ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၄၀၁ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးမောင်မောင်၊ ထီးချိုင့်မဲဆန္ဒနယ်၏ ထီးချိုင့်မြို့နယ်၊ ကြက်တကောင် ကျေးရွာ အုပ်စုတွင် နယ်မြေရဲကင်းစခန်းငယ်တစ်ခု ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ထီးချိုင့် မြို့မရဲစခန်းမှ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နိုင်နင်းစွာဆောင်ရွက် နိုင်ခြင်းတို့ကြောင့် လတ်တလောအခြေအနေအရ ရဲကင်းစခန်းဖွင့်လှစ်ရန် မလိုအပ် သေးပါကြောင်းနှင့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ကမ်းနီရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် များပူးပေါင်း၍ တစ်ပတ်လျှင်တစ်ကြိမ် ရွာစင်ကျယ်လှည့်ကင်းများ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးအောင်စိုး၊ ယင်းမာပင်မဲဆန္ဒနယ်က မေးမြန်းသော သိမ်းဆည်းခံလယ်ယာမြေ နှင့်အခြားမြေများကို မူလပိုင်ရှင်များက ပြန်လည်လျှောက်ထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီက စစ်ဆေးထားသည့် ၁၉၈၈ ခုနှစ်မတိုင်မီ သိမ်းဆည်းခံရသည့် မြေမှုများမှာ သက်ဆိုင်ရာရပ်ကျေးအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့် သိမ်းဆည်း မြေစစ်ကော်မတီတို့မှ စစ်ဆေးပြီး မူလပိုင်ရှင်ထံသို့ ပြန်လည်ပေးအပ်ရန် တိုင်းအဆင့် သိမ်းဆည်းခံမြေပြန်စစ်ကော်မတီသို့ ရောက်ရှိနေသည့်အမှုများနှင့် ပတ်သက်၍ မည်သို့ဆက်လက်လုပ်ဆောင်မည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ၁၉၈၈ ခုနှစ်မတိုင်ခင် အမှုတွဲ များအား ပိတ်သိမ်း၍ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးပို့ကာ ၎င်းမှတစ်ဆင့် ပြည်ထောင်စုအစိုးရ အဖွဲ့သို့တင်ပြ၍ ဆက်လက်ဆောင်ရွက်ရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏စာဖြင့် အကြောင်း ကြားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးဦးထွန်းမောင်၊ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်က မေးမြန်းသော ပုဏ္ဏားကျွန်းမြို့နယ် မြို့လယ်ရှိ မြို့သူမြို့သားများပိုင်ဖြစ်ခဲ့သော “ဦးရာဇ်မင်္ဂလာပန်းခြံနှင့် ကလေးကစား ကွင်း”ဟောင်းနေရာတွင် မြို့နယ်ထွေ/အုပ်မှ မြေနေရာငှားထားသော နေရာတို့ကို ချန်လှပ်၍ ကျန်မြေနေရာလွတ်များကို “ဦးရာဇ်မင်္ဂလာပန်းခြံနှင့် ကလေးကစား ကွင်း”အဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက မြို့မအုပ်စုကွင်း အမှတ်(၆၂၇)၊ ပြင်ခေါင်ကွင်းတွင် ကလေးကစားကွင်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် မြို့ရေပေးရေးဂူဝတမံအနီးရှိ မြေ ၄.၂၈ ဧကတွင် ပန်းခြံနှင့် ကလေးကစားကွင်းပြုလုပ်ရန် မြေဖို့ခြင်းလုပ်ငန်းနှင့် ပေ ၂၁၀ အရှည် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါ်နန်းမိုး၊ မန်တုံမဲဆန္ဒနယ်က မေးမြန်းသော ၂၀၁၃မှ ၂၀၁၈အတွင်း အင်တာနက် အွန်လိုင်း သို့မဟုတ် အခြားနည်းလမ်းများဖြစ်စေ၊ ငွေကြေးလုပ်ငန်းလိုင်စင်မှတ်ပုံ တင်ထားခြင်းမရှိဘဲ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ခေါ်ယူခြင်း၊ တရားမဝင်ငွေ စတော့ရှယ်ယာများ ရောင်းချခြင်း၊ ပြည်ပသို့ တရားမဝင်ငွေကြေးများ လွှဲပြောင်း ခြင်းစသည့် စီးပွားရေးဆိုင်ရာ ငွေကြေးလိမ်လည်မှုများနှင့် ပတ်သက်၍ တိုင်ကြား လာသည့် အမှုပေါင်းမည်မျှရှိသနည်း၊ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူထား သည့် အမှုပေါင်းမည်မျှရှိသနည်းနှင့် ငွေကြေးဆိုင်ရာ လိမ်လည်မှုများ လျော့နည်း ပပျောက်အောင် မည်ကဲ့သို့ကြိုတင်ကာကွယ် ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း ၁၅၄ မှု တရားခံ ၁၇၂ ဦးအား တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ပြီး ငွေကြေးဆိုင်ရာလိမ်လည်မှုများ လျော့နည်း ကျဆင်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ မှုခင်းအသိပညာပေးဟောပြောပွဲများတွင် ထည့်သွင်း၍ အသိပညာပေးခြင်း၊ Internet Website များ၊ လူမှုကွန်ယက်များအသုံးပြု၍ ပြည်သူလူထုသို့ အသိပညာပေးခြင်း နှင့်ပြစ်မှုကျူးလွန်သူအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးစိုင်းမောင်ပွင့်၊ တန့်ယန်းမဲဆန္ဒနယ်က မေးမြန်းသော တန့်ယန်းမြို့ မြို့နယ် ရဲတပ်ဖွဲ့ ဝင်းအတွင်းရှိ ရဲဝန်ထမ်းအိမ်ရာ (၅)လုံးအား ပယ်ဖျက်ပြီး RC ကွန်ကရစ်ဖြင့် တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ)အသုံးစရိတ်တွင် လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၆) ဒေါ်အေးမြမြမျိုး၊ ကျောက်တန်းမဲဆန္ဒနယ်က မေးမြန်းသော ကျောက်တန်း မြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စု ရဲတပ်ရင်းအတွက် သိမ်းယူထားသော မြေပေါ်တွင် ကြက်ခြံအတွက် မြေငှားရမ်းခြင်း၊ ကားပျက်များလေလံဆွဲပြီး စုပုံခြင်း၊ ဖြတ်တောက် ခြင်းအတွက် အသုံးပြုနေခြင်းကြောင့် ထိခိုက်နစ်နာမှုအတွက် တိုင်ကြားထား သည်ကို မည်သို့ဖြေရှင်းဆောင်ရွက်ထားကြောင်း သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြင်ပစီးပွားရေး လုပ်ငန်းရှင်များအား ကြက်မွေးမြူရန်အတွက် မြေငှားရမ်းခြင်း၊ အကျိုးတူလုပ် ကိုင်ခြင်းများမရှိဘဲ တပ်ဖွဲ့ဝင်များ၏ လုပ်အားဖြင့် ကြက်ခြံ ၂ ခြံ ဆောက်လုပ်၍ ကြက်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါကြောင်းနှင့် ရဲတပ်ဖွဲ့ခွဲပိုင်မြေအတွင်း စုပုံထားရှိသော သံထည်ပစ္စည်းအဟောင်းများအား ဖယ်ရှားရှင်းလင်းပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဒေါ်နန်းခမ်းအေး၊ နမ္မတူမဲဆန္ဒနယ်က မေးမြန်းသော နမ္မတူမြို့နယ်တွင် ချာနန်းရှား၊ စီဘရ်ဂျလားလ်၊ ဂီယန်ဆင်၊ ချူကာကွေး (ဦးပိုင်အမှတ် ၆၄/ ၁၁၆)၊ ချူကာကွေး (ဦးပိုင်အမှတ် ၆၁)၊ အဖော်၊ ချူကာကွေး(ဦးပိုင်အမှတ် ၉၃)၊ ရှီကမ်ဒါမီးရား၊ ချင်ပတ်စူးစသည့်အမည်ပေါက် အဆောက်အအုံများကို မည်သည့်ခုနှစ်တွင် ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပြီး မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ၁၉၈၇ ခုနှစ်မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေအရ သိမ်းဆည်းခဲ့ပြီးဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ လွှဲပြောင်းထားရှိပြီး ဖြစ်ပါကြောင်းနှင့် အဆိုပါ အဆောက် အဦများ ငှားရမ်းခရရှိငွေများကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ နှစ်စဉ်ပေးသွင်းလျက်ရှိ ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) အစီရင်ခံစာတင်သွင်းခြင်း
ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီက အစီရင်ခံစာ တင်သွင်းပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၃-၁၂-၂၀၁၈ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဂ) ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင် သွင်းခြင်းနှင့် လွှတ်တော်၏အတည်ပြုချက်ရယူခြင်း
ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ၏ အစီရင်ခံစာကို သဘောတူ လက်ခံရန် အဆိုကို လွှတ်တော်သို့ တင်သွင်းပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
(ဃ) အစီရင်ခံစာဆွေးနွေးခြင်းနှင့်လွှတ်တော်၏အတည်ပြုချက်ရယူခြင်း
ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ၏ အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်(၅)ဦးက ဆွေးနွေးပြီး သဘောတူလက်ခံရန် အဆိုကို လွှတ်တော်သို့ တင်သွင်းပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
(င) ဥပဒေကြမ်း (၁) ခုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်သည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
(စ) အဆို (၁) ခု ဆွေးနွေးခြင်းနှင့်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဦးသောင်းအေး၊ ပျော်ဘွယ်မဲဆန္ဒနယ်က တင်သွင်းသည့် နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုး တက်သော နိုင်ငံအဖြစ် တည်ဆောက်ရာ၌ ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက် လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်(NEP)၌ အခြေခံကျသည့် ကျေးလက်နေပြည်သူများ၏ လျှပ်စစ်မီးရရှိသုံးစွဲမှုမြှင့်တင်ရေးအတွက် ကျေးလက်မီးလင်း ရေးလုပ်ငန်းများ ညီညွှတ်မျှတပြီး တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးဖြစ်ပေါ်နိုင်အောင် ကျေးလက်မီးလင်းရေး မူဝါဒများကို စိစစ်ချမှတ် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်း ကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်(၁၇)ဦးက ဆွေးနွေးပြီး လွှတ်တော်က မှတ်တမ်းတင်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ အစည်းအဝေးကို နေ့လယ် ၃ နာရီ ၃၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(၁၄)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၄.၁၂.၂၀၁၈ ရက် (သောကြာနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
