည့်အတွက် ပြန်လည်စွန့်လွှတ် ပေးပါရန်၊ စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးပါရန် လျှောက်ထားတင်ပြထားသည့် မြေဖြစ်ပါကြောင်း၊ အများပြည်သူအသုံးပြုနေသည့်လမ်းများ ပျက်စီးစေမည့် တန်ပိုတင်ဆောင်ခြင်း၊ ကုန်ကားကြီးများ ဖြတ်သန်းသွားလာနေသည့် အတွက်ကြောင့် အများပြည်သူပိုင် လမ်းကြီးလည်း ပျက်စီးရပါကြောင်း၊ လေလံဆွဲထားသော ကားပျက်များသည် လမ်းဘေးတစ်လျှောက် မြင်မကောင်းအောင် စုပုံထားပြီး အသံ၊ အနံတို့ကြောင့် အနီးအနားနေသည့် ပြည်သူများ ထိခိုက်နစ်နာ ရသည့်အတွက် တိုင်ကြားလာသောကြောင့် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ မြေပေါ်တွင် မြေတူးရောင်းခြင်းများ၊ ကြက်ခြံများတည်ဆောက်ရန် မြေငှားခြင်းများ၊ လေလံဆွဲထားသည့် စက်ပစ္စည်းများ၊ ကားပျက်များ စုပုံငှားရမ်းထားသည့်အတွက် အသုံးပြုနေသောမြေမှာ ၁၉၉၀ ခုနှစ် ပတ်ဝန်းကျင်ခန့်က ရဲတပ်ရင်းတည်ဆောက်ရန်အတွက်ဆိုပြီး သိမ်းယူထားသော မြေဖြစ်ပါကြောင်း၊ အများပြည်သူ အသုံးပြုနေသော လမ်းများလည်း ပျက်စီးပါကြောင်း၊ အဆိုပါမြေများက လိုအပ်သည့် ပမာဏာထက် များစွာပိုမိုသိမ်းယူထားသည့်အတွက်ကြောင့် နှစ်ပေါင်း ၂၀ နီးပါး ကြာမြင့်နေသည့်တိုင် အကောင်အထည် မဖော်ရသေးဘဲ မြေလွတ်များစွာ ကျန်ရှိနေသော မြေဖြစ်သည့်အတွက် ဒေသခံ ပြည်သူများ ဥယျာဉ်ခြံမြေများ၊ လက်လုပ်တောင်သူများ စိုက်ပျိုးလုပ်ကိုင်ခွင့် မရဘဲဌာနမှ စီးပွားရှာရန်အတွက် အသုံးပြုလျက်ရှိပါကြောင်း၊ ၎င်းနေရာဆိုလျှင် မိမိမေးခွန်းမေးပြီးနောက် ရဲတပ်ရင်းထဲကမြေကို ရွှေ့ပြောင်းထားပြီး ကျန်ခဲ့သည့်ပုံ ဖြစ်ပါကြောင်း၊ ဒါမနေ့ကမှ ရိုက်ထားသည့်ပုံ ဖြစ်ပါကြောင်း၊ လျော်ကြေးအဖြစ် မြေခွန် ၁၈ ဆနှင့် သီးပင်စားပင်အတွက် တစ်ပင်ကို ၁၀ ပြားနှုန်းဖြင့် ပေးခဲ့သည့် မြေဖြစ်ပါကြောင်း၊ ကာလပေါက်ဈေးဖြင့် သိန်းပေါင်းများစွာ တန်ဖိုးရှိနေသည့် အဆိုပါ မြေကိုသိမ်းယူခဲ့စဉ်က တောင်သူများက အဆိုပါ ဥယျာဉ်ခြံမြေအတွက် တစ်ဧကကို ပိုက်ဆံကျပ် ၈၀ ခန့်သာရခဲ့ခြင်း ဖြစ်ပါကြောင်း၊ သိမ်းဆည်းသည့် မြေများနှင့်စပ်လျဉ်းပြီး စိစစ်ရန် အချက်အလက်များမှာ သိမ်းဆည်းမြေများပေါ်တွင် မူလတင်ပြထားသည့် စီမံကိန်းအမျိုးအစားအတိုင်း လက်ရှိ ဆောင်ရွက်နေခြင်းရှိ/မရှိ စိစစ်ရန်အတွက်ဆိုပြီး ညွှန်ကြားထားခြင်း ရှိပါကြောင်း၊ လက်ရှိအစိုးရ၏ ချမှတ်ထားသည့် မူဝါဒနှင့်အညီ မဟုတ်ဘဲ မြေပြင်ပေါ်တွင် ဖြစ်ပျက်နေသော အနေအထားများအတွက်ကြောင့် ဒေသခံတောင်သူများ ထိခိုက်နစ်နာလျက်ရှိသည့် အတွက်ကြောင့် ကူညီတည့်မတ် ပေးပါရန်အတွက် မေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စု၊ အဒ္ဓတ္တောကျေးရွာအနီး အမှတ် (၂) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့အောက်ရှိ အမှတ် (၇) လုံခြုံရေးရဲတပ်ဖွဲ့ခွဲကို ၁၂-၂-၁၉၈၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြေဧရိယာ ၁၈၃.၇၉ ဧကပေါ်တွင် တည်ရှိပါကြောင်း၊ အမှတ် (၇) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ဝင်းအတွင်း စားကျက်မြေဧရိယာ ၁၁၀.၃၅ ဧက၊ ခြံမြေ ၂၆ ဧက၊ လယ်မြေ ၄၆.၀၁ ဧက၊ ရွာမြေ ၁.၄၃ ဧကပါဝင်ပြီး အဆိုပါမြေများအနက် မြေဧရိယာ ၁၈၂.၃၆ ဧကမှာ ရန်ကုန်တိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၁၅-၁-၁၉၉၁ ရက်စွဲပါစာဖြင့် လန-၃၉ ကျပြီး ဖြစ်ပါကြောင်း၊ တပ်ဖွဲ့ခွဲပိုင် မြေဧရိယာ ၁၈၃.၇၉ ဧကအနက် ခြံမြေ ၂၆ ဧက၊ လယ်မြေ ၄၆.၀၁ ဧက စုစုပေါင်း မြေဧရိယာ ၇၂.၀၁ ဧကအား လျော်ကြေးပေးချေနိုင်ရေးအတွက် သိမ်းဆည်းခံရသည့် ခြံပိုင်ရှင်/ လယ်ပိုင်ရှင် ၁၉ ဦးတို့အနက် ၁၇ ဦးအား ၇-၅-၁၉၉၆ ရက်တွင်လည်းကောင်း၊ ကျန်နှစ်ဦးအား ၂၁-၅-၁၉၉၆ ရက်တွင်လည်းကောင်း မြေသိမ်းဆည်းမှုအတွက် ကာလပေါက်ဈေးနှင့်အညီ ပေးချေခဲ့ပြီး ဖြစ်ပါကြောင်း၊ အမှတ် (၇) လုံခြုံရေးရဲတပ်ဖွဲ့ခွဲဝင်းအတွင်း ကြက်မွေးမြူရေးလုပ်ငန်းအား ယခင်က ပြင်ပစီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အကျိုးတူလုပ်ကိုင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ် ဧပြီလမှစ၍ တပ်ဖွဲ့ဝင်များ၏လုပ်အားဖြင့် ကြက်ခြံနှစ်ခြံအား ဆောက်လုပ်ခဲ့ပြီး ကြက်မွေးမြူရေး လုပ်ငန်းကိုလုပ်ကိုင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သံထည်ပစ္စည်းဟောင်း အရောင်းအဝယ်လုပ်သူ ဦးရွှေပုအား သံထည်ပစ္စည်းဟောင်းများ ထားရှိရန်အတွက် သီလဝါ-ပါဒကြီးသွားကားလမ်း အဒ္ဓတ္တော ကျေးရွာရှိ ရွှေမင်းသမီးခြံအား ငှားရမ်းပြီး သံထည်ပစ္စည်းများထားရှိရာမှ မြေနေရာ မလုံလောက် ပါသဖြင့် သံထည်ပစ္စည်းများအား ခေတ္တထားခွင့်ပြုပါရန် အမှတ် (၇) လုံခြုံရေးရဲတပ်ဖွဲ့ခွဲသို့ အကူအညီ တောင်းခံခဲ့သဖြင့် ၁၈-၅-၂၀၁၈ ရက်နေ့မှစ၍ ခွင့်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါသံထည်ပစ္စည်းများ ထားရှိသောနေရာတွင် ရဲအရာရှိရိပ်သာ တည်ဆောက်ရန် လျာထားသဖြင့် သံထည်ပစ္စည်းများအား ဆက်လက်ထားရှိခြင်း မပြုရန် ပြောကြားခဲ့မှုအပေါ် ၁၅-၈-၂၀၁၈ ရက်နေ့တွင် ဦးရွှေပုသည် ရွှေမင်းသမီးခြံသို့ ရွှေ့ပြောင်းသယ်ဆောင်ခဲ့ပြီး ဖြစ်ပါကြောင်း၊
ရွှေမင်းသမီးခြံသည် မြေဧရိယာ ၄.၀၃ ဧကကျယ်ဝန်းပြီး ဦးထွန်းလှဦးအမည်ဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇) ရရှိထားပြီး ဥယျာဉ်ခြံမြေဖြစ်ပါတယ်။ ဥယျာဉ်ခြံမြေပေါ်မှာ ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ သံထည်ပစ္စည်းအဟောင်းများ စုပုံထားရှိသဖြင့် ရွှေပျောက်ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က တားမြစ်စာသုံးကြိမ် ထုတ်ပြန်ခဲ့ပါကြောင်း၊ ထို့အပြင် ကျောက်တန်းမြို့နယ် လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့မှ ခြံပိုင်ရှင်အား ခေါ်ယူတွေ့ဆုံပြီး စုပုံထားသော သံထည်ပစ္စည်းများအား သုံးလအတွင်း အပြီးဖယ်ရှားပေးရန်၊ လိုက်နာခြင်းမရှိပါက လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ နှင့် အညီ တရားစွဲဆိုခြင်းခံရမည် ဖြစ်ပါကြောင်းကို သိရှိကြောင်းအား ၄-၁၂-၂၀၁၈ ရက်နေ့တွင် ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခဲ့ပါကြောင်း၊ ထိုအချိန်မှစ၍ ထပ်မံစုပုံခြင်းမရှိဘဲ ယခင်စုပုံထားရှိသော ပစ္စည်းများကို သယ်ထုတ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည် သို့ပါ၍ အမှတ် (၇) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ဝင်းအတွင်းရှိ ပြင်ပစီးပွားရေးလုပ်ငန်းရှင်များအား ကြက်မွေးမြူရေး ဆောင်ရွက်ရန်အတွက် မြေငှားရမ်းခြင်း၊ အကျိုးတူလုပ်ကိုင်ခြင်းမရှိဘဲ တပ်ဖွဲ့ဝင်များ၏လုပ်အားဖြင့် ကြက်ခြံနှစ်ခြံ ဆောက်လုပ်၍ ကြက်မွေးမြူရေး လုပ်ငန်းအား လုပ်ကိုင်လျက်ရှိပါကြောင်း၊ ရဲတပ်ဖွဲ့ခွဲပိုင် မြေအတွင်း စုပုံထားရှိသည့် သံထည်ပစ္စည်း အဟောင်းများအား ဖယ်ရှားရှင်းလင်းပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
