(ခ)-သိမ်းဆည်းခံလယ်ယာမြေနှင့် အခြားမြေများကို မူလပိုင်ရှင်များက ပြန်လည်လျှောက်ထားသည့်ကိစ္စနှင့် စပ်လျဉ်း၍ မည်သို့ဆက်လက် ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၂.၁၂. ၂၀၁၈)

 

သိမ်းဆည်းခံလယ်ယာမြေနှင့်အခြားမြေများကို မူလပိုင်ရှင်များက ပြန်လည်လျှောက်ထားသည့်ကိစ္စနှင့် စပ်လျဉ်း၍ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးဗဟိုကော်မတီက စစ်ဆေးထားသည့် ၁၉၈၈ ခုနှစ်မတိုင်မီ သိမ်းဆည်းခံရသည့်မြေမှုများမှာ သက်ဆိုင်ရာ ရပ်ကျေးအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့် သိမ်းဆည်းမြေစစ်ကော်မတီတို့မှစစ်ဆေးပြီး မူလပိုင်ရှင်ထံသို့ ပြန်လည် ပေးအပ်ရန် တိုင်းအဆင့် သိမ်းဆည်းခံမြေပြန်စစ်ကော်မတီသို့ရောက်ရှိနေသည့်အမှုများနှင့်ပတ်သက်၍ မည်သို့ဆက်လက်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

သိမ်းဆည်းခံမြေအမှုများကို သိမ်းဆည်းခံလယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ (၁/၂၀၁၇) ခုနှစ် မူဝါဒလုပ်ငန်းစဉ် (၈) ရပ်နှင့်အညီ ရပ်/ကျေး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီမှလည်းကောင်း၊ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ လည်းကောင်း၊ ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီမှလည်းကောင်း အသီးသီးစစ်ဆေး သုံးသပ်ပြီး မူလလက်ငုတ်ပိုင်ရှင် တောင်သူများထံသို့ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ပေးအပ်ရန် အကြံပြုလျက် စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီသို့ ၅-၁-၂၀၁၈ ရက်နေ့တွင် ပေးပို့ရောက်ရှိခဲ့ပါကြောင်း၊

သိမ်းဆည်းခံမြေအမှု နှစ်မှုတွင်ရပ်/ကျေးအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်များမှ စစ်ဆေးပြီးစီး ခဲ့သည်မှာ ၂၀၁၇ ခုနှစက အဆင့်ဆင့်သော ဌာနတာဝန်ရှိသူများအနေဖြင့် အမှုတွဲများကို အထက်အောက် အပြန်အလှန်ပို့ နေကြသည့်အခါ အချိန်များကြန့်ကြာ သွားသည့်အတွက် အဆိုပါအမှုများသည် တိုင်းဒေသကြီး သိမ်းဆည်းခံမြေ ပြန်လည်စိစစ်ရေး ကော်မတီသို့ ၅-၁-၂၀၁၈ ရက်နေ့မှ ရောက်ရှိခဲ့ရခြင်း ဖြစ်ပါကြောင်း၊

စစ်ကိုင်းတိုင်းတိုင်း သိမ်းဆည်းခံမြေ ပြန်လည်စိစစ်ရေး ကော်မတီအနေဖြင်‌့လည်း ၅-၁-၂၀၁၈ ရက်နေ့ ရောက်ရှိသည့်အမှုများကို ချက်ချင်းကိုင်တွယ် ဆောင်ရွက်ခြင်းမရှိဘဲ ထားခဲ့သည့်အတွက် ယခုနောက်ဆုံး ထုတ်သည့် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များတွင် ပါရှိသည့် ၁၉၈၈ ခုနှစ်နောက်ပိုင်း မြေသိမ်းဆည်းသည့် အမှုများကိုသာ စိစစ်ဆောင်ရွက်ရန်ဆိုသည့် အချက်ပါရှိ လာသည့်အတွက် ယင်းမာပင်မြို့နယ်က အချင်းဖြစ် သိမ်းဆည်းခံမြေမှု နှစ်မှုမှာ ၁၉၈၈ ခုနှစ် မတိုင်မီက အမှုများဖြစ်သဖြင့် သိမ်းဆည်းခံလယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေး ကော်မတီအနေဖြင့် အဆိုပါအမှုတွဲများကို ပိတ်သိမ်းမည် ဟုသိရပါကြောင်း၊ အမှန်မှာ သိမ်းဆည်းခံ လယ်ယာမြေအမှုများနှင့် ပတ်သက်၍ ယခုသမ္မတကြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ် ကတည်းက မိန့်မှာထားသည့်အတိုင်း လွှတ်တော်ကိုယ်စားလှယ်များသည် အမှုများကို မူဝါဒလုပ်ငန်းစဉ်များနှင့်အညီ ကိုယ်တိုင်ဂရုတစိုက် သေချာစွာ စစ်‌ဆေးခဲ့သည့်အပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေဖြင်‌့ သီးခြားမှတ်ချက်များ ရေးသားပြီး သုံးသပ်ချက်များလည်း ပေးခဲ့ပြီး ဖြစ်ပါသော်လည်း ကိုယ်စားလှယ်များက တောင်သူလယ်သမားများဘက်မှနေပြီး ရပ်တည်ကြိုးစားခဲ့ကြသော်လည်း သက်ဆိုင်ရာအဆင့်ဆင့် တာဝန်ရှိသူများနှင့်တိုင်းအဆင့် တို့တွင် ကြန့်ကြာခဲ့သည့်အတွက်ကြောင့်လည်းကောင်း၊ နောက်ဆုံးထုတ်ပြန်ခဲ့သည့် သိမ်းဆည်းခံလယ်ယာမြေနှင့် အခြားမြေများပြန်လည်စိစစ်ရေး ကော်မတီ၏ မူဝါဒလုပ်ငန်းစဉ်များကြောင့် လည်းကောင်း၊ တောင်သူ လယ်သမားများ နစ်နာဆုံးရှုံးမှုများ ဖြစ်‌ပေါ်ခဲ့သည်ရှိသော် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များကြောင့် မဟုတ်ပါကြောင်းကို ယင်းမာပင်မြို့နယ်မှ တောင်သူလယ်သမားများနှင့် အလားတူနစ်နာဆုံးရှုံးရမည့် တစ်နိုင်ငံလုံးတွင်ရှိုသည့် တောင်သူလယ်သမားများ သိရှိစေရန် အသိပေးတင်ပြအပ်ပါကြောင်း၊ ထို့ကြောင့် ယင်းမာပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းတို့မှ သိမ်းယူထားသော သိမ်းဆည်းခံမြေအမှုနှင့် စိုက်ပျိုးရေးဦးစီးဌာနက သိမ်းဆည်းခံမြေအမှုနှစ်မှုနှင့် ပတ်သက်ပြီး မည်ကဲ့သို့ဆက်လက် ဆောင်ရွက်မည်ကို ဒေသခံတောင်သူ လယ်သမားများကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်အောင်သူ ဒုတိယဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီအား ၅-၅-၂၀၁၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၁၆) ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါ ဗဟိုကော်မတီတွင် ဒုတိယသမ္မတ (၂) မှ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့မှ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်တို့မှ အဖွဲ့ဝင်အဖြစ်လည်းကောင်း စုစုပေါင်း ၂၅ ဦးဖြင့်ဖွဲ့စည်း ထားရှိခဲ့ပါကြောင်း၊

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုအပေါ် စိစစ်ဖြေရှင်းဆောင်ရွက်ခြင်းနှင့် စွန့်လွှတ်မြေများအား သက်ဆိုင်သူများလက်ဝယ်သို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်လင့်တကူစိစစ် ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ၃၀-၃-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၇) တွင် လမ်းညွှန်ချက် (၈) ရပ်ကို အတည်ပြုခဲ့ပါကြောင်း၊ ထို့အပြင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ ၂၁-၃-၂၀၁၈ ရက်စွဲပါစာဖြင့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ ချမှတ်ထားသော မူဝါဒလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မြေပြင်တွင် တွေ့ကြုံနေရသည့် အခက်အခဲများ ပိုမိုအဆင်ပြေချောမွေ့စေရန် စာသားများ၊ ဥပဒေအသုံးအနှုန်းနှင့် ကိုက်ညီမှုရှိစေရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ လမ်းညွှန်မှုခံယူ၍ ပြင်ဆင်ထားသည့် မူဝါဒ ၅၂ ချက်ကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီများသို့ ဖြန့်ဝေခဲ့ပါကြောင်း၊

ထိုသို့ပြင်ဆင်ထားသော မူဝါဒ ၅၂ ချက်အရ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီအနေဖြင့် သိမ်းဆည်းမြေ တိုင်ကြားစာများနှင့် ပတ်သက်၍ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြေသိမ်းဆည်းမှုကိုသာ စိစစ်ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့သော် ယခင်မူဝါဒတွင် ပါဝင်သည့် ၁၉၈၈ ခုနှစ်မတိုင်မီ သိမ်းဆည်းမှုများအား သီးခြားကိစ္စတစ်ရပ်အနေဖြင့် ဖြေရှင်းပေးရမည်ဟူသော လမ်းညွှန်ချက်အရ ရပ်ကွက်/ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများမှ ၁၉၈၈ ခုနှစ်မတိုင်မီ အမှုတွဲများအား စိစစ်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများသို့ တင်ပြပြီးဖြစ်ပါကြောင်းကိုလည်း သိရှိရပါကြောင်း၊

သို့ဖြစ်ပါ၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများအနေဖြင့် ၁၉၈၈ ခုနှစ်မတိုင်မီ အမှုတွဲများအား ပိတ်သိမ်း၍ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်း ပေးပို့ပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့တင်ပြ၍ ဆက်လက်ဆောင်ရွက်ရန် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ ၁၇-၇-၂၀၁၈ ရက်စွဲပါစာဖြင့် အကြောင်းကြားပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။