ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၁၄.၁၂. ၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၇၈ )ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)   ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း

(၁)    ဦးခင်ဇော်၊ ကော့သောင်းမဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံတွင် ပြဋ္ဌာန်း ထားသည့် တည်ဆဲဥပဒေများကို ပြည်သူများ သိရှိလိုက်နာနိုင်ရေး အသိပညာပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်က ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဝန်ကြီးဌာနအဖွဲ့အစည်းများ အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆက်လက်၍လည်း ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၂)    ဦးသန့်ဇင်ထွန်း၊ ဒက္ခိဏသီရိမဲဆန္ဒနယ်က မေးမြန်းသော ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်ဆည် ရေဝပ်ဧရိယာတွင် ပါဝင်သိမ်းဆည်းခံခဲ့ရသော တောင်သူများအား အခြားတောင်သူများနည်းတူ နိုင်ငံတော်မှ လယ်ယာမြေထောက်ပံ့ကြေးနှင့် သီးနှံ လျော်ကြေးများပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က မြေအမျိုးအစားနှင့် မြေဧကများကို စိစစ်ပြီးပါက လယ်ယာမြေများအတွက် လယ်ယာမြေလျော်ကြေး၊ သစ်တောကျူး စိုက်ပျိုးမြေများအတွက် ထောက်ပံ့ကြေးများကို တွက်ချက်ပြီး ရေလှောင်တမံကို တာဝန်ယူတည်ဆောက်ခဲ့သော ဝန်ကြီးဌာန သို့မဟုတ် လက်ရှိရေလှောင်တမံကို အသုံးပြုလျက်ရှိသော နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ပေးလျော် ထောက်ပံ့နိုင်ရေး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။

(၃)    ဦးမြင့်ငွေ၊ ကျောက်ကြီးမဲဆန္ဒနယ်က မေးမြန်းသော ပဲခူးတိုင်းဒေသကြီး၊ ကျောက် ကြီးမြို့၌ရှိသော ကန်သာယာ(အုတ်ဖိုအင်း)အား ကန်သာယာကန်ပတ်လမ်းနှင့် ကန်သာယာ၏ အရှေ့ဘက်ကမ်းပါးတွင် မြို့နယ်ခန်းမ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ကျောက်ကြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် လုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန် ဘတ်ဂျက် ရန်ပုံငွေလုံလောက်မှုမရှိပါသဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် သီးခြား ထောက်ပံ့ရန်ပုံငွေရရှိမှသာ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

(၄)    ဦးထွန်းထွန်း၊ ပွင့်ဖြူမဲဆန္ဒနယ်က မေးမြန်းသော ပွင့်ဖြူမြို့နယ်၊ မင်းမြေကွက်သစ် ကျေးရွာ၊ ရွာထောင်ကျေးရွာနှင့် မရိုးကုန်းကျေးရွာတို့အား မုန်းချောင်းကမ်းပါးပဲ့ခြင်းမှ အမြန်ဆုံးကာကွယ်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက မြေကွက် သစ်ကျေးရွာနှင့် ရွာထောင်ကျေးရွာများအတွက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီးရုံးမှ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့် မရိုးကုန်းကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအတွက် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေတွင် လျာထားတင်ပြ တောင်းခံသွားမည်ဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကိုယ်စား  ပြန်လည်ဖြေကြားခဲ့သည်။

(၅)    ဦးဝင်းမင်း၊ လှိုင်သာယာမဲဆန္ဒနယ်က မေးမြန်းသော  လှိုင်သာယာမြို့နယ်ရှိ မီးရထား ဘူတာရပ်ဝန်းဧရိယာအတွင်း စီမံကိန်းများ မည်သို့ဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ဂျပန်နိုင်ငံ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ အစီအစဉ်ဖြင့် လိုအပ်သော ရန်ကုန်မြို့တွင်း ရထားလမ်းများ၊ အဆောက်အဦများ၊ ဝန်ထမ်းအဆောက်အဦများနှင့် အခြားဆက်စပ်အဆောက်အဦများကို မူလ ရည်ရွယ်ချက်အတိုင်း တည်ဆောက်ဖြည့်ဆည်းခြင်းစသည့် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် လျာထား ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၆)    ဦးနေလင်းအောင်၊ မင်းတပ်မဲဆန္ဒနယ်က မေးမြန်းသော မင်းတပ်မြို့နယ်၊ မကွီအိမ်နူးမြို့ ပတ်ဝန်းကျင်ကျေးရွာများ၊ လုံပုံပတ်ဝန်းကျင်ကျေးရွာများ၊ ကာအိမ် ပတ်ဝန်းကျင်ကျေးရွာများ၊ ဘော(၁)ပတ်ဝန်းကျင်ကျေးရွာများရှိ  ပြည်သူများ (Data) အသုံးပြုနိုင်သော ဆက်သွယ်ရေးလိုင်းများ အသုံးပြုနိုင်ရေးအတွက် ဆက်သွယ်ရေး တာဝါတိုင်စခန်းများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ရင်းနှီး မြှုပ်နှံမှုကုန်ကျစရိတ်မြင့်မားခြင်း၊ လူဦးရေနည်းပါးခြင်း၊ ပြန်လည်ရရှိမည့်ဝင်ငွေ နည်းပါးခြင်းစသည်တို့ကြောင့် ဆက်သွယ်ရေးအော်ပရေတာများ အနေဖြင့် လောလောဆယ်တည်ဆောက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် မိုဘိုင်း ဆက်သွယ်ရေးစခန်းများ တည်ဆောက်ပေးနိုင်ရေးအတွက် ၂၀၁၉ ခုနှစ် ပထမ သုံးလပတ်အတွင်း မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများကို တင်ဒါခေါ်ယူပြီး နောက် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်လျာထားပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

(၇)    ဦးရွှေလှ(ခ)ဦးရွှေလှဝင်း၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်က မေးမြန်းသော ငမိုးရိပ် ချောင်းရေတိုက်စားမှုကြောင့် ကမ်းပြိုမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသော သင်္ဃန်း ကျွန်းမြို့နယ်၊ ရန်ကုန်သစ်(၃၀)ရပ်ကွက်၊ သပြေလမ်း ပတ်ဝန်းကျင်အား ကျောက် သားမြေထိန်းနံရံ(Retaining Wall)အမြန်ဆုံး တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကိုယ်စား ပြန်လည်ဖြေကြားခဲ့ သည်။

 (ခ)   အစီရင်ခံစာ(၂)ခု တင်သွင်းခြင်း

(၁)    ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီက အစီရင်ခံစာ တင်သွင်းပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၁၇-၁၂-၂၀၁၈ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

(၂)    ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက အစီရင်ခံစာ တင်သွင်းပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၁၇-၁၂-၂၀၁၈ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

(ဂ)    အစီရင်ခံစာဆွေးနွေးခြင်းနှင့်လွှတ်တော်၏အတည်ပြုချက်ရယူခြင်း

          ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဆွေးနွေးပြီး သဘောတူ လက်ခံရန် အဆိုကို လွှတ်တော်သို့ တင်သွင်းပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ် ခဲ့သည်။

(ဃ)   ဥပဒေကြမ်း(၁)ခုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ဆောက်လုပ်ရေးဝန်ကြီးဌာနက တင်သွင်းသည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

(င)    အဆို(၁)ခု ဆွေးနွေးခြင်းနှင့်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဦးဇော်မင်းသိန်း၊ လေးမျက်နှာမဲဆန္ဒနယ်က တင်သွင်းသည့် တစ်နေ့တခြား များပြား လာသည့် ယာဉ်တိုက်ခိုက်မှုများကြောင့် နိုင်ငံတော်အား အကျိုးပြုမည့် လူသားအရင်း အမြစ်များ ထိခိုက်သေဆုံးမှု လျှော့ချနိုင်ရန် နိုင်ငံတော်အဆင့် အမျိုးသားယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ(NRSC) ဖွဲ့စည်းပြီးဆောင်ရွက်နေသော်လည်း ပြည်သူ များလိုက်နာကျင့်သုံးဆောင်ရွက်မှု ရလဒ်ကောင်းများရရှိမှု အားနည်းသည့်အပေါ် လက်တွေ့ ကျသည့် လုပ်ဆောင်ချက်၊ လိုအပ်ချက်များဖြည့်ဆည်းကာ ပိုမိုအရှိန်မြှင့်အကောင်အထည် ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ်(၁၀)ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။     အစည်းအဝေးကို နေ့လယ် ၁ နာရီ ၅၃ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၇.၁၂.၂၀၁၈ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။