၂၀၁၃ မှ ၂၀၁၈ အတွင်း အင်တာနက်အွန်လိုင်း သို့မဟုတ် အခြားနည်းလမ်းများဖြင့်ဖြစ်စေ၊ ငွေကြေး လုပ်ငန်းလိုင်စင် မှတ်ပုံတင်ထားခြင်းမရှိဘဲ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ခေါ်ယူခြင်း၊ တရားမဝင်ငွေ စတော့ရှယ်ယာများ ရောင်းချခြင်း၊ ပြည်ပသို့ တရားမဝင်ငွေကြေးများ လွှဲပြောင်းခြင်းစသည့် စီးပွားရေးဆိုင်ရာ ငွေကြေးလိမ်လည်မှုများနှင့်ပတ်သက်၍ တိုင်ကြားလာသည့် အမှုပေါင်းမည်မျှရှိပါ သနည်း၊ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူထားသည့် အမှုပေါင်း မည်မျှရှိပါသနည်းနှင့် ငွေကြေးဆိုင်ရာ လိမ်လည်မှုများ လျော့နည်းပပျောက်အောင် မည်ကဲ့သို့ ကြိုတင်ကာကွယ်ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ကို သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
၂၀၁၆ ခုနှစ်တွင် အက်ဒွဲလား Success Resort ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားပြီး ၎င်းကုမ္ပဏီ ဒါရိုက်တာလေးဦးသည် တရုတ်နိုင်ငံသားတစ်ဦးနှင့်အတူ ပူးပေါင်းပြီးမြန်မာနိုင်ငံ ရန်ကုန်မြို့ တိုက်-C အခန်း (၂) ပထမထပ် ရွှေဂုံတိုင်တာဝါ၊ ဗဟန်းမြို့နယ်တွင် ရုံးခန်းဖွင့်လှစ်ထားပြီး SME လုပ်ငန်းများ ပေါ်ထွန်းလာရေး၊ အလုပ်လက်မဲ့ လူတန်းစားများအား အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးစသည့် အလုပ်အကိုင် အခွင့်အလမ်းများဖော်ဆောင် ပေးမည်ဟုဆိုပြီး မြန်မာနိုင်ငံတွင်းရှိ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်စသည့် မြို့နယ်အသီးသီးတွင် လိုက်လံစည်းရုံးဟောပြောပြီး လူပေါင်း ၁၀၀၀၀ ကျော်ထံမှ ငွေကြေး အမေရိကန်ဒေါ်လာ ၁၇၅ သိန်းခန့်ကို လိမ်လည်ရယူခဲ့ပါကြောင်း၊ လိမ်လည်မှုနည်းပုံစံမှာ ကုမ္ပဏီဆောင်ပုဒ်နှင့်အတူ မိမိတို့သည် မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင် ထားပြီဖြစ်ကြောင်း ငွေကြေးများကိုလည်း ပြည်တွင်းတွင်သာ ရင်းနှီးမြှုပ်နှံပြီး အကျိုးအမြတ်များအား နှစ်လတစ်ကြိမ် ရှင်းထုတ်ပေးမည်ဟု ပြောကြားပြီး စာချုပ်စာတမ်းများနှင့်အတူ ချုပ်ဆိုစေခဲ့ပါကြောင်း၊ တစ်နှစ်ခန့်တွင် ငွေကြေးအကျိုးအမြတ်များ ထုတ်ပေးခြင်း မရှိဘဲ ၎င်းအက်ဒွဲလား Success ကုမ္ပဏီသည် ထည့်ဝင်ငွေအချို့အား တရုတ်နိုင်ငံသို့ လွှဲပြောင်းခဲ့သည်ကို သတင်းအတိအကျ ရရှိထားပါကြောင်း၊ ကချင်ပြည်နယ်တွင် လူဦးရေ ၅၀၀၀ ကျော်သည် အိမ်များပေါင်နှံခြင်း၊ ငွေတိုးများယူပြီး ထည့်ဝင်ခြင်းကြောင့် ဒုက္ခများရင်ဆိုင်ရပြီး အမှုဖွင့်ထားကြောင်းနှင့် တခြားမြို့နယ်များတွင်လည်း ၎င်းနည်းတူ အမှုဖွင့်ထားကြောင်း၊ ထို့ကြောင့် ၎င်းကဲ့သို့ နိုင်ငံနှင့်ပြည်သူများ၏ အကျိုးစီးပွားများ မထိခိုက်စေရန်နှင့် ကုမ္ပဏီမှတ်ပုံတင်ထားခြင်းကို အလွဲသုံးစားပြုလုပ်ပြီး စတော့ရှယ်ယာများခေါ်ယူခြင်း၊ ငွေကြေးလုပ်ငန်းများပြုလုပ်ခြင်း၊ သတ်မှတ်ထားသည့် စည်းကမ်းနှင့်မကိုက်ညီသော ကုမ္ပဏီများအား တည်ဆဲဥပဒေနှင့်အညီ ပြင်းထန်စွာအရေးယူ သင့်ပါကြောင်းနှင့် မြန်မာနိုင်ငံတွင်း ပြည်သူများမထိခိုက်စေရန်အတွက် အက်ဒွဲလား Success ကဲ့သို့သော ကုမ္ပဏီများအား တည်ဆဲဥပဒေနှင့်အညီ အရေးယူပြီး နောင်တွင် မပေါ်ပေါက်စေရန်အတွက် စံနမူနာအဖြစ် အပြစ်ပေးသင့်ပါကြောင်းနှင့် မည်ကဲ့သို့ဆောင်ရွက် နေသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ငွေကြေးလုပ်ငန်းလိုင်စင် မှတ်ပုံတင်ခြင်းမရှိဘဲ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ခေါ်ယူခြင်း၊ တရားမဝင် စတော့ရှယ်ယာများ ရောင်းချခြင်း၊ ပြည်ပသို့ တရားမဝင် ငွေကြေးလွှဲပြောင်းခြင်း စသည့် စီးပွားရေးဆိုင်ရာ ငွေကြေးလိမ်လည်မှုများအား အင်တာနက်အွန်လိုင်း သို့မဟုတ် အခြားနည်းလမ်းဖြင့် ကျူးလွန်ပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ၊ ရာဇသတ်ကြီးဥပဒေနှင့် အခြားတည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊
ငွေကြေးဆိုင်ရာ လိမ်လည်မှုများ လျော့နည်းကျဆင်းရေးအတွက် ပြစ်မှုကျူးလွန်သူအား ဥပဒေနှင့်အညီ ထိရောက်ဟန့်တားနိုင်သည့် ပြစ်ဒဏ်ရရှိရေး စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ စီးပွားရေးဆိုင်ရာ ငွေကြေးလိမ်လည်မှုများအား အင်တာနက်အွန်လိုင်း သို့မဟုတ် အခြားနည်းလမ်းဖြင့် အသုံးပြု၍ ကျူးလွန်မှုများနှင့်ပတ်သက်၍ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအထိ အမှုပေါင်း ၁၅၄ မှုအား အမှုဖွင့်ဆောင်ရွက်နိုင်ခဲ့ပြီး တရားခံစုစုပေါင်း ၁၇၂ ဦးအား အရေးယူဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ အဆိုပါ အမှုပေါင်း ၁၅၄ မှုအနက် တရားရုံးစစ်ဆေးဆဲအမှုမှာ ၃၆ မှု၊ စုံစမ်းစစ်ဆေးဆဲ အမှုမှာ ၉၂ မှုနှင့် ပြီးပြတ်သောအမှုမှာ ၂၆ မှုဖြစ်ကြောင်း၊ အမြင့်ဆုံးချမှတ်ခဲ့သည့် ထောင်ဒဏ်မှာ ၃ နှစ် ဖြစ်ပြီး အနိမ့်ဆုံးချမှတ်ခဲ့သော ထောင်ဒဏ်မှာ ထောင်ဒဏ် ၆ လ ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မှုခင်းအသိပညာပေး ဟောပြောမှုများတွင် ငွေကြေးလိုင်စင် မှတ်ပုံတင်မရှိဘဲ ငွေကြေးရင်းနှီးမှုများခေါ်ယူခြင်း၊ တရားမဝင်စတော့ရှယ်ယာများ ရောင်းချခြင်း၊ ပြည်ပသို့ တရားမဝင်ငွေကြေး လွှဲပြောင်းခြင်းစသည့် စီးပွားရေးဆိုင်ရာ ငွေကြေးလိမ်လည်မှုများကို အွန်လိုင်းမှ တစ်ဆင့် သို့မဟုတ် အခြားနည်းလမ်းဖြင့် အသုံးပြု၍ ကျူးလွန်မှုမဖြစ်စေရေး၊ ကြိုတင်ရှောင်ရှား နိုင်ရေးအတွက် ဖြစ်စဉ်သာဓကများချပြ၍ အသိပညာပေးဟောပြောခြင်း၊ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ကျူးလွန်ခံရကြောင်း အမှုဖွင့်တိုင်တန်းလျှင် တရားခံအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ပြစ်မှုကျူးလွန်သူများ၏ လုပ်ကိုင်ဆောင်ရွက်ပုံ၊ မက်လုံးပေးလိမ်လည်ပုံ နည်းလမ်းများကို ပြည်သူများသိရှိ၍ ကြိုတင်ကာကွယ် ထားနိုင်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ သတင်းနှင့်နည်းပညာဌာနမှ နေ့စဉ်ထုတ် သတင်းစာများတွင် အသိပညာပေးဆောင်းပါးများ ထည့်သွင်းဖော်ပြခြင်း၊ အင်တာနက်ကွန်ရက် များမှတစ်ဆင့် ပြည်သူများသိရှိစေရန် အသိပညာပေးခြင်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊
တရားမဝင် စတော့ရှယ်ယာများ ရောင်းချခြင်းကဲ့သို့ ငွေကြေးဆိုင်ရာ လိမ်လည်မှုများ လျော့နည်း ပပျောက်စေရန် ကြိုတင်ကာကွယ် ပြင်ဆင်မှုအနေဖြင့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီများသာ အစုရှယ်ယာ ရောင်းချခွင့် ရှိကြောင်းကို အများပြည်သူများ သိရှိစေရန် အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ စာရင်းအား နိုင်ငံတော်ပိုင် သတင်းစာတွင် ကြော်ငြာထုတ်ပြန်ခြင်း၊ အများနှင့် သက်ဆိုင်သော ကုမ္ပဏီများအတွက် သတ်မှတ်ချက် အမိန့်ကြော်ငြာစာအမှတ် (၅၉/၂၀၁၈) ကို အများပြည်သူ သိရှိစေရန် www.dica.gov.mm ၌ ကြော်ငြာခြင်း စသည်တို့ကို ဆောင်ရွက် ထားရှိကြောင်း၊
အင်တာနက် အွန်လိုင်းပေါ်တွင် ငွေကြေးလုပ်ငန်းလိုင်စင် မှတ်ပုံတင်ထားခြင်း မရှိဘဲ ငွေကြေး ရင်းနှီးမြှုပ်နှံမှုများ ခေါ်ယူခြင်း၊ တရားမဝင်ငွေ စတော့ရှယ်ယာများ ရောင်းချခြင်း၊ ပြည်ပသို့ တရားမဝင် ငွေကြေးလွှဲပြောင်းခြင်းစသည့် စီးပွားရေးဆိုင်ရာ ငွေကြေးလိမ်လည်မှုများ လျော့နည်းပပျောက်စေရန် မိုဘိုင်းတယ်လီဖုန်း သုံးစွဲမှုဆိုင်ရာနည်းပညာ အသိပညာပေးခြင်း၊ လူမှုကွန်ရက်များ အသုံးပြုရာတွင် လိုက်နာဆောင်ရွက်သင့်သည့် အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထို့ကဲ့သို့ ငွေကြေးလိမ်လည်မှု၊ ရာဇဝတ်မှုများအား ကာကွယ်တားဆီးနိုင်ရန်အတွက် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ Post and Telecommunications Department (PTD) Facebook Page နှင့် www.ptd.gov.mm တို့တွင် မေးမြန်းစုံစမ်းနိုင်ရန် စီစဉ်ထားရှိပြီး အချိန်နှင့်တစ်ပြေးညီ စိစစ်ပြန်ကြားပေးလျက် ရှိပါကြောင်း၊
ထို့ကြောင့် ငွေကြေးလုပ်ငန်းလိုင်စင် မှတ်ပုံတင်ထားခြင်းမရှိဘဲ ငွေကြေးရင်းနှီးမြှုပ်နှံမှု ခေါ်ယူခြင်း၊ တရားမဝင် စတော့ရှယ်ယာများ ရောင်းချခြင်း၊ ပြည်ပသို့တရားမဝင် ငွေကြေးလွှဲပြောင်းခြင်းစသည့် စီးပွားရေးဆိုင်ရာ ငွေကြေးလိမ်လည်မှုများအား အင်တာနက်အွန်လိုင်း သို့မဟုတ် အခြား နည်းလမ်းများဖြင့် ကျူးလွန်သဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း ၁၅၄ မှု တရားခံ ၁၇၂ ဦး အား တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ပါကြောင်း၊ ငွေကြေးဆိုင်ရာလိမ်လည်မှု လျော့နည်း ကျဆင်းစေရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ မှုခင်းအသိပညာပေး ဟောပြောပွဲများတွင် ထည့်သွင်းအသိပညာပေးခြင်း၊ အင်တာနက်၊ Website များ၊ လူမှုကွန်ရက်များ အသုံးပြု၍ ပြည်သူလူထုသို့ အသိပညာပေးခြင်းနှင့် ပြစ်မှုကျူးလွန်သူအား ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူခြင်းတို့အား ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
