(ခ)-၂၀၁၇-၁၈ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများကို ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ ဆေးတက္ကသိုလ်များ အပါအဝင် အခြားအမှတ်မီသော တက္ကသိုလ်များတွင် လစ်လပ်သွားသော နေရာတွင် လက်ခံခြင်းရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၁၁.၁၂. ၂၀၁၈)

 

၂၀၁၇-၁၈ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများကို ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ ဆေးတက္ကသိုလ်များအပါအဝင် အခြားအမှတ်မီသော တက္ကသိုလ်များတွင် ဝင်ခွင်‌့ရစာရင်း အတိုင်းကျောင်းမအပ်ဘဲ လစ်လပ်သွားသော အရေအတွက်နေရာတွင် လက်ခံခြင်းရှိ/မရှိနှင်‌့စပ်လျဉ်း သည့်မေးခွန်း

ပညာ‌ရေးမြှင်‌့တင်မှုကော်မတီ ဥက္ကဋ္ဌတာဝန်ယူထားသည့်အတွက် ကော်မတီ၏ ကျောင်းသားမိဘများ၊ လွှတ်တော်ကိုယ်စားလှယ်များက အဆိုပါကိစ္စနှင့်ပတ်သက်၍ ပေးပို့လာသည့် တိုင်ကြားစာများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခြင်း၊ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခြင်း၊ လူကိုယ်တိုင်လာရောက် တွေ့ဆုံခြင်းများ ရှိနေပါကြောင်း၊ ၎င်းတို့အနက်မှ နိုင်ငံတော်အကြီးအကဲအဆင့်ဆင့်ကို လိပ်မူပြီး မိမိတို့ကော်မတီကို မိတ္တူပေးသည့်စာများလည်း ပါဝင်ပါကြောင်း၊ ဒီဇင်ဘာလမကုန်ခင် တက္ကသိုလ်များသည် ပြန်လည်ဖွင်‌့လှစ်တော့မည် ဖြစ်ပါကြောင်း၊ ကာယကံရှင် ကျောင်းသားမိဘများ အချိန်မီပြင်ဆင်နိုင်အောင် စသည့်အချက်များကြောင်‌့ မေးရခြင်းဖြစ်ပါသည်။

၂၀၁၇-၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများကို ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်ငါးခု၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နှစ်ခုတို့က အမှတ်အနည်းအများအလိုက် မိမိတို့တက္ကသိုလ်များကသာ ရွေးချယ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အတူ ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ် ၁၁ ခုကလည်း မိမိတို့အစီအစဉ်ဖြင်‌့ လျှောက်လွှာခေါ်ယူ၍ ရွေးချယ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ တချို့သော ကျောင်းသားများသည် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျောင်းများနှင့် ပညာရေးဝန်ကြီး ဌာနအောက်ရှိ ကျောင်းများကို လျှောက်ထားခဲ့ရာ တစ်ဦးတည်း နှစ်ကျောင်း/သုံးကျောင်း ဝင်ခွင်‌့ရနေသည်ကို တွေ့ရှိရပါကြောင်း၊ တချို့သောသူများသည် ပညာရေး ဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားဘာသာတက္ကသိုလ်နှင်‌့ နည်းပညာတက္ကသိုလ်များသို့ ကျောင်းအပ်နှံပြီးကြောင်း တွေ့ရှိရသည့်အတွက် ဆေးတက္ကသိုလ်နှင်‌့ သွားဘက်ဆိုင်ရာ တက္ကသိုလ်များတွင် သတ်မှတ်အရည်အသွေးအောက် ၂၀၀ ပတ်ဝန်းကျင်ခန့် လျော့နည်းနေသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါနေရာများတွင် ကျန်ရှိအမှတ်မီသော ကျောင်းသား/သူများကို လက်ခံပေးရန် အကြံပြုအပ်ပါကြောင်း၊ ၎င်းနေရာတွင် ကျန်ရှိကျောင်းသား အမျိုးအစားနှစ်မျိုး ရှိပါကြောင်း၊ ၎င်းမှာ အလျှောက်မှား၍ မည်သည်‌့တက္ကသိုလ်မှ ဝင်ခွင်‌့မရရှိသော ကျောင်းသား/သူများနှင်‌့ ဝါသနာပါပြီး အမှတ်တစ်မှတ်/နှစ်မှတ်သာ နည်းသွား၍ ဝင်ခွင်‌့မရသည့်ကျောင်းသားဟူ၍ နှစ်မျိုးရှိပါကြောင်း၊ ပထမအမျိုးအစားကိုကြည်‌့မည်ဆိုပါက မိဘများက ယခင်နှစ်အဆက်ဆက် ဆေးတက္ကသိုလ်ဝင်ခွင့် အမှတ်များသည် ၅၁၀ ထက် မကျော်သည်ကိုကြည်‌့ပြီး ဆေးတက္ကသိုလ် တစ်ခုတည်းကိုသာ လျှောက်ထားကြသည့်အတွက်ကြောင်‌့ ဖြစ်ရခြင်းလည်းဖြစ်ပါကြောင်း၊ မိမိတို့ ပြန်လည်သုံးသပ်မိသည်မှာ ၁၀ တန်းအောင်အမှတ်များ ပိုမိုမြင်‌့မားလာသည်ကို တွေ့ရှိရသကဲ့သို့ ၂၀၁၅ ခုနှစ်နောက်ပိုင်း ဆေးတက္ကသိုလ်တွင် လက်ခံသည့်အရေအတွက် လျော့နည်းလာခြင်းကြောင့် ဆိုသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ၂၀၁၅ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် အဆိုပါနှစ်လက်ခံသည့် အရေအတွက်က ၅၀၀ ဦး ခန့် ကွာဟနေသည်ကို တွေ့ရှိရပါကြောင်း၊

မိမိမြို့နယ်ဖြစ်သည့် ကျောက်ဆည်မြို့နယ်မှ ကျောင်းသား/သူတစ်ဦး၏မိဘက ၎င်းတို့၏သမီးသည် ၆ ဘာသာ ဂုဏ်ထူးဖြင့် ရမှတ်ပေါင်း ၅၁၂ မှတ်ထားသဖြင့် ဆေးတက္ကသိုလ်တစ်ခုတည်းကို လျှောက်ခဲ့ မိပါကြောင်း၊ မည်သည်‌့တက္ကသိုလ်မှ ဝင်ခွင်‌့မပါ၍ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်နှင့် ဆိုင်သည့် ကျန်းမာရေးလုပ်သားဦးစီးဌာနကို သွားရောက်မေးမြန်းသည့်အခါ ယင်းဌာနမှ တာဝန်ရှိသူများက ကျောင်းမအပ်သည့် နေရာများကို အစားထိုးရွေးချယ်ပေးရန် မရှိကြောင်း၊ ကျောင်းအပ်သူကိုသာ ဖွင်‌့လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်း အဝေးသင်တက္ကသိုလ်ကိုသာ တက်ရန်ပြောကြားသဖြင်‌့ မိမိထံရောက်ရှိ လာခြင်းဖြစ်ပါကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် ပညာရေးဝန်ကြီးဌာနက လက်ခံပေးသဖြင့် မန္တလေးရှိ နည်းပညာတက္ကသိုလ်တစ်ခုတွင် မိဘကအတင်းလိုက်အပ် ပေးထားသော်လည်း ကလေးမှဝါသနာမပါသဖြင်‌့ ငိုယိုပြန်လာခဲ့ကြောင်း ဖုန်းဆက်အကြောင်းကြားပါသည်။ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ အနေဖြင့်လည်း မည်သည်‌့တက္ကသိုလ်မှ ဝင်ခွင်‌့မရသည်‌့ ကျောင်းသား/သူများကို အမှတ်အနည်း အများအလိုက် ပြန်လည်လက်ခံပေးနေပါကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များအနေဖြင့်လည်း လက်ခံပေးနိုင်ခြင်း ရှိ/မရှိနှင်‌့ အရည်အချင်းရှိ လူငယ်များဝါသနာအလျောက် ပညာသင်ယူမှု အခွင်‌့အလမ်း မဆုံးရှုံးစေရေးအတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ရှေးဦးစွာ ကျောင်းသားများကို တက္ကသိုလ်ဝင်ခွင်‌့ လမ်းညွှန်စာအုပ်များ ဖြန့်ဝေပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်ခွင်‌့ လမ်းညွှန်တွင် တက္ကသိုလ်လျှောက်ထားမည်‌့ပုံစံ၊ တက္ကသိုလ်ရွေးချယ်မှုစနစ် ပြည့်စုံစွာ ဖော်ပြထားပြီး ဖြစ်ပါကြောင်း၊ သို့သော်လည်း အချို့သော ကျောင်းသားများသည် တစ်နေရာတည်း မလျှောက်ဘဲ သုံးနေရာလျှောက်ထားခြင်းမျိုးများ ရှိပါကြောင်း၊ မိမိတို့အစတည်းက ကွန်ပျူတာဖြင့်စိစစ်ပြီး တက္ကသိုလ်လျှောက်ထားမှု နေရာထပ်နေလျှင် ၎င်းတို့ကိုဆက်သွယ်ပြီး မည်သည်‌့တက္ကသိုလ်ကိုသာ ဦးစားပေးလိုကြောင်း ညှိနှိုင်းဆောင်ရွက်ပေးပြီး ဖြစ်ပါကြောင်း၊ ဒုတိယအနေဖြင့် ကိုယ်စားလှယ်တော်ကြီး တင်ပြသကဲ့သို့ ဆေးတက္ကသိုလ်တစ်ခု ရွေးချယ်ခဲ့ပြီး အခြားတက္ကသိုလ် ဖော်ပြထားခြင်းမရှိဘဲ ဆေးတက္ကသိုလ်မှ ရွေးချယ်ခြင်းမခံရသည့် ကျောင်းသား/သူများလည်း ရှိပါကြောင်း၊ အဆိုပါ ကျောင်းသား/သူများကို ပါမောက္ခချုပ်များကော်မတီကနေ ခေါ်ယူတွေ့ဆုံပြီး မိမိတို့ဝါသနာပါရာကို  ဆန္ဒပြုစေခဲ့ရာတွင် ရန်ကုန်နည်းပညာတက္ကသိုလ် ၁၉ ဦး၊ မန္တလေးနည်းပညာတက္ကသိုလ် ၃၀ ဦး၊ နည်းပညာတက္ကသိုလ် (မန္တလေး) ၆ ဦး၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ၂၁ ဦး၊ မန္တလေးကွန်ပျူတာ တက္ကသိုလ် ၃ ဦး၊ ပညာရေးတက္ကသိုလ် ၅ ဦး၊ ရန်ကုန်နိုင်ငံခြားဘာသာသင် တက္ကသိုလ် ၁၇ ဦး၊ မန္တလေးနိုင်ငံခြားဘာသာသင် တက္ကသိုလ် ၈ ဦး အားလုံး ၁၁၇ ဦး ဝင်ခွင်‌့ပြုသည့်အတွက် တက္ကသိုလ်တစ်ခုတည်း လျှောက်ထားစေကာမူ တက္ကသိုလ်ဝင်ခွင်‌့မရသည်‌့ နစ်နာမှုမျိုးမရှိစေရန် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း၊ ဆေးတက္ကသိုလ်များနှင့် စပ်လျဉ်းပြီး  ဆေးတက္ကသိုလ်များ၏ ဝင်ခွင်‌့စိစစ်ရွေးချယ်ခြင်းကို ၂၇-၈-၂၀၁၈ ရက်မှစပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ တက်ရောက်ခွင်‌့ရသူများ စာရင်းကို ၂၉-၁၀-၂၀၁၈ ရက်နေ့တွင် ကြေညာခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆေးတက္ကသိုလ်များ ကျောင်းအပ်လက်ခံခြင်းကို ၁၉-၁၁-၂၀၁၈ ရက်နေ့မှစပြီး လက်ခံဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များအားလုံး၏ စာပေသင်ကြားခြင်း သင်တန်းအဆောက်အဦကို ၃-၁၂-၂၀၁၈ မှသာစပြီး သင်ကြားလျက်ရှိပါကြောင်း၊ ယခုလို သင်ကြားလျက်ရှိရာတွင် ကျောင်းအပ်လက်ခံသည့် နောက်ဆုံးရက်တွင် ၁၄-၁၂-၂၀၁၈ ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြသကဲ့သို့ ၁၄-၁၂-၂၀၁၈ နောက်ပိုင်း ကျောင်းအပ်နှံခွင်‌့ ရသူစာရင်းနှင်‌့ ကျောင်းအမှန် တက်ရောက်သူစာရင်းများ ပြန်လည်စိစစ်ပြီး လစ်လပ်နေရာ ကျောင်းသားများအတွက် တက္ကသိုလ်ဝင်ခွင်‌့ လမ်းညွှန်များနှင်‌့အညီ ပြန်လည်စိစစ် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာတင်အောင် (ကျောက်ဆည်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

‌ကျောင်းသားမိဘများသည် မိမိထံသို့ လက်ရှိပို့နေသည့် အခြေအနေတစ်ခုကို တင်ပြချင်ပါကြောင်း၊ ကျောင်းသား ၂၁၁ ဦး မည်သည်‌့တက္ကသိုလ်မှ ဝင်ခွင်‌့မရသည့် ကျောင်းသားများကို အဆင်‌့မြင်‌့ပညာ ဦးစီးဌာနက စီစဉ်ပေးသဖြင့် အချို့သောတက္ကသိုလ်များကို ဝါသနာမပါဘဲ အပ်ခဲ့ရသည့်သူများ ရှိသကဲ့သို့ မအပ်ဘဲ ကျန်နေသည့်သူများလည်း ရှိပါကြောင်း၊ မိန်းကလေးများအနေဖြင့် ကြည်‌့မည်ဆိုပါက ၅၁၄ မှတ်ရရှိသည်မှာ ၁၃ ဦး၊ ၅၁၃ မှတ်ရရှိသည်မှာ ၁၂ ဦးနှင့် ၅၁၂ မှတ်ရှိသည်မှာ ၁၀ ဦး၊ ၅၁၁ မှတ်ရှိသည်မှာ ၁၁ ဦး စုစုပေါင်း ၄၆ ရှိပါကြောင်း၊ ယောက်ျားလေးအနေဖြင့်ဆိုလျှင် ၅၀၄ မှတ်၊ ၅၀၃ မှတ် နှစ်မျိုးပေါင်းရင် ၁၃ ဦးရှိပါကြောင်း၊ စုစုပေါင်း မည်သည်‌့ကျောင်းမှ တက်ခွင်‌့မရသည့် ကလေးများ၏ အရေအတွက်က ၆၀ နီးပါးရှိပါကြောင်း၊ လက်ရှိအနေအထားအရ ၎င်းတို့မှာ စိတ်ထိခိုက်မှုလည်း ရှိနေသည်ကို တွေ့ရှိရသည့်အတွက် လက်ခံပေးနိုင်ခြေရှိ/မရှိနှင့် ကျန်းမာရေးနှင်‌့အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုလည်း ကျောင်းသားမိဘများ၏ ကိုယ်စား မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြင့်ထွေး

မိမိအနေဖြင့် ကျောင်းသားများကို မနစ်နာစေချင်ပါကြောင်း၊ ပထမ ၁၂၀၀ ခေါ်ထားပြီး ၁၂၀၀ + ခြောက်ရာခိုင်နှုန်းသည် အခက်အခဲဒေသ ၇၂ ယောက် ဖြစ်ပါကြောင်း၊ ၁၂၀၀ ထဲတွင် ၁၄ ရက်နေ့မှာ ကျန်သွားသည့်လူများ ဆေးကျောင်းကိုလာပြီး လျှောက်သည့်လူ ၂၀/၃၀ ရှိချင်ရှိမည်၊ ၎င်းကို လက်ခံမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း လက်ခံမည်ဆိုလျှင် ပညာရေးဝန်ကြီးဌာန မိမိတို့ကို ထောက်ခံချက် တစ်ခုပေးရန်လိုအပ်ပါကြောင်း၊ ထိုကျောင်းသားများသည်  မူလက ဆေးတက္ကသိုလ် သို့မဟုတ် သွားဘက်ဆိုင်ရာ တက္ကသိုလ် သို့မဟုတ် နှီးနွှယ်တက္ကသိုလ်တွင် မလျှောက်သော်ငြားလည်း အဆိုပါ ကျောင်းသားများကို စဉ်းစားပေးပါဆိုပြီး ၎င်းတို့အမှတ်စာရင်းအရ အားလုံးကို ယူသွားမည် ၅၀ ဖြစ်ပါကြောင်း၊ သို့သော် ပညာရေးဝန်ကြီးဌာနက မိမိတို့ကို သတ်မှတ်ချက်ပေးလျှင် လက်ခံပါမည်။ ဆေးတက္ကသိုလ်ကို မူလကမလျှောက်ဘဲ ယခုမှလျှောက်ပြီး လက်ခံရသလားဆိုခြင်းမျိုး ရှိပါကြောင်း၊ မိမိအနေဖြင့် ၁၂၀၀ ပြည့်အောင် လုံးဝယူပါမည် ကျောင်းသားများကိုလည်း လုံးဝမနစ်နာ စေချင်ပါကြောင်းဖြင့် ရှင်းလင်းဖြေကြားခဲ့ပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

မိမိတို့ ပညာရေးဝန်ကြီးဌာနနှင်‌့ ကျန်းမာရေးနှင်‌့အားကစားဝန်ကြီးဌာန ပူးပေါင်းပြီး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ထပ်မံရှင်းလင်း ဖြေကြားပါသည်။