(ဆ)-နမ္မတူမြို့နယ်အတွင်းရှိ ဦးပိုင်အမှတ် ၆၄/၁၁၆၊ ဦးပိုင်အမှတ် ၆၁ နှင့် ဦးပိုင်အမှတ် ၉၃ စသည်‌့ အမည်ပေါက် အဆောက်အအုံများ ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပြီး မည်သို့ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၂.၁၂. ၂၀၁၈)

 

နမ္မတူမြို့နယ်တွင် ချာနန်းရှား၊ စီဘရ်ဂျလားလ်၊ ဂီယန်ဆင်၊ ချူကာကွေး(ဦးပိုင်အမှတ် ၆၄/၁၁၆)၊  ချူကာကွေး (ဦးပိုင်အမှတ် ၆၁)၊ အဖော်၊ ချူကာကွေး(ဦးပိုင်အမှတ် ၉၃)၊ ရှီကမ်ဒါမီးရား၊ ချင်ပတ်စူး စသည်‌့အမည်ပေါက် အဆောက်အအုံများကို မည်သည်‌့ခုနှစ်တွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပြီး မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည်‌့မေးခွန်း

မူလဦးပိုင်အမည်ပေါက် ပိုင်ဆိုင်သူ ချာနန်းရှား မြေချိန်အမှတ် ဝ.၁၁၄ ဧက၊ မူလဦးပိုင်အမည်ပေါက် ပိုင်ဆိုင်သူ စီဘရ်ဂျလားလ်၏ မြေကွက်တည်နေရာများ၊ မူလဦးပိုင်အမည် ပေါက်ပိုင်ဆိုင်သူ ဂီယန်ဆင်၏ ဝ.၁၁ ဧက၊ မူလဦးပိုင်အမည်ပေါက် ပိုင်ဆိုင်သူ ချူကာကွေး၏ ဝ.၁၅၈ ဧက၊ မူလဦးပိုင်အမည်ပေါက် ပိုင်ဆိုင်သူ ချူကာကွေး၏ ဝ.၁၂၉ ဧက၊ မူလဦးပိုင်အမည်ပေါက် ပိုင်ဆိုင်သူအဖော်၏ ဝ.၁၀၃ ဧက၊ မူလဦးပိုင်အမည်ပေါက်ပိုင်ဆိုင်သူ ချူကာကွေး၏ ဝ.၁၄၃ ဧက၊ မူလဦးပိုင်အမည်ပေါက် ပိုင်ဆိုင်သူ ဒေါ်ရှီကမ်ဒါမီးရား၏ ဝ.၁၂၁ ဧကနှင့် မူလဦးပိုင်အမည်ပေါက် ပိုင်ဆိုင်သူချင်ပတ်စူး၏ ဝ.၀၆၅ ဧက ရှိသည့် အဆောက်အဦများကို မည်သည့် ခုနှစ်တွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပြီး မည်ကဲ့သို့ စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ရှမ်းပြည်နယ်၊ ကျောက်မဲ ခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက် ၃ ရပ်ကွက်တွင် တရုတ်နိုင်ငံသား ၃ ဦး ပိုင်ဆိုင်သည့် အဆောက်အဦ ၅ လုံး၊ အိန္ဒိယနိုင်ငံသား ၄ ဦးပိုင်ဆိုင်သည့် အဆောက်အဦ ၄ လုံး ရှိပါကြောင်း၊ အဆိုပါ နိုင်ငံခြားသား ၇ ဦးအနက် ၄ ဦးမှာ အိန္ဒိယနိုင်ငံသို့လည်းကောင်း၊ ၂ ဦးမှာ တရုတ်နိုင်ငံသို့လည်ကောင်း၊ ၁ ဦးမှာ အမေရိကန်နိုင်ငံသို့လည်းကောင်း  အသီးသီးအပြီးအပိုင် ထွက်ခွာသွားကြသည်ကို စိစစ်သိရှိရပါကြောင်း၊ နိုင်ငံခြားသားအမည်ပေါက် အဆောက်အဦများကို ပြည်ထဲရေးဝန်ကြီး ဌာန၏ ၃၁-၁၀-၂၀၁၈ ရက်စွဲပါစာဖြင့် မရွှေ့‌ွပြောင်းနိုင်သောပစ္စည်း လွှဲ‌ွပြောင်းခြင်းကို ကန့်သတ်သည်‌့ ဥပဒေပုဒ်မ ၆ ပုဒ်မခွဲ (ခ) အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပြီး အဆိုပါ အဆောက်အဦ ၉ လုံး အား မရွှေ့မ‌ပြောင်းနိုင်သော ပစ္စည်းလွှဲ‌ွပြောင်းခြင်းကို ကန့်သတ်သည်‌့ ဥပဒေ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၁၇ အရ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊

အဆိုပါ အဆောက်အဦ ၉ လုံးနှင့်ပတ်သက်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းကြောင်း အမိန့်မထုတ်ပြန်မီ မရွှေ့မ‌ပြောင်းနိုင်သော ပစ္စည်းများလွှဲပြောင်းခြင်းကို ကန့်သတ်သည်‌့ ဥပဒေဆိုင်ရာ စိစစ်ရေးအဖွဲ့၏ ၂၈-၁-၂၀၁၁ ရက်စွဲပါစာဖြင့် ခုခံချေပလွှာ တင်သွင်းလိုပါက မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည်‌့ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၁၄ ပါပြဋ္ဌာန်း ချက်များနှင့်အညီ ရက်ပေါင်း ၃၀ အတွင်း စိစစ်ရေးအဖွဲ့သို့ တင်ပြနိုင်ကြောင်းကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ဈေး၊ သိမ်းဆည်းမည်‌့ မြေနေရာနှင့် အများပြည်သူမြင်သာသည့် နေရာများတွင် အသိပေးကြေညာခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းကြောင်း အမိန့်ထုတ်ပြန်ပြီး လွှဲပြောင်းပေးခဲ့မှုအပေါ် ကျေနပ်မှုမရှိပါက ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စု အစိုးရအဖွဲ့သို့ အယူခံဝင်နိုင်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံး၊ ဈေး၊ သိမ်းဆည်းမည်‌့မြေနေရာနှင့် အများပြည်သူမြင်သာသည်‌့ နေရာများတွင် အသိပေးကြေညာ ထားရှိသည်‌့အပြင် မြန်မာနိုင်ငံပြန်တမ်းတွင်လည်း အမိန့်ကြေညာစာ ထုတ်ပြန်ထားရှိခဲ့ပါကြောင်း၊

ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည့် မြေနှင့်အဆောက်အဦ ၉ လုံးတို့အား အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနပိုင်မြေနှင့် အဆောက်အဦစာရင်းတွင် ပါရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါ အဆောက်အဦ ၉ လုံးအား ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်မှစ၍ နမ္မတူမြို့ဌာနဆိုင်ရာ ဝန်ထမ်းအချို့တို့အား ငှားရမ်းခဲ့ပြီး ငှားရမ်းခ ရရှိငွေများကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေစာရင်း MD-020590 သို့ နှစ်စဉ်ပေးသွင်းလျက် ရှိပါကြောင်း၊ သို့ပါ၍ ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်ရှိ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် ၎င်းမြေနှင့် အဆောက်အဦ ၉ လုံးတို့ကို  ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများလွှဲပြောင်းခြင်းကို ကန့်သတ်သည်‌့ဥပဒေအရ သိမ်းဆည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများလွှဲပြောင်းခြင်းကို ကန့်သတ်သည်‌့ဥပဒေ ဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ လွှဲပြောင်းထားပြီး ဖြစ်ပါကြောင်းနှင့် အဆိုပါ အဆောက်အဦများ ငှားရမ်းခ ရရှိငွေများကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ နှစ်စဉ်ပေးသွင်းလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။

ဒေါ်နန်းခမ်းအေး (နမ္မတူမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့ နမ္မတူမြို့တွင် မြေနေရာအပိုင်မရှိသည့် ရုံးများ အများကြီးရှိပါကြောင်း၊ အဆိုပါ သက်ဆိုင်ရာ ရုံးများ အတွက် ယခု ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းပြီးသည့်နောက်ပိုင်းတွင် မြေစာရင်းဦးစီးဌာနမှာ မူလပိုင်ရှင် အမည်ပေါက်များနှင့်ထားရှိပြီး ယခုကဲ့သို့ စီမံခန့်ခွဲနေသည်ကို ဥပဒေနှင့်ညီညွတ်မှု ရှိ/မရှိကို သိလိုပါ ကြောင်းနှင့် ၎င်းငှားရမ်းထားသည့် နေရာတွင် မည်ကဲ့သို့ နည်းလမ်းများ၊ စာချုပ်သက်တမ်း မည်မျှဖြင့် ငှားရမ်းထားသည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဗိုလ်ချုပ်အောင်သူ(ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန)

ရှမ်းပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဌာနအမည်ပေါက် ကိုးလုံးကို ထွေအုပ်ပိုင်အဖြစ် သိမ်းဆည်းထားရှိပြီး ဖြစ်ပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး  မည်သည့်နည်းလမ်းများဖြင့်ငှားရမ်း ဆောင်ရွက် ထားသည်ကို မိမိဆက်လက် မေးမြန်းပြီး ပြန်လည်ဖြေကြား ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။