(စ)-စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(မြောက်)ရပ်ကွက်၊ အမှတ်(၃၅၄) ပြည်လမ်း ဟံသာဝတီဝန်ထမ်း အိမ်ရာတွင် နေထိုင်လျက်ရှိသော စက်မှုဝန်ကြီးဌာနမှ အငြိမ်းစားဝန်ထမ်း(၈)ဦးအား လက်ရှိအတိုင်း ယာယီနေထိုင်ခွင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၇.၁၂. ၂၀၁၈)

(စ)-စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(မြောက်)ရပ်ကွက်၊ အမှတ်(၃၅၄) ပြည်လမ်း ဟံသာဝတီဝန်ထမ်း အိမ်ရာတွင် နေထိုင်လျက်ရှိသော စက်မှုဝန်ကြီးဌာနမှ အငြိမ်းစားဝန်ထမ်း(၈)ဦးအား အိမ်ရာနေရာ ချထားမှု လုပ်ပေးပါရန်နှင့် နေရာချထားမပေးမီကာလအတွင်း လက်ရှိအတိုင်း ယာယီနေထိုင်ခွင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

အဆိုပါဝန်ထမ်းအိမ်ရာမှ ဝန်ထမ်းများသည် ယခင်အစိုးရများလက်ထက်က ဝန်ထမ်းများနေထိုင်ရန်အတွက် မြေနေရာများ၊ အိမ်ရာများပေးခဲ့စဉ်က သတ်မှတ်ချက်အရ လုပ်သက်မပြည့်မီခြင်းတို့ကြောင့် တစ်ကြိမ်တစ်ခါမှ မရရှိခဲ့ကြပါကြောင်း၊ ယခုကဲ့သို့ လုပ်သက်ပင်စင်များ၊ လုပ်သက်ပင်စင်များ ယူသွားသည့်တိုင် အိမ်ရာ မရရှိခဲ့ကြပါကြောင်း၊ ယခုလက်ရှိ သူတို့အား နေရာချထားသည့် အထက်ဖော်ပြပါ အိမ်ရာတွင် ယနေ့တိုင် ဆက်လက် နေထိုင်ကြရပါကြောင်း၊ နေထိုင်ရာတွင်လည်း အေးချမ်းစွာ နေထိုင်ကြပြီး ရပ်ရေး၊ သာရေး၊ နာရေး၊ လုံခြုံရေး၊ သန့်ရှင်းရေးတို့တွင်လည်း စံနမူနာတင် ဆောင်ရွက်ကြသော ပင်စင်စား ဝန်ထမ်းဟောင်းများ ဖြစ်ကြပါကြောင်း၊ သို့သော် အငြိမ်းစားဝန်ထမ်းဟောင်းများထံသို့ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ ပင်စင်စားဝန်ထမ်းများအား ၂၅-၇-၂၀၁၈ ရက်နေ့ နောက်ဆုံးထား၍ ပြောင်းရွှေ့ဖယ်ရှားပေးရန် ပြောင်းရွှေ့ခြင်း၊ ဖယ်ရှားခြင်းမရှိသူများကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတိပေးစာပေးပို့လာခဲ့ပါသည်။ ၁၆-၆-၂၀၁၈ ရက်နေ့တွင် အဆိုပါ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် အငြိမ်းစားများအား စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူက ခေါ်ယူတွေ့ဆုံခဲ့ပြီး ဝန်ကြီးဌာနပိုင် မြေနေရာများတွင် ပုဂ္ဂလိကနှင့် အကျိုးတူဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးမည်ဖြစ်ပြီး အငြိမ်းစားဝန်ထမ်းများအား ဝယ်ယူခွင့်လျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်း၊

ယခုလက်ရှိ အခြေအနေတွင် အဆိုပါအငြိမ်းစား ဝန်ထမ်းများအတွက် ပြန်လည်နေရာချထားရေးကာလ မတိုင်မီ အငြိမ်းစားဝန်ထမ်းများအား ကျူးကျော်အဖြစ်သတ်မှတ်၍ တရားမဝင်ဟုဆိုကာ အတင်းအဓမ္မ ဖယ်ရှားခိုင်းပြီး အရေးကြုံနေပါကြောင်း၊ အဆိုပါ ပင်စင်စားများထဲမှ လက်ထောက်ညွှန်ကြားရေးမှူး (ငြိမ်း) သုံးဦး၊ အထွေထွေမန်နေဂျာတစ်ဦး၊ ဌာနခွဲမှူးတစ်ဦး၊ ကြီးကြပ်ရေးမှူးတစ်ဦးနှင့် အလုပ်ရုံစုမှူးနှစ်ဦးတို့ ပါဝင်ခဲ့ကြပါကြောင်း၊ ထိုနေရာသည် သာမန်ကျူးကျော်ပြီး တရားမဝင် ဝင်ရောက်နေထိုင်လို့ရသည့် နေရာလည်း မဟုတ်ပါကြောင်း၊ အဆိုပါ အငြိမ်းစားဝန်ထမ်းများတွင် တရားမဝင် ကျူးကျော်သူများ မဟုတ်ပါကြောင်း၊ ၎င်းတို့နေရာသစ် ရရှိသည်ဆိုသည်နှင့် ပြောင်းရွှေ့ပေးကြမည့် စက်မှုဝန်ကြီးဌာနတွင် ပြစ်ချက်ကင်းစွာဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းဟောင်း၊ ဝန်ထမ်းကောင်းများ ဖြစ်ကြပါကြောင်း၊ သို့ပါ၍ ၎င်းတို့အား ပြန်လည်နေရာချထားရေးကာလ မတိုင်ခင် လက်ရှိပြင်ထိန်းနေရာတွင် ဆက်လက်နေထိုင် ခွင့်ပြုနိုင်ပါရန်နှင့် အိမ်ရာနေရာချထားမှုကို ဖြစ်နိုင်သမျှ ဆောလျင်စွာ ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် မြေနီကုန်း (မြောက်) ရပ်ကွက် ပြည်လမ်းအမှတ် (၃၅၄) ရှိ စက်မှုဝန်ကြီးဌာနပိုင် ဟံသာဝတီဝန်ထမ်းအိမ်ရာကို စက်မှုပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာန၏ အမည်ပေါက် မြေ ဝ.၀၉၉ ဧကပေါ်တွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း စက်ရုံ၏ရန်ပုံငွေဖြင့် ၁၉၉၀ ပြည့်နှစ်တွင် တည်ဆောက်ထားရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါဝန်ထမ်းအိမ်ရာ၌ လူနေအိမ်ခန်း ၁၄ ခန်းပါဝင်ပြီး လက်ရှိတာဝန် ထမ်းဆောင်ဆဲဝန်ထမ်းသုံးဦး၊ အငြိမ်းစားဝန်ထမ်းရှစ်ဦးတို့နှင့် နေထိုင်လျက်ရှိပြီး ဌာနပြောင်း ဝန်ထမ်းနှစ်ဦးတို့လည်း နေထိုင်ခဲ့ကြပါကြောင်း၊ အငြိမ်းစားဝန်ထမ်းရှစ်ဦးတို့မှာ အငြိမ်းစားယူပြီးနောက် တစ်နှစ်မှ ခြောက်နှစ်တာကာလအထိ ဆက်လက်နေထိုင်လျက် ရှိနေကြသူများ ဖြစ်နေကြပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းပေါင်း ၃၀၀၀ ခန့်သည် မိဘဆွေမျိုးသားချင်းများနှင့်အတူ နေထိုင်ကြရပြီး အချို့ဝန်ထမ်းများက ဆင်ခြေဖုံးရပ်ကွက်များတွင် ငှားရမ်းနေထိုင်ကြရခြင်းကြောင့် လက်ရှိသွားလာ နေထိုင်ရေးနှင့် အုပ်ချုပ်ရေးကိစ္စများတွင် အဆင်မပြေမှုများစွာ ကြုံတွေ့နေကြရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများကို နေထိုင်မှုအခက်အခဲများ ပြေလည်စေရေးအတွက် စက်မှုဝန်ကြီးဌာနပိုင် ဝန်ထမ်းအိမ်ရာများရှိ လစ်လပ်အိမ်ခန်းများတွင် ပြန်လည်နေရာချထားမှုများ ပြုလုပ်ပေးရမည် ဖြစ်ပါကြောင်း၊

ယခုကဲ့သို့ ပြန်လည်နေရာချထား ပေးနိုင်ရေးအတွက် ဟံသာဝတီဝန်ထမ်းအိမ်ရာ အငြိမ်းစားဝန်ထမ်းများနှင့် မိမိဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနသို့ ကူးပြောင်းဌာနဝန်ထမ်းများအား ၂၅-၇-၂၀၁၈ ရက်နေ့တွင် နောက်ဆုံးထားပြီး ဖယ်ရှားပေးကြပါရန် အကြောင်းကြားခဲ့သော်လည်း အခြားဝန်ကြီးဌာနသို့ ပြောင်းရွှေ့သွားသော ဒေါက်တာမြမိုးဝင်းနှင့် ဦးသန်းအောင် တို့ နှစ်ဦးတည်းသာ အိမ်ခန်းပြန်လည်အပ်နှံခဲ့ပြီး ဒေါ်မြင့်ရင်အပါအဝင် အငြိမ်းစားဝန်ထမ်းရှစ်ဦးတို့သည် ပြောင်းရွှေ့ပေးခဲ့ခြင်း မရှိဘဲ ဆက်လက်နေထိုင်လျက် ရှိနေကြပါကြောင်း၊ မိမိတို့ဌာနမှ အငြိမ်းစားယူပြီးသည့် ဝန်ထမ်းများကို ငဲ့ညှာသည့်အနေဖြင့် ဝန်ထမ်းအိမ်ရာများတွင် မူအားဖြင့်ယာယီသုံးလ ဆက်လက်နေထိုင်ခွင့် ပြုထားပြီးဖြစ်ပါကြောင်း၊ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာ မလုံလောက်သည့် အခက်အခဲများ ရှိခြင်းကြောင့် ဟံသာဝတီဝန်ထမ်းအိမ်ရာမှ အငြိမ်းစားဝန်ထမ်းများ ကိုသာမက ရန်ကုန်မြို့တွင်ရှိသည့် အခြားသော စက်မှုဝန်ကြီးဌာနပိုင် ဝန်ထမ်းအိမ်ရာများတွင် နေထိုင်လျက် ရှိကြသည့် အငြိမ်းစားဝန်ထမ်းများ ကိုပါ ပြောင်းရွှေ့ဖယ်ရှား‌ရေးကို ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ အကယ်၍ ဝန်ထမ်းအိမ်ရာများမှ ခွင့်ပြုသတ်မှတ်ကာလ ကို ကျော်လွန်၍ ဖယ်ရှားပေးခြင်း မရှိပါက ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာနှင်ထုတ်ခြင်း အက်ဥပဒေပုဒ်မ ၃ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေပါ လုပ်ထုံး လုပ်နည်းများအတိုင်း မလွဲမသွေဆက်လက် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

အငြိမ်းစားဝန်ထမ်းများအနေဖြင့် မိမိတို့အငြိမ်းစားယူပြီးသည့်နောက် သုံးလကြာသည်အထိ နိုင်ငံပိုင်ဝန်ထမ်း အိမ်ရာ များတွင် နေထိုင်ခွင့်ပြုပြီး ၎င်းနောက် ပြောင်းရွှေ့ပေးရမည်ဟု မူအားဖြင့် ထုတ်ပြန်ထားသည့် အိမ်ရာစည်းမျဉ်း စည်းကမ်းများအတိုင်း သိရှိလိုက်နာကြရန် မှာကြားပြီးလည်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနပိုင် မြေပေါ်တွင်ရှိသည့် တရားမဝင်နေထိုင်သူများကို ဖယ်ရှားရှင်းလင်းရာတွင် အဆိုပါမြေနေရာကို စီမံခန့်ခွဲရသည့် ဝန်ကြီးဌာန၏ တာဝန်ဖြစ်သကဲ့သို့ မဖြစ်မနေဆောင်ရွက် သွားရမည်ပင် ဖြစ်ပါကြောင်း၊ ယခုအခါ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့တွင် တန်ဖိုးသင့် အိမ်ရာများဖြစ်သည့် ကျန်စစ်မင်းအိမ်ရာနှင့် ထီးလှိုင်ရှင်အိမ်ရာတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ၎င်းအိမ်ခန်းများကို ငွေကျေစနစ်ဖြင့်လည်းကောင်း၊ လက်ငင်း ၅၀ ရာခိုင်နှုန်း ငွေပေးသွင်း၍ ကျန် ၅၀ ရာခိုင်နှုန်းကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့်လည်းကောင်း ရောင်းချပေးလျက် ရှိနေပါကြောင်း၊ စက်မှုဝန်ကြီးဌာနမှ အငြိမ်းစား ဝန်ထမ်း များမှာ နေထိုင်မှုအဆင်ပြေစေရန်အတွက် အဆိုပါအိမ်ရာများနှင့် အိမ်ခန်းများဝယ်ယူနိုင်ခွင်‌့ ရရှိရေးအတွက်ကို စက်မှု ဝန်ကြီးဌာနအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ထောက်ခံချက်များ ပေးပို့ပြီး ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိနေ ပါကြောင်း၊

သို့ဖြစ်ပါ၍ ဟံသာဝတီဝန်ထမ်းအိမ်ရာရှိ အငြိမ်းစားဝန်ထမ်းရှစ်ဦးသည် သတ်မှတ် ထားသော နေထိုင်ခွင့် နှစ်ကာလ များစွာ ကျော်လွန်‌နေထိုင်ခဲ့ပြီးဖြစ်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်ဆဲ အိမ်ရာမရရှိသေးသည့် ဝန်ထမ်း ၂၃၀၀ ကျော်ထဲမှ နေထိုင်ရေးအလွန်အခက်အခဲ ဖြစ်နေသည့်ဝန်ထမ်းများကိုလုပ်ငန်းလိုအပ်ချက်နှင့်အညီ ဦးစားပေးရွေးချယ်ပြီး မဖြစ်မနေပြန်လည် နေရာချထားပေးရမည် ဖြစ်ခြင်းကြောင့် အဆိုပါအငြိမ်းစား ဝန်ထမ်းရှစ်ဦး၏ ယာယီဆက်လက် နေထိုင်ခွင့် တင်ပြခဲ့မှုကို ခွင့်ပြုပေးရန် အစီအစဉ် မရှိပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။

ဦးဘိုဘိုဦး (စမ်းချောင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

တင်ပြခဲ့သည့် ပင်စင်စားဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာဆိုပြီး ချပေးနိုင်လျှင် ချပေးရန်ဆိုပြီး သက်ဆိုင်ရာ စက်မှုဝန်ကြီးဌာနကနေပြီး အိုးအိမ်ကို မေတ္တာရပ်ခံထားသည်ကို သိရှိပါကြောင်း၊ ပင်စင်စားဝန်ထမ်း ဟောင်းများကိုလည်း တာဝန်ရှိသူက ခေါ်ယူပြောကြားသည်ကို သိရှိရပါကြောင်း၊ ၎င်းအပြင် အိုးအိမ်ဌာနကနေပြီး ဝယ်ယူခွင့်ဆိုပြီး ယခုအချိန်မှာ ခွင့်ပြုထားခြင်းလည်း ရှိပါကြောင်း၊ ယခုလို ဝယ်ယူခွင့် ဆိုသည်မှာ နည်းနည်းလေးကွာခြားသည့်အချက် တစ်ချက်ရှိပါကြောင်း၊ ၎င်းက အဆိုပါပင်စင်စား ဝန်ထမ်းဟောင်းများက တန်ဖိုးနည်းအိမ်ရာကို ဝယ်ချင်ပါကြောင်းကိုလည်း တင်ပြထားပါသည်။ တစ်ချိန်တည်းမှာလည်း စက်မှုဝန်ကြီးဌာနကနေပြီး အိုးအိမ်ကို တန်ဖိုးနည်းအိမ်ရာကို ဝယ်ယူခွင့်ပြုရန် ဆိုခြင်းကိုလည်း ထောက်ခံချက် ပေးခဲ့ပါသော်လည်း ယခု ဝယ်ယူခွင့်ပေးသည်က တန်ဖိုးနည်းအိမ်ရာ မဟုတ်ဘဲ တန်ဖိုးသင့်အိမ်ရာ ဖြစ်နေသည့်အတွက် ပင်စင်စားဝန်ထမ်းဟောင်းများ ဖြစ်နေသောအခါ ငွေကြေးအတွက် ၎င်းတို့မှာ အခက်အခဲရှိနေသည့်အတွက် အချိန်အနည်းငယ် ကြန့်ကြာနေပါကြောင်း၊ ၎င်းတို့ကလည်း အဆိုပါနေရာ မှ ပြောင်းရွှေ့ဖယ်ရှားပေးပါမည် ဆိုသည်ကိုလည်း ကတိကဝတ်  ပြုထားပြီးသားလည်း ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး ရှင်းပြသွားသကဲ့သို့ သုံးလ Extension လုပ်ပေးခဲ့ခြင်းကိုလည်း ကျေးဇူးတင်သည့်အတွက်ကြောင့် အားလုံး၏ဂုဏ်သိက္ခာကို ငဲ့ညှာသောအားဖြင့် Extension လေးကို ထပ်ပြီး တိုးပေးရန်အတွက်ကို အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို

အချိန်ကာလတိုးမြှင့်ပေးရန် တောင်းဆိုချက်ကို မိမိတို့ စက်မှုဝန်ကြီးဌာနအနေဖြင့် မူလကတည်းက စက်မှုဝန်ထမ်းဟောင်းများ ဖြစ်သည့်အတွက် ၎င်းတို့၏ကြိုးစားမှု၊ ပါဝင်ကူညီမှုကြောင့် စက်မှုဝန်ကြီး ဌာနကြီးက ယနေ့အထိ ဆက်လက်ရပ်တည်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်လွတ်စပယ် နှင်ထုတ်ခြင်း ပြုမည်မဟုတ်ဘဲ သင့်တင့်သောကာလ အပိုင်းအခြားတစ်ခုအထိကို တိုးပေးရန်အတွက် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခင်က သုံးလ Extension ပေးခဲ့ပြီး ဖြစ်သည့်အတွက် နောက်ထပ်လည်း အချိန်ကန့်သတ်မရှိ တိုးပေးရန်ဆိုတာက မဖြစ်နိုင်ပါကြောင်း၊ ထို့အတွက် အိမ်ရာကော်မတီနှင့် အသေးစိတ်ပြန်လည်ညှိနှိုင်း ဆွေးနွေးပြီး သင့်တင့်လျှောက်ပတ်သော အချိန်ကာလ တစ်ခုအထိကို တိုးပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။