(င)-လှိုင်သာယာမြို့နယ်ရှိ မီးရတားဘူတာရပ်ဝန်းဧရိယာအတွင်း စီမံကိန်းများမည်သို့ ဆောင်ရွက်မည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၁၄.၁၂. ၂၀၁၈)

 

လှိုင်သာယာ-ဟင်္သာတ မီးရထားလမ်းဖောက်လုပ်ရာတွင် လှိုင်သာယာမီးရထားဘူတာ စီမံကိန်း ဆောင်ရွက်ရန်အတွက် လှိုင်သာယာမြို့နယ် လယ်သမားများထံမှ လယ်မြေဧက ၁၂၀ ခန့်နှင်‌့ ထန်းတပင်မြို့နယ် လယ်သမားများထံမှ လယ်မြေ ၂၄ ဧကခန့် စုစုပေါင်းဧက ၁၄၀ ကျော်ကို သိမ်းယူပြီး မီးရထားဘူတာ စီမံကိန်းကို ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်က နိုင်ငံ့ဘဏ္ဍာ ၁၈ ဘီလီယံကျော် အကုန်အကျခံ သုံးစွဲပြီးစီမံကိန်း ဆောင်ရွက်ခဲ့ပါကြောင်း၊ စနစ်တကျ စီမံကိန်းချမှတ် ဆောင်ရွက်ခြင်း မရှိသော လှိုင်သာယာ-ဟင်္သာတမီးရထားလမ်းကို ၂၄-၅-၂၀၁၄ ရက်နေ့က စတင်ဖွင်‌့လှစ်ပြေးဆွဲခဲ့ပြီး ၁၀-၁-၂၀၁၆   ရက်နေ့တွင် စီမံကိန်းမအောင်မြင်ဘဲ နိုင်ငံံ့ဘဏ္ဍာဆုံးရှုံးမှုများစွာနှင်‌့ ရပ်ဆိုင်းထာပြီး ယနေ့အချိန်အထိ မည်သည့်စီမံကိန်းကိုမျှ ဆက်လက်ဆောင်ရွက်ခြင်း မရှိပါကြောင်း၊ လှိုင်သာယာ-ဟင်္သာတ မီးရထားလမ်းကို ပြုပြင်တည်ဆောက်ပြီး ရထားပြန်လည်ပြေးဆွဲရန် အစီအစဉ် မရှိသေးကြောင်းကို ပြည်ထောင်စုဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားခဲ့ပါကြောင်း၊ လယ်ယာမြေများကို သိမ်းဆည်းပြီး မီးရထားဘူတာစီမံကိန်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းလယ်ယာမြေများလည်း ယနေ့အချိန်အထိ စိုက်ပျိုး၍မရရှိပါကြောင်း၊ သိမ်းဆည်းခံလယ်သမား များကိုလည်း နစ်နာကြေးလျော်ကြေး ယနေ့အချိန်အထိ ပေးချေခြင်းလည်း မရှိသေးပါကြောင်း၊

ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသော မော်တော်ယာဉ်ငယ်များ သက်တမ်းတိုးခြင်း၊ ယာဉ်မှတ်ပုံတင်အသစ် ဆောင်ရွက်ခြင်းလုပ်ငန်းများကို သန်လျင်၊ တောင်ဒဂုံ၊ တောင်ဥက္ကလာ မြင်သာ၊ အင်းစိန်၊ ခရိုင်ရုံးလေးရုံးသာ ဆောင်ရွက်ပေးပြီး မော်တော်ယာဉ်ကြီးများ ယာဉ်မှတ်ပုံတင်ခြင်း၊ ယာဉ်သက်တမ်းတိုးခြင်း၊ ယာဉ်မှန်/မမှန်စစ်ဆေးခြင်း လုပ်ငန်းများကို ရွာသာကြီး ရုံးတစ်ရုံးတည်းတွင်သာ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မော်တော်ယာဉ်မောင်း လိုင်စင်အတွက် စစ်ဆေးဖြေဆိုရာတွင်လည်း ရွာသာကြီးရုံးနှင့် တောင်ဥက္ကလာ မြင်သာရုံးတွင်သာ ဆောင်ရွက်ပေးပါကြောင်း၊ မော်တော်ယာဉ်များ မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ရန် မော်တော်ယာဉ်များကို ရုံးဝင်းပြင်ပတွင် အချိန်များစွာ တန်းစီစောင်‌့ဆိုင်းရသည့်အတွက် မလိုလားအပ်သော ပြဿနာများလည်း ဖြစ်ပါကြောင်း၊ ယနေ့အချိန်တွင် ရန်ကုန်မြို့တော်တွင် မေ‌ာ်တော်ယာဉ်ပေါင်း မြောက်မြားစွာ ဖြစ်နေပါကြောင်း၊ ပြည်သူများ မော်တော်ယာဉ်မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယာဉ်လိုင်စင်ဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် လှိုင်သာယာမြို့နယ် မီးရတားဘူတာရပ်ဝန်း ဧရိယာအတွင်း ပြည်သူများအကျိုးရှိစေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျသင်ကြားပေးသော နိုင်ငံတကာအဆင်‌့မီ မော်တော်ယာဉ်မောင်း အတက်သင်ကျောင်း၊ မော်တော်ယာဉ်မောင်း လေ့ကျင်‌့ရေးကွင်းအဖြစ် လည်းကောင်း၊ မော်တော်ယာဉ်မောင်း အကြီးအငယ်များ ယာဉ်သက်တမ်းတိုးခြင်း၊ ယာဉ်မှန်/မမှန် စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ ဆောင်ရွက်ပေးခြင်း မရှိနိုင်ပါက မီးရထားဘူတာ ရပ်ဝန်းဧရိယာအတွင်း မည်သည်‌့စီမံကိန်းများ ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး
အဖြေ

 

လှိုင်သာယာမြို့နယ်သည် ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးဦးစီးဌာန ခရိုင်ရုံးရန်ကုန် (မြောက်ပိုင်း) မှတ်ပုံတင်နယ်မြေတွင် ပါဝင်ပြီး ၎င်းခရိုင်ရုံး အောက်တွင် လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မှော်ဘီ၊ မင်္ဂလာဒုံ၊ လှိုင်၊ ကမာရွတ်၊ တိုက်ကြီး၊ ထန်းတပင်နှင်‌့ လှည်းကူးစသည့် မြို့နယ် ၁၀ ခု ပါဝင်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်မောင်း သင်တန်းကျောင်း စုစုပေါင်း ၄၇ ကျောင်းရှိပြီး ခရိုင်ရုံး ရန်ကုန် (မြောက်ပိုင်း) နယ်မြေအတွင်း ယာဉ်မောင်းသင်တန်းကျောင်း ၁၃ ကျောင်း ရှိပါကြောင်း၊ အဆိုပါ ယာဉ်မောင်းသင်တန်းကျောင်း ၁၃ ကျောင်းတွင် လှိုင်သာယာမြို့နယ်တွင် ယာဉ်မောင်း သင်တန်းကျောင်း တစ်ကျောင်း၊ ရွှေပြည်သာမြို့နယ်တွင် ယာဉ်မောင်းသင်တန်းကျောင်း ငါးကျောင်း၊ အင်းစိန်မြို့နယ်တွင် ယာဉ်မောင်းသင်တန်းကျောင်း နှစ်ကျောင်း၊ မှော်ဘီမြို့နယ်တွင် ယာဉ်မောင်း သင်တန်းကျောင်း နှစ်ကျောင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ယာဉ်မောင်းသင်တန်းကျောင်း နှစ်ကျောင်းနှင်‌့ လှိုင်မြို့နယ်တွင် ယာဉ်မောင်းသင်တန်းကျောင်း တစ်ကျောင်းတို့ ဖြစ်ပါကြောင်း၊

လက်ရှိအခြေအနေတွင် တိုင်းဒေသကြီးတစ်ခုလုံး အတိုင်းအတာအဖြစ် ယာဉ်မောင်းသင်ကြားလိုသူ အရေအတွက်နှင်‌့ သင်တန်းကျောင်းအရေအတွက် မျှတမှုရှိပြီး လက်ရှိသင်တန်းကျောင်း အနေဖြင့် သင်တန်းသား ထပ်မံတိုးချဲ့လက်ခံနိုင်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ မီးရတားဘူတာရပ်ဝန်း ဧရိယာအတွင်း ပြည်သူများ အကျိုးရှိစေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစနစ်တကျ သင်ကြားပေးသော နိုင်ငံတကာ အဆင်‌့မီ မော်တော်ယာဉ်မောင်း အတတ်သင်ကျောင်းနှင့် မော်တော်ယာဉ်မောင်း လေ့ကျင်‌့ရေး ကွင်းအဖြစ် ဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ လိပ်စာဖြင့် မှတ်ပုံတင်ထားသော မော်တော်ယာဉ်စီးရေမှာ ၁၀၉၃၅ စီးရှိပြီး ၎င်းမြို့နယ်သည် ရန်ကုန်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်တွင် ပါဝင်သဖြင့် မော်တော်ဆိုင်ကယ် စီးနင်းခြင်း မပြုသည့်နယ်မြေ ဖြစ်ပါကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လက်ရှိ ဖ့ွဲစည်းပုံအရ လှိုင်သာယာမြို့နယ်ထက် ယာဉ်စီးရေပိုမိုများပြားသော ခရိုင်များ၌ပင် ရုံးအသစ်များ ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ လက်ရှိအခြေအနေတွင် ခရိုင်ရုံးရန်ကုန် (မြောက်ပိုင်း) အင်းစိန်အနေဖြင့် နှစ်လဲ မှတ်ပုံတင်ဆောင်ရွက်ခြင်း၊ ယာဉ်မောင်းလိုင်စင်နယ်လှည့် သက်တမ်းတိုးခြင်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်ပြင်ပ မြို့နယ်များဖြစ်သော မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင်၊ လှည်းကူးမြို့နယ်များသို့ လစဉ်တတိယပတ် စနေနေ့တိုင်း အလှည့်ကျ နယ်လှည့်ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ နယ်လှည်‌့ဆောင်ရွက် ပေးရာတွင် (က)-၁ နှင်‌့ (က) ယာဉ်မောင်းလိုင်စင် အသစ်ပြုလုပ်လိုသူများကို စစ်ဆေး၍ထုတ်ပေးခြင်း၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးမြှင့်ခြင်းတို့ကို ယာဉ်မောင်းလိုင်စင် ရယူလိုသူနှင်‌့ ကိုင်ဆောင်သူပြည်သူများ အဆင်ပြေချော့မွေ့စေရန် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လှိုင်သာယာမြို့နယ် မီးရထားဘူတာရပ်ဝန်းဧရိယာ၌ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ရုံးဖွင်‌့လှစ်၍ ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါကြောင်းနှင်‌့ ခရိုင်ရုံးရန်ကုန် မြောက်ပိုင်းဖြင့် စည်ပင်သာယာနယ်မြေ ပြင်ပဖြစ်သော ထန်းတပင်မြို့နယ်သို့ နယ်လှည့်ဆောင်ရွက် ပေးသည့် လများတွင် လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင်‌့ညှိနှိုင်း၍ နယ်လှည့် ကွင်းဆင်းပြီး လုပ်ငန်းများဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် လှိုင်သာယာမြို့နယ်၊ မီးရထားဘူတာရပ်ဝန်း ဧရိယာအတွင်း စီမံကိန်းများမည်သို့ ဆောင်ရွက်မည်ဆိုသည့် ကိစ္စနှင်‌့ပတ်သက်၍ အဆိုပါ လှိုင်သာယာမြို့နယ်ရှိ မီးရထားဘူတာဝင်း ဧရိယာသည် ဧက ၁၂၀ ရှိပြီး ရန်ကုန်လှိုင်သာယာ-ပုသိမ်နှင်‌့ ရန်ကုန်လှိုင်သာယာ-ဟင်္သာတရထားလမ်းများ ဖောက်လုပ်ရာတွင် လှိုင်သာယာဘူတာသည် စတင်ထွက်ခွာမည့် ဘူတာကြီးဖြစ်သည့် အားလျော်စွာ စက်ခေါင်းနှင်‌့တွဲများ ညအိပ်ရပ်နား ကြမည်ဖြစ်၍ စက်ခေါင်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ တွဲဆက်များပြုပြင်ခြင်းနှင်‌့ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော စက်ခေါင်းရုံနှင့် တွဲပြင်ရုံများတွဲစစ်ဆေးခြင်းများကို တည်ဆောက်ရန်အတွက် လည်းကောင်း၊ စက်ခေါင်းရုံ၊ တွဲပြင်ရုံနှင်‌့တွဲဆက် စစ်ဆေးခြင်းများသို့  အဝင်/အထွက် ပြုလုပ်နိုင်ရန် လိုအပ်သောရထားလမ်းများနှင်‌့ စက်ခေါင်းလှည့်လမ်းများ ဖောက်လုပ်ရန်အတွက်လည်းကောင်း၊ ဆက်သွယ်ရေးအချက်ပြအဆောက်အဦများ၊ ကုန်ရုံများ၊ ဈေးဆိုင်ခန်း၊ စားသောက်ဆိုင်ခန်းများ၊ ရထားရဲစခန်း၊ စက်ခေါင်းမောင်းနား နေရိပ်သာများ၊ ရုံးအဆောက်အဦများ၊ ဝန်ထမ်းနေအိမ်များနှင့် ရထားလုပ်ငန်းဆိုင်ရာ ဆက်စပ်လုပ်ငန်းများကို ဘူတာရပ်ဝန်းအတွင်း မြေဧရိယာအတွင်း ဆောင်ရွက်ရန်အတွက် လည်းကောင်း လျာထားခဲ့ခြင်း ဖြစ်ပါကြောင်း၊ လှိုင်သာယာမြို့နယ်သည် ရန်ကုန်မြို့တော်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့ကြီးသို့ ကုန်းလမ်းခရီးဖြင့် ကူးသန်းသွားလာနိုင်ရေးအတွက် အချက်အခြာကျသော အဝေးပြေး ကားဂိတ်တစ်ခု တည်ရှိနေခြင်း၊ နေထိုင်သူလူဦးရေများပြားပြီး လူနေမှုအလွှာမျိုးစုံ စုဝေးနေထိုင်လျက် ရှိသည့်အပြင် ခရီးသွားဧည့်သည်များလည်း လာရောက်စုဝေးရာ မြို့နယ်ဖြစ်ခြင်းတို့ကြောင့် ဒေသခံများနှင့် ခရီးသွားပြည်သူများအတွက် လှိုင်သာယာမြို့နယ်မှ ရန်ကုန်မြို့တွင်းသို့ ဆက်သွယ်သွားလာရေး အဆင်ပြေစေရန်အတွက်  ခရီးသည်အရေအတွက် များများနှင့်အမြန်ဆုံး သယ်ယူပို့ဆောင်သည့် အစီအစဉ်တစ်ခု ဆောင်ရွက်ပေးရန် လိုအပ်လာပါကြောင်း၊  

ဂျပန်နိုင်ငံ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ရေးဆွဲရာတွင် YUNIT စီမံကိန်းကိုပါ ထည့်သွင်း ရေးဆွဲလျက်ရှိပါကြောင်း၊ အဆိုပါစီမံကိန်းတွင် ရန်ကုန်နယ်နိမိတ်အတွင်း အရှေ့နှင်‌့အနောက် ဆက်သွယ်ပေးမည့် အဆက်လမ်းကြောင်းတစ်ခု ပါဝင်ပြီး အဆိုပါလမ်းကြောင်းကို ကြိုတင်လေ့လာ ဆန်းစစ်ခြင်းသည် မကြာခင် ဆောင်ရွက်ပြီးစီးမည် ဖြစ်ပါကြောင်း၊ အဆိုပါ ရထားလမ်းကြောင်းသည် လှိုင်သာယာဘူတာနှင့် ရန်ကုန်မြို့ပတ်ရထားလမ်းတို့ ချိတ်ဆက်ပေးမည်ဖြစ်သဖြင့် ၎င်းစီမံကိန်းကို အကောင်အထည်ဖော်သည့်အခါတွင် လှိုင်သာယာဘူတာသည် ရန်ကုန်မြို့တော်၏ အနောက်ဘက် ခြမ်းအတွက် အဓိကဘူတာကြီးတစ်ခု ဖြစ်လာမည်ဖြစ်ခြင်း၊ ရန်ကုန်-ပုသိမ်ရထားလမ်းနှင့် ရန်ကုန်-ဟင်္သာတ ရထားလမ်းများကို ပြန်လည်အသုံးပြုလာပြီး ဖွံ့ဖြိုးတိုးတက်လာပါက လှိုင်သာယာ ဘူတာကြီးသည် ရထားလုပ်ငန်းအတွက်အရေးပါသော ဘူတာကြီးဖြစ်လာနိုင်မည် ဖြစ်ခြင်းတို့ကြောင့် လိုအပ်သော ရန်ကုန်အတွင်း ရထားလမ်းများ၊ အဆောက်အဦများ၊ ဝန်ထမ်းအဆောက်အဦများနှင့် အခြားဆက်စပ် အဆောက်အဦများကို မူလရည်ရွယ်ချက်အတိုင်း တည်ဆောက်ဖြည့်ဆည်းခြင်း စသည့် စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် လျာထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်