(င)-နန်းယွန်းမြို့နယ်တွင် မြို့နယ်အားကစားကွင်းအား မည်သည်‌့ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၁၁.၁၂. ၂၀၁၈)

 

နန်းယွန်းမြို့ပေါ်တွင် မြို့ပေါ်သုံးရပ်ကွက်ရှိပြီး လူဦးရေအားဖြင့် ၉၀၀၀ ကျော်ဝန်းကျင်သာ မှီတင်းနေထိုင် ကြသော်လည်း မြို့နယ်တစ်ခုလုံးတွင် ကျောင်းသား/သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်မနေနိုင်သည့် လူငယ်/လူရွယ် အများအပြားရှိနေသည်ကို တွေ့ရှိရပါကြောင်း၊  ပြင်ပရှိ လူငယ်များသည် အလုပ်အကိုင်အခွင့်အလမ်း မရှိသည့်အခါ အရက်၊ ခေါင်ရည်သောက်စား၊ မူးယစ် ဆေးဝါးများ သုံးစွဲပြီး ပျက်စီးနေသည်ကို မြင်တွေ့ရသည်မှာ စိတ်မကောင်း ဖြစ်မိပါကြောင်း၊ ရံဖန်ရံခါ ပြုလုပ်သည့် အားကစားအစီအစဉ်မျိုးတွင် လမ်းဘေးရောက်ရှိနေသော လူငယ်များသည် စိတ်အားထက်သန်စွာဖြင့် အားကစားအခန်းကဏ္ဍတွင် ထဲထဲဝင်ဝင်လာရောက် ပါဝင်နေသည်ကိုလည်း မြင်တွေ့နေကြရပါကြောင်း၊

ထို့ကြောင့် အားကစားအခန်းကဏ္ဍသည် ကျောင်းသား/သူများနှင့် လူငယ်/လူရွယ်များ၊ လူကြီးများ အတွက်ပါ ကိုယ်ခန္ဓာကြံ့ခိုင် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိတ်ဓာတ်ရေးရာ ဖွံ့ဖြိုးတိုးတက်လာနိုင် စေရေးအတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော အန္တရာယ်မှကင်းဝေးစေရန်အတွက် အကောင်းဆုံး စွဲဆောင်မှုတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့မြို့နယ်အတွက် မြို့နယ်အားကစားကွင်းကို အမြန်ဆုံးအကောင်အထည်ဖော် ပေးရန်အတွက် လိုအပ်လျက်ရှိနေပါကြောင်း၊ မိမိတို့မြို့နယ်တွင် မြို့နယ်အားကစားတာဝန်ခံကို ခန့်ထားပေးပြီး ဖြစ်သကဲ့သို့ မြို့နယ်အားကစားကွင်း ဖောက်လုပ်ရန် သတ်မှတ်မြေနေရာ၊ မြေအသုံးပြုခွင့်များကိုလည်း ရရှိပြီးဖြစ်သည့်အတွက် နန်းယွန်းမြို့နယ် အားကစားကွင်းကို မည်သည်‌့ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် အားကစားမှူးနေအိမ်နှင့် ရုံးခန်းကို အရင်တည်ဆောက်ရပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း ၃၉.၉၈၄ သန်း ပါဝင်သော အဆိုပါလုပ်ငန်းကိုလည်း စတင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုအားကစားကွင်း၏ Location သည် မည်သည့်နေရာတွင်ရှိသည်မှာ အရေးကြီးပါကြောင်း၊ လတ်တလော လျာထားသည်မှာ ငါးဧကရှိပြီး သစ်တောကြိုးဝိုင်းထဲတွင် ပါရှိနေပါကြောင်း၊ အကယ်၍သာ ၎င်းနေရာသာရှိပြီး တည်ဆောက်ရမည် ဆိုပါက သစ်တောဝန်ကြီးနှင့် ဝန်ကြီးချင်းတိုက်ရိုက်ဆက်သွယ်ပြီး အမြန်ဆုံး လုပ်ဆောင်စေရန် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ သို့သော်လည်း မြို့နှင့် အတော်ကွာဝေးသည့် နေရာတွင် ဆောက်လုပ်မည်ဆိုပါက မည်သူမျှသွားရောက် မကစားပါကြောင်း၊ မြို့ထဲတွင်ရရှိနိုင်ပါက အကောင်းဆုံး ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးနှင့် သက်ဆိုင်ရာအစိုးရပံ့ပိုးပြီး နေရာကောင်းကောင်း ရှာပေးပါက ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် လုပ်ဆောင်မည် ဖြစ်ပါကြောင်း၊ သစ်တောကြိုးဝိုင်းကို စတင်လုပ်နေပြီ ဖြစ်ပါကြောင်း၊ အကယ်၍ ရရှိမည်ဆိုပါက အထူးသဖြင့် နာဂ၊ နန်းယွန်း၊ လဟယ်ဒေသကို ဦးစားပေးလုပ်ဆောင်ပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောကြားသည့်အတိုင်း ဆေးခြောက်ရှု၊ ဆေးသုံး၊ HIV Insect နှင့် ပတ်သက်သည့်ကိစ္စများ မဖြစ်စေရန် အားကစားလုပ်မှ ဆေးခြောက်ရှု၊ ဆေးသုံး၊ HIV Insect မဖြစ်သည့်အတွက် မိမိဦးစားပေးလုပ်ဆောင်မည် ဖြစ်ပါကြောင်း၊ အကယ်၍ ၎င်းမြေပိုင်ကို ရရှိပါက လုပ်ငန်းစဉ်နှစ်ခု စဉ်းစားထားပါကြောင်း၊ တစ်ခုက ငွေကြေးရှိပါက မီတာ ၄၀၀ တွင် ပြေးလမ်းမပါသော ဘောလုံးကွင်း ကိုက် ၁၂၀၊ ၈၀ ပေနှင့် တည်ဆောက်ပါက ခန့်မှန်းငွေသည်အနည်းဆုံး သိန်းတစ်ထောင်ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ မီတာ ၄၀၀ ပြေးလမ်းပါဝင်ပါက အနည်းဆုံး သိန်းတစ်ထောင့်ငါးရာခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ အမှန်အတိုင်း ပြောရပါက ပေးနိုင်ပါကြောင်း၊ မိမိတို့ ကျန်းမာရေးမှအားကစားကို လွှဲပေးခြင်းရှိနေပါကြောင်း၊ နောင်နှစ်တွင်လည်း မိမိတို့ ယခုကဲ့သို့ ဆောင်ရွက်ရန် အစီအစဉ်ရှိသည့်အတွက် မြေရရှိရန်အဓိက ဖြစ်နေပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးအနေဖြင့် မြေရရှိရန်အတွက် ကိုယ်ဖိရင်ဖိလုပ်ဆောင်ပေးပါရန် မေတ္တာရပ်ခံပါကြောင်း၊ ရရှိပါက စစ်ကိုင်းတိုင်းဒေသကြီး၏ ဘဏ္ဍာငွေဖြစ်ဖြစ်၊ ပြည်ထောင်စုတွင်ဖြစ်ဖြစ် ၂၀၁၉-၂၀ ခုနှစ်တွင် မိမိတို့ ထည်‌့သွင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။